ကလောမြို့က ကော်ဖီဆိုင်လေး

Café Kalaw ဆိုင်ရှင် ကိုစောဝဏ္ဏ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)Café Kalaw ဆိုင်ရှင် ကိုစောဝဏ္ဏ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်တော့ စားသောက်ဆိုင်ကဏ္ဍအတွက် ရန်ကုန်က ဆိုင်မဟုတ်ဘဲ တောင်ပေါ်
ကလောမြို့လေးဆီ စာရေးသူ ခရီးထွက်စဉ်က အကြိုက်တွေ့ခဲ့တဲ့ ကော်ဖီဆိုင်လေးအကြောင်းကို
ပြန်ပြီးဝေမျှပေးမှာပါ။

သွားခဲ့တာကတော့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပါ။ အမှန်တော့ အဲဒီခရီးစဉ်က အလုပ်နဲ့ မဟုတ်ဘဲ
အေးအေးဆေးဆေး အနားယူချင်တာကြောင့် အအေးဓာတ် လက်ကျန်ရှိနေသေးတဲ့ မြို့ကလေးကို
ရွေးပြီး သွားဖြစ်ခဲ့တာပါ။

ဒီတော့ ခရီးစဉ်တစ်ပတ်တာလုံးမှာ တစ်မြို့လုံးမှာ ရှိတဲ့ဆိုင်တွေမှာ လှည့်ပတ်စားသောက်လိုက်၊
စာအုပ်ဖတ်လိုက်၊ ဘုရားတွေဖူးလိုက်၊ ရှုခင်းတွေ ပတ်ကြည့်လိုက်၊ မောလာတဲ့အခါ ဟိုတယ်ပြန်
အနားယူလိုက်နဲ့ အတော့်ကို ဇိမ်ကျခဲ့တာပါ။

အခုဝေမျှပေးမယ့် ကော်ဖီဆိုင်လေးကတော့ ကလောမှာနေခဲ့စဉ်တစ်လျှောက် သဘောအကျဆုံးမို့
တစ်ကြိမ်ထက်မက သွားဖြစ်ခဲ့တဲ့ ဆိုင်လေးပါပဲ။

ဆိုင်ကလေးရဲ့ အမည်က Café Kalaw တဲ့။ ဒီဆိုင်ရဲ့ စာရေးသူကို အဓိက ဆွဲဆောင်တဲ့အချက်က
ဆိုင်နေရာက ကုန်းမြင့်လေးပေါ်မှာ ရှိနေတာမို့ တောင်တွေကြားက ကလောမြို့ရဲ့ရှုခင်းကို ခံစားရင်း
သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ကော်ဖီနဲ့ စားစရာတွေကို ရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

ဆိုင်ပိုင်ရှင် ကိုစောဝဏ္ဏက အရင်က သင်္ဘောသား တစ်ယောက်ဖြစ်ပြီး အေးအေးချမ်းချမ်း
အခြေချနေထိုင်ချင်တဲ့အတွက် သူ့စိတ်တိုင်းကျ ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်လာဖို့ ဆိုင်အပြင်အဆင်ကအစ
သေချာပြင်ဆင်ပြီး ကော်ဖီကောင်းကောင်းသောက်သူတွေ အကြိုက်တွေ့စေမယ့်
သဘာဝကော်ဖီစစ်စစ်ကို ပေးနိုင်မယ့် ဒီဆိုင်ကို ဖွင့်ခဲ့တာလို့ ဆိုပါတယ်။

ဒီဆိုင်မှာရောင်းတဲ့ ကော်ဖီကို ကလောဒေသမှာပဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားတဲ့ သူ့အပိုင်
ကော်ဖီခင်းထဲကနေရတဲ့ ကော်ဖီစေ့တွေကို ကိုယ်တိုင် အခွံချွတ်စက်နဲ့ အခွံချွတ်၊ အမှုန့်ဖြစ်အောင်
ကြိတ်ပြီး သဘာဝကော်ဖီစစ်စစ်ကို ရောင်းပေးတာပါ။

အစားအသောက်ကတော့ အနောက်တိုင်းစတိုင် ပေါ့ပေါ့ပါးပါးမျိုးတွေကိုသာ ရနိုင်ပြီး ထည့်သွင်း
အသုံးပြုတဲ့ ဆလတ်ရွက်၊ ခရမ်းချဉ်သီးတွေစတဲ့ အမည်တွေကို ဓာတုပစ္စည်းမသုံးဘဲ ခြံဝင်းအတွင်းမှာ
စိုက်ပျိုးထားတာဖြစ်ပါတယ်။

ဆိုင်အပြင်အဆင်ကတော့ ခြံဝင်းလေးရဲ့ထိပ်မှာ "CAFÉ KALAW" ဆိုတဲ့ ဆိုင်းဘုတ်စိုက်ထားပြီး
တစ်ဖက်ခြမ်းမှာတော့ "Welcome To Coffee Country" ခေါင်းစဉ် တပ်ထားပြီး အောက်မှာတော့
"Kalaw is a coffee producing district. We roast our organic coffee here. Enjoy Freshly
roast coffee. Enjoy Fresh ground coffee." လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို စိုက်ထူထားပါတယ်။

ပန်းပင်တွေ၊ စိုက်ခင်းတွေရှိတဲ့ ခြံထဲမှာ အေးအေးဆေးဆေး ထိုင်ချင်သူတွေအတွက် ထီးမိုးထားတဲ့
စားပွဲဝိုင်း နှစ်ဝိုင်းချထားတာတွေ့ရပါတယ်။

နှစ်ထပ်အိမ်ထဲမှာ ဖွင့်ထားတဲ့ ဆိုင်ထဲကို ၀င်သွားရင်တော့ ၀င်ဝင်ချင်းမှာ အပေါ်ကိုတက်တဲ့
သစ်သားလှေကားငယ်ကို တွေ့ရပါလိမ့်မယ်။

အပေါ်ထပ်မှာ စားပွဲဝိုင်းတွေခင်းထားပြီး ၀ရန်တာမှာ ချထားတဲ့ စားပွဲဝိုင်းလေးကိုတော့ ဧည့်သည်တွေ
အကြိုက်ဆုံး ဖြစ်ကြမှာပါ။

ဆိုင်အတွင်း အပေါ်ထပ် ၀ရန်တာကနေ လှမ်းမြင်ရတဲ့ ကလောမြို့ရှုခင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)ဆိုင်အတွင်း အပေါ်ထပ် ၀ရန်တာကနေ လှမ်းမြင်ရတဲ့ ကလောမြို့ရှုခင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

အဲဒီစားပွဲဝိုင်းကနေ ကလောမြို့ရဲ့ရှုခင်းကို လှမ်းမြင်ရတာမို့ စာရေးသူကိုယ်တိုင်လည်း ဒီစားပွဲဝိုင်းမှာ
ထိုင်ရတာ တော်တော်လေး သဘောကျခဲ့ပါတယ်။

ရာသီဥတု အေးအေးလေးကိုခံစားရင်း ကော်ဖီစေ့ကို ချက်ချင်းကြိတ်ပြီး ဖျော်ပေးတဲ့ လတ်ဆတ်မွှေးပျံ့တဲ့
သဘာဝကော်ဖီ စစ်စစ်တစ်ခွက်ကို သောက်ရတဲ့ အချိန်ဟာ ကော်ဖီချစ်သူ စာရေးသူအတွက်တော့
လောကနိဗ္ဗာန်အလားပါပဲ။

အောက်ထပ်မှာတော့ ကော်ဖီဖျော်စက်တွေနဲ့ ကော်ဖီခွက်တွေ ခင်းကျင်းပြီး အလှဆင်ထားတဲ့
ဘားကောင်တာလို ခပ်မြင့်မြင့်စားပွဲတစ်ခု ရှိပါတယ်။

ဒီစားပွဲမှာထိုင်ရင် ကော်ဖီဖျော်တာ၊ မုန့်လုပ်တာတွေကို မြင်နေရပါတယ်။ ကော်ဖီအဓိကထားတဲ့ ဆိုင်မို့
Mocha, Macchiato, Latte, Cappucino, Espresso, Americano, Black Coffee စတဲ့
ကော်ဖီမျိုးစုံကို အပူအအေးရ နိုင်ပါတယ်။ ဈေးနှုန်းကလည်း Espresso, Americano ကော်ဖီတွေက
ကျပ် ၁,၀၀၀ နဲ့ ကျန်တဲ့ကော်ဖီတွေက ကျပ် ၁,၅၀၀ မို့ သောက်ပျော်တဲ့ ဈေးနှုန်းလို့ပဲ ပြောရပါမယ်။

မြို့ကြီးတွေကဈေးထက် အများကြီး သက်သာပေမဲ့ အရသာကတော့ မြို့က ဆိုင်ကောင်းတွေကို
မီပါတယ်။ မုန့်ကတော့ အမည်သိပ်များများစားစား မရှိပါဘူး။ ကိတ်မုန့် လေးမျိုးလောက်ရှိပြီး 
Egg Toast, Poached Egg On Toast, Omelette Cheese Sandwich တွေအပါအ၀င်
အမည်ခုနစ်မျိုးလောက်ပဲ ရပါတယ်။ ဈေးနှုန်းက ကျပ် ၁,၀၀၀ နဲ့ ၁,၅၀၀ ပါပဲ။

စာရေးသူကတော့ ကော်ဖီကို Latte မှာပြီး အတူပါလာတဲ့ အမေက Cappucino မှာလိုက်ပြီး
စားစရာကိုတော့ Cheese Cake နဲ့ Omelette Cheese Sandwich ကို မှာလိုက်ပါတယ်။

ကော်ဖီကတော့ ကောင်းတယ်ဆိုတာကို အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ။ စားစရာတွေကလည်း
ပေးရတဲ့ ဈေးနှုန်းထက်ကို ကျော်လွန်ပြီး သူ့အတိုင်းအတာလေးနဲ့သူ အရသာရှိပါတယ်။ ပြောရရင်
အစားအသောက်ရော၊ ကော်ဖီပါ စိတ်ကျေနပ်စရာကောင်းပြီး ဆိုင်ထဲမှာထားတဲ့ အမှိုက်ပုံးကအစ
အစို၊ အခြောက် သေချာခွဲထားတာ အိမ်သာကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်နေအောင်
ပြင်ဆင်ထားတာတွေကလည်း ဒီကော်ဖီဆိုင်လေးရဲ့ ဆွဲဆောင်မှုတွေပါပဲ။

ဒါပေမဲ့ တစ်ဆိုင်လုံးမှာ ဆိုင်ရှင်တစ်ယောက်တည်းကပဲ ကော်ဖီဖျော်တာရော အစားအသောက်
လုပ်တာပါ တစ်ဦးတည်း လုပ်တာဖြစ်တဲ့အတွက် မှာထားတာတွေ ရဖို့အတွက် နည်းနည်းလေးတော့
စောင့်ရပါတယ်။

ကော်ဖီဆိုင်ကို မျက်နှာစာမှ တွေ့ရစဉ်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)ကော်ဖီဆိုင်ကို မျက်နှာစာမှ တွေ့ရစဉ်။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ကော်ဖီဆိုင်ထဲမှာပဲ ကော်ဖီစေ့လှော်တဲ့ အခန်းလေးလည်းရှိတာမို့ လေ့လာချင်တယ်ဆိုရင်
ကော်ဖီစေ့အစိမ်းကနေ အခွံချွတ်ပြီး လှော်ပြီးသားကော်ဖီစေ့ မွှေးမွှေးလေးတွေ ဘယ်လိုထွက်လာသလဲ
ဆိုတာလည်း လေ့လာလို့ ရပါသေးတယ်။

သဘာဝကော်ဖီစစ်စစ်ကို ချက်ချင်းလှော် ချက်ချင်းကြိတ်ပေးတဲ့ ကော်ဖီမှုန့်စစ်စစ် တစ်ထုပ်ကိုလည်း
ကျပ် ၆,၀၀၀ နဲ့ ရောင်းချပေးတာမို့ ကော်ဖီစစ်စစ်ကြိုက်တဲ့ စာရေးသူကတော့ တစ်ထုပ်
ဝယ်ခဲ့ပါသေးတယ်။

ဒီဆိုင်က လွန်ခဲ့တဲ့ ခုနစ်လလောက်ကမှ စဖွင့်ခဲ့တာဖြစ်ပြီး လာစားကြတဲ့ စားသုံးသူတွေကတော့
လတ်တလောမှာ ပြည်တွင်းကထက် နိုင်ငံခြားသားတွေ များတယ်လို့ ဆိုင်ရှင် ကိုစောဝဏ္ဏက
ပြောပါတယ်။

စာဖတ်သူတွေလည်း ကလောမြို့ကို ရောက်လို့ သဘာဝကော်ဖီစစ်စစ်မွှေးမွှေးလေးကို
သောက်ချင်တယ်ဆိုရင်တော့ အေးချမ်းပြီး ချစ်စရာကောင်းတဲ့ Café Kalaw ကို သွားနိုင်ပါတယ်။

လိပ်စာက ၉ ရပ်ကွက်၊ နှီးဘုရားလမ်းပေါ်မှာပါ။ ဒေသခံတွေတိုင်း ဒီဆိုင်လေးကို သိကြပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၈ နာရီခွဲ ကနေ ည ၈ နာရီခွဲအထိပါ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။