ကန်တော်ကြီးထဲက ဈေးသင့်တဲ့ မော်လမြိုင် ဘူးသီးကြော်ဆိုင်

မော်လမြိုင် အကြော်စုံ။ မျိုးဆက်/မြန်မာတိုင်း(မ်)မော်လမြိုင် အကြော်စုံ။ မျိုးဆက်/မြန်မာတိုင်း(မ်)

ကန်တော်ကြီးထဲက စားသောက်ဆိုင်တွေကို လူတော်တော်များများလည်း သိကြသလို
သွားပြီးတော့လည်း စားဖူးကြမှာပါ။

ပြီးတဲ့အခါ အဲဒီကဆိုင်တွေမှာ ပေးရတဲ့ ဈေးနှုန်းက မသေးလှတာကိုလည်း သွားစားဖူးကြတဲ့သူတိုင်း
သိကြမှာပါ။

ဒီလိုတွေ သိထားပြီးသားအချက်တွေ ရှိနေပေမဲ့လည်း စာဖတ်သူတွေအတွက် ၀မ်းသာစရာ
သတင်းကောင်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ဘာဖြစ်လို့ ၀မ်းသာစရာသတင်းလို့ ပြောရသလဲဆိုရင်တော့ စာရေးသူရဲ့အတွေ့အကြုံကို အခြေခံပြီး
ရှင်းပြချင်ပါတယ်။

တစ်ခါတလေ ပန်းခြံထဲမှာ သွားပြီးစားသောက်ချင်တဲ့အခါ အပေါ်မှာပြောခဲ့သလိုပဲ အဲဒီက
စားသောက်ဆိုင်တွေက ဈေးသက်သာတဲ့အမျိုးအစားထဲမှာ မပါတဲ့အပြင် နောက်တစ်ချက်က
ဝင်ကြေးကလည်း တစ်ယောက်ကို ကျပ် ၃၀၀ ပေးရသေးတဲ့အခါ နှစ်ခါနာတယ်လို့ တွေးမိပြီး
ကပ်စေးနှဲစာရေးသူမှာ ခံစားချက်က မကောင်းတော့ပါဘူး။

ဒါပေမဲ့ အဲဒီပန်ခြံထဲက စားသောက်ဆိုင်လေး တစ်ဆိုင်အကြောင်းကို စာရေးသူ သိလိုက်ရပြီး
နောက်တစ်နေ့မှာပဲ တကူးတကကို သွားစားဖြစ်ခဲ့ပါတယ်။

ဘာတွေကများ ဆွဲဆောင်နိုင်လို့လဲလို့ မေးရင်တော့ တစ်ချက်က အဲဒီဆိုင်က မော်လမြိုင်ဘူးသီးကြော်
အရမ်းကောင်းတယ်ဆိုတာရယ်၊ နောက်တစ်ချက်က ဈေးသက်သာတယ်ဆိုတာရယ်ပါပဲ။

ပြီးတော့ စာရေးသူက အကြော်ဆို အရမ်းကြိုက်ပါတယ်။ ဆိုင်နာမည်ကတော့ ခပ်ရှင်းရှင်းပါပဲ။
'မြန်မာ' မုန့်ဆိုင်တဲ့။ နာမည်နဲ့ လိုက်အောင်ပဲ မြန်မာအစားအစာတွေကိုပဲ ရောင်းတာပါ။
မွန်စာတွေ၊ ရခိုင်စာတွေ၊ ဗမာစာတွေအစုံပါပဲ။ အမယ်(အမည်) တော်တော် များများကတော့
အသုပ်တွေပါ။

ဒါပေမဲ့ ဒီဆိုင်ရဲ့ ရေပန်းအစားဆုံး အစားအစာကတော့ မော်လမြိုင်စတိုင် အကြော်စုံပါပဲ။
ဒီတော့ အချဉ်ရည်ကလည်း ပဲမှုန့်လေးနဲ့ ဖျော်တာပေါ့။

မော်လမြိုင် ဘူးသီးကြော်ဆိုင်။ မျိုးဆက်/မြန်မာတိုင်း(မ်)မော်လမြိုင် ဘူးသီးကြော်ဆိုင်။ မျိုးဆက်/မြန်မာတိုင်း(မ်)

အကြော်ရဲ့ဆွဲဆောင်မှုကြောင့် ရောက်သွားတဲ့ စာရေးသူနဲ့ သူငယ်ချင်းတို့ဟာ မီနူးစာအုပ်ကို
မကြည့်ခင်မှာပဲ အကြော်စုံ (ကျပ် ၁,၀၀၀) တစ်ပွဲကို မှာလိုက် ပြီးပါပြီ။

သွားတာက နေ့လယ်စာစားချိန်ဆိုတော့ ထမင်းနဲ့စားမှ ၀မ်းအေးပြီး ဗိုက်တင်းမှာမို့ ထမင်းဖြူ
(ကျပ် ၄၀၀) တစ်ပွဲရယ်၊ ပြီးတော့ သူနဲ့တွဲစားဖို့ ငါးနီတူသုပ် (ကျပ် ၁,၀၀၀) တစ်ပွဲကိုလည်း
မှာလိုက်ပါတယ်။

ပြီးတော့ ထူးခြားတာမျိုးကို မြည်းကြည့်ချင်တာနဲ့ စပါးလင်ထမင်း (ကျပ် ၁,၀၀၀)ကို
မှာလိုက်ပြန်ပါတယ်။

နောက်တော့ မီနူးအောက်ဆုံးက ငါးဟင်းထုပ် (ကျပ် ၅၀၀)လေးကိုလည်း မြင်လိုက်ပြီး စားချင်တာနဲ့
မှာလိုက်ပါတယ်။

ဈေးသက်သာတဲ့ ဆိုင်မို့လည်း ခုလိုမျိုး စိတ်ဝင်စားတဲ့ အမည်တိုင်းကို မှာစားနိုင်တာပါ။

ပြီးတော့ အပူထဲကနေ လာရတာဆိုတော့ ပါးစပ်က အေးတာလေးကို တောင့်တတဲ့အတွက်
ကျောက်ကျော၊ ပင်ပွား၊ ဆေးကုလားမ သုံးမျိုးစပ် (တစ်ခွက် ကျပ် ၁,၀၀၀) နှစ်ခွက်
မှာလိုက်ပြန်ပါတယ်။

စားချင်တာတွေကို အားပါးတရ မှာလိုက်ပြီးတော့မှ ဆိုင်ဝန်းကျင်ကို လှည့်ကြည့်အားပါတော့တယ်။

ဆိုင်နေရာက အပင်ကြီးတွေအောက်မှာမို့ အရိပ်ရပြီး အေးနေတာပါပဲ။ တချို့စားပွဲဝိုင်းတွေကို
ဘန်ဂလိုတဲလေးတွေလို အမိုးတွေ မိုးထားပေးပြီး စာရေးသူတို့ကတော့ အမိုးမပါဘဲ သစ်ပင်ကြီးတွေ
အောက်က ခုံပုလေးတွေမှာ ထိုင်ကြတာပါ။

သစ်ရိပ်အောက်မှာ ထိုင်ရတာက သာသာယာယာ ရှိပေမဲ့ အဆင်မပြေတဲ့ တစ်ချက်ကတော့
အပေါ်က သစ်ကိုင်းလေးတွေနဲ့ သစ်ရွက်တွေ ကျလာတတ်တာပါပဲ။ သိပ်ကံကောင်းလွန်းရင်တော့
ငှက်ချေးတွေ ခေါင်းပေါ်ကိုလည်း ကျလာနိုင်ပါတယ်။

စားပွဲပေါ်ကို အရင်ဆုံးရောက်လာတာကတော့ ကြိုပြီးပေါင်းထားပုံရတဲ့ ငါးဟင်းထုပ်ပါပဲ။
ငှက်ပျောရွက်ကိုဖြေပြီး ပန်းကန်ပေါ်တင်လာတဲ့ ဟင်းထုပ်ပေါ်မှာ ငရုတ်သီးကြော်ကို
တင်ပေးထားပါတယ်။

ငါးဟင်းထုပ်။ မျိုးဆက်/မြန်မာတိုင်း(မ်)ငါးဟင်းထုပ်။ မျိုးဆက်/မြန်မာတိုင်း(မ်)

စာရေးသူက အစပ်လည်းကြိုက်သူမို့ အဆင်ပြေပေမဲ့ အတူပါလာတဲ့ သူငယ်ချင်းကတော့
အစပ်လုံးဝ မစားနိုင်သူမို့ သူ့မှာ စိတ်အနှောင့်အယှက် ဖြစ်ရပါတော့တယ်။

တကယ်တော့ ငရုတ်သီးကြော်ကို ဟင်းထုပ်ပေါ်မှာ တင်ပေးတာထက် ပန်းကန်ပြားလေးနဲ့
သီးသန့်ထည့် ပေးသင့်တာပါ။

ငါးဟင်းထုပ်ရဲ့ အရသာကတော့ လျှာလည်လောက်အောင် မကောင်းပေမဲ့ စားလို့
မရလောက်အောင်လည်း မဆိုးပါဘူး။ ငါးကတော့ ပါတယ်ဆိုရုံပါပဲ။

နောက်ထပ်ရောက်လာတာကတော့ ထမင်းဖြူနဲ့ မော်လမြိုင်အကြော်စုံပါ။ အကြော်စုံကတော့
မြင်လိုက်တာနဲ့ကို သွားရည်ကျစရာပါ။ ထည့်ပေးတာလည်း မနည်းလှပါဘူး။ ပူပူနွေးနွေးလေး
စားနိုင်အောင် မှာလိုက်တော့မှ ကြော်ပေးပုံရပါတယ်။ အဲဒီအတွက် မှာပြီးတဲ့အခါ အချိန်ခဏတော့
စောင့်ရပါတယ်။

စားခဲ့ရတဲ့ အာလူးကြော်၊ ဘူးသီးကြော်၊ ပဲပင်ပေါက်ကြော်နဲ့ ပြောင်းဖူးကြော်အားလုံး
အရမ်းစားကောင်းတယ်လို့ အတူပါလာတဲ့သူငယ်ချင်းက မှတ်ချက်ပေးပါတယ်။ စာရေးသူကလည်း
ထောက်ခံပါတယ်။

ဒါပေမဲ့ ပဲပင်ပေါက်ကြော်ကိုတော့ တခြားအကြော်တွေထက် စာရင် သိပ်မကြိုက်လှပါဘူး။
ဒါကြောင့် နောက်ထပ် အကြော်စုံတစ်ပွဲ ထပ်မှာတဲ့အခါ ပဲပင်ပေါက်ကြော်အစား ဘူးသီးကြော်
ပိုထည့်ခိုင်းခဲ့ပါတယ်။

အကြော်မြည်းနေတုန်း ငါးနီတူထမင်းသုပ်၊ စပါးလင်ထမင်းသုပ်နဲ့ သုံးမျိုးစပ်အအေးတို့
ရောက်လာပါတယ်။

ငါးနီတူသုပ်။ မျိုးဆက်/မြန်မာတိုင်း(မ်)ငါးနီတူသုပ်။ မျိုးဆက်/မြန်မာတိုင်း(မ်)

ငါးနီတူသုပ်ကို ကိုယ့်အိမ်မှာရော၊ ဆိုင်တော်တော်များမှာပါ စားဖူးပေမဲ့ ဒီဆိုင်က လက်ရာလေးက
အချဉ်လေးပိုကဲပြီး တော်တော်လေး စားကောင်းပါတယ်။

သုံးမျိုးစပ်အအေးကတော့ တခြားဆိုင်တွေမှာ သောက်နေကျသလိုပါပဲ၊ ဘာမှ အထူးပြောစရာ
မရှိပါဘူး။

ဒီမှာ ပြောစရာကျန်တဲ့ စပါးလင်ထမင်းကတော့ နောက်ဆုံးမှ မြည်းရပေမဲ့ ဇွန်းကို လက်က မချစတမ်း
စားဖြစ်ခဲ့တဲ့ အမည်ပါပဲ။ 'စပါးလင်ထမင်း'လို့ ခေါ်တာမို့ စပါးလင်ဖတ်တွေနဲ့ နယ်ဖတ်ပြီး
ရောက်လာမယ်လို့ တွေးထားပေမဲ့ တကယ်တမ်းရောက်လာတော့ အထင်နဲ့အမြင်
လုံးဝ ကွဲသွားပါတယ်။

သူ့ကို အနီးစပ်ဆုံးပြောရရင် ငါးထမင်းနယ်လိုပါပဲ။ စပါးလင်ထည့်ပြီး ချက်ထားတဲ့ ငါးမွှေရယ်၊
ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း၊ မြေပဲ၊ ပုစွန်ခြောက်တို့နဲ့ ထမင်းကို အစပ်အဟပ်တည့်အောင်
ရောသုပ်ထားတာပါ။ ထမင်းသုပ်အနံ့လေးက မွှေးနေသလို အရသာကလည်း ချဉ်စပ်လေးပါ။

ဒီဆိုင်မှာ သုံးတဲ့ ငရုတ်သီးနဲ့ ပတ်သက်လို့ သဘောကျမိတဲ့ အချက်က ငရုတ်သီးစိမ်းအပွတောင့်
တွေကို သုံးတာမို့ ငရုတ်သီးနံ့သင်းသင်းလေးနဲ့ စားရပေမဲ့ အရမ်းကြီးလည်း စပ်မနေပါဘူး။

ခေါက်ဆွဲသုပ်၊ ခရမ်းချဉ်သီးသုပ်၊ ရုံးပတီသီးသုပ်လို အသုပ်တွေအစုံအလင်နဲ့ မုန့်ဟင်းခါး၊
ရခိုင်မုန့်တီတို့လို အမည်တွေလည်း ဒီဆိုင်မှာ ရနိုင်ပါတယ်။

အအေးဆိုရင်လည်း အသီးဖျော်ရည်၊ ပုလင်းတွေ၊ ဘူးတွေအပြင် ရေခဲသုပ်၊ ဖာလူဒါတို့လည်း
ရနိုင်ပါတယ်။

ဈေးနှုန်းက ကျပ် ၃၀၀ ကနေ အများဆုံးမှ ကျပ် ၁,၅၀၀ လောက်အထိပဲရှိပါတယ်။

သူငယ်ချင်း အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့ အုပ်စုလိုက် ထိုင်ပြီး အမည်များများ
ထိုင်စားလို့ကောင်းတဲ့ ဆိုင်ပါပဲ။

ဝန်ဆောင်မှုကောင်းကောင်းရဖို့ကိုတော့ ဒီဆိုင်ကနေ သိပ်အများကြီး မမျှော်လင့်ပါနဲ့လို့ပဲ ပြောပါရစေ။

ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပြီး ဆိုင်နေရာအတိအကျကို ညွှန်ရရင်တော့
နတ်မောက်လမ်းနဲ့ ကျိုက္ကဆံလမ်းဆုံဘက် အပေါက်က၀င်ရင် ပထမဆုံးတွေ့ရတဲ့ ဆိုင်ပါပဲ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။