Monday, April 24, 2017

ဗေဒါရီရဲ့ ဟင်းလျာ (ဖော့ဖူး၊ စယို ဆန်လှော်ဟင်းရည်)

ဒီတစ်ပတ်တော့ ဗေဒါရီက ဖော့ဖူး၊ စယို ဆန်လှော်ဟင်းရည် ချက်နည်းလေးကို ဝေမျှပေးသွားမှာပါ။

ရှမ်းအစားအစာတစ်မျိုးဖြစ်ပြီး ဆန်လှော်မှုန့် ထည့်ချက်ရတဲ့ ပူပူမွှေးမွှေးဟင်းရည်တစ်ခွက်ပဲ
ဖြစ်ပါတယ်။

ဟင်းချက်ဖို့ အဓိကလိုအပ်တဲ့ အမည်တွေဖြစ်တဲ့ ဖော့ဖူးနဲ့ စယိုကို တချို့ကုန်စိမ်းဆိုင်တွေမှာ
ရနိုင်သလို ဗိုလ်ချုပ်ဈေးရှေ့က ကုန်စိမ်းသည်တွေဆီမှာလည်း တွေ့နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖော့ဖူး ၂၅ ကျပ်သား
  • စယို ၁ တုံး
  • ခရမ်းသီးအကြီး ၁ လုံး
  • ကြက်သွန်နီ ၂ ဥ
  • ခရမ်းချဉ်သီး ၁ လုံး
  • ပုစွန်ခြောက်မှုန့် အနည်းငယ်
  • ငါးပိနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရှမ်းနံနံနဲ့ နံနံပင် အနည်းငယ်စီ
  • ဆီ ထမင်းစားဇွန်း တစ်ဇွန်း
  • ဆန်လှော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

ခရမ်းသီးကိုမီးဖုတ်၊ အခွံနွာပြီး နုပ်နုပ်စဉ်းထားပါ။

ဖော့ဖူးကို နုတာလေးတွေ ရွေးပြီး ဆားနဲ့နယ်ပြီး ရေဆေးထားပါ။

ကြက်သွန်နီနဲ့ ခရမ်းချဉ်းသီးကို ပါးပါးလှီးထားပါ။

စယိုကို မီးဖုတ်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အနေတော် အိုးတစ်လုံးထဲကို ရေတစ်ဝက်ခန့် ထည့်ပါ။

ရေဆူလာပြီဆိုရင် ဆီထည့် လိုက်ပါ။

မီးဖုတ်ထားတဲ့ စယိုကို အရွယ်တော်တုံးပြီး ထည့်ပါ။

လှီးချွတ်ထားတဲ့ ခရမ်းသီး၊ ဖော့ဖူး၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတို့ ထည့်ချက်ပါ။

ငါးပိကို အရည် ဖျော်ထည့်ပါ။

ပုစွန်ခြောက်မှုန့်ထည့်ပါ။

အသီးအရွက်တွေ နူးလာပြီဆိုရင် ဆန်လှော်မှုန့် ထည့်ပါ။

အရသာကို စိတ်ကြိုက်ဖြစ်ပြီဆိုရင် ငရုတ်ကောင်းမှုန့်ဖြူးပြီး ရှမ်းနံနံအုပ်ပါ။

နံနံပင်လေးပါ အုပ်ပြီးပြီဆိုရင် ဟင်းအိုးချလို့ ရပါပြီ။

ပူရှိန်းရှိန်းလေးနဲ့ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။