Monday, April 24, 2017

မျှော်လင့်ချက်နဲ့ လက်တွေ့ တခြားစီဖြစ်ခဲ့ရတဲ့ ရွာငံရှမ်းရိုးရာစားသောက်ဆိုင်

သပ်ယပ်လှပတဲ့ အပြင်အဆင်နဲ့ ရှမ်းရိုးရာစားသောက်ဆိုင် 'ရွာငံ'။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)သပ်ယပ်လှပတဲ့ အပြင်အဆင်နဲ့ ရှမ်းရိုးရာစားသောက်ဆိုင် 'ရွာငံ'။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

စနေပိတ်ရက်မို့ မိသားစုနဲ့အတူ ကန်တော်ကြီးမျှော်စင်ကျွန်းဘက် အနားယူဖို့ သွားရင်း အွန်လိုင်းမှာ
တွေ့ထားတဲ့ 'ရွာငံ' ရှမ်းရိုးရာစားသောက်ဆိုင်က တင်ထားတဲ့ ပုံလေးတွေကလည်း စားချင်စရာမို့
ညနေစာကို အဲဒီဆိုင်မှာပဲ စားကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆိုင်ရှေ့ရောက်တော့ ည ၇ နာရီ လောက်ဖြစ်ပေမဲ့ ဆိုင်ထဲမှာ ၀ိုင်းတစ်ဝိုင်းမှ လူရှိမနေတာမို့
တော်တော် အမြင်ရှင်းပါတယ်။

ဘန်ဂလို တစ်ဆောင်ချင်းစီကို လိုက်ကာ ပ၀ါအပါးလေးတွေ၊ အလှပန်းစင်လေးတွေနဲ့မို့
စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကန်တော်ကြီးကို ဖြတ်တိုက်လာတဲ့ လေအေးအေးမှာ လွင့်နေတဲ့ ဘန်ဂလိုက လိုက်ကာ
စိမ်းစိမ်းလေးတွေကလည်း ထိုင်ချင်စရာကောင်းအောင် ဆွဲဆောင်နေတာနဲ့ ထိုင်ဖြစ်သွားကြတယ်။

ဒါပေမဲ့လည်း စားသုံးသူတစ်ယောက်မှ မရှိဘူးဆိုတော့လည်း ကောင်းမှ ကောင်းပါ့မလားဆိုတဲ့
စိုးရိမ်စိတ်တော့ ဖြစ်မိတာ ၀န်ခံပါရစေ။

ဆိုင်ထဲ ၀င်ထိုင်ထိုင်ချင်းမှာ မီနူးစာရွက်လေး သုံးရွက် လာချပေးတယ်။

ကိုယ်မှာချင်တာကို သူတို့ပေးတဲ့ မီနူးမှာ အမှတ်ခြစ်ပြီး တစ်ပွဲ၊ နှစ်ပွဲကို ကိုယ့်ဘာသာရေးရတယ်။

ဈေးလေးတွေ ကြည့်လိုက်တော့လည်း တော်တော်များများ ဟင်းပွဲတွေက ၂,၀၀၀၊ ၂,၅၀၀၊ ၃,၀၀၀၊
အများဆုံးဈေးကမှ ကျပ် ၅,၀၀၀ ဆိုတော့ ဒီခေတ်အနေနဲ့ဆိုရင် ဈေးနှုန်းကတော့ တော်တော်မဆိုးဘူး
ပြောရမယ်ဆို ကျေနပ်သွားမိတယ်။

ရှမ်းဆိုင်ဆိုတော့ ရှမ်းစာကြိုက်တဲ့ ကိုယ်တွေက ဟိုစပ်စပ် ဒီစပ်စပ်မှာကြတယ်။ ဈေးလေးတွေကလည်း
အတန်အသင့်ဖြစ်တာကိုး။

ငါးထမင်းနယ်ကတော့ ကိုယ့်အကြိုက်ဆိုတော့ ရှမ်းဆိုင်ရောက်တိုင်း စားနေကျ မပါမဖြစ်
ငါးထမင်းနယ် မှာလိုက်တယ်။ ငါးထမင်းနယ်က တစ်ပွဲ ကို ၂,၀၀၀ ကျပ်ပါ။

ရွာငံဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ စားချင်စရာဖြစ်နေတဲ့ ငါးပေါင်းထုပ်တစ်ပွဲ ကျပ် ၂,၀၀၀ နဲ့
ငှက်ပျောဖူးဟင်းထုပ် တစ်ပွဲ ကျပ် ၂,၀၀၀ ကိုလည်း တစ်ပွဲစီမှာလိုက်တယ်။

ကြက်အရေခွံကြော်တစ်ပွဲ ကျပ် ၃,၀၀၀၊ အာလူးထောင်း ကျပ်၂,၀၀၀ နဲ့ အရည်သောက်အနေနဲ့
ကြက်ခြေထောက် ချဉ်စပ်ဟင်းရည် ကျပ် ၂,၅၀၀ ဆိုပြီး ထပ်မှာပါတယ်။

ပုံလေးတွေ ကြည့်ထားတော့ လာချတဲ့အခါ စားကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက် အပြည့်နဲ့ပေါ့။
တကယ်လာချတဲ့အခါ ကျွန်မမျှော်လင့်ခဲ့တဲ့ အထင်နဲ့ လက်တွေ့က အတော်လေး
ကွာနေပါတော့တယ်။

ငါးပေါင်းထုပ်နဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကတော့ ကျွန်မစိတ်ထဲ မတွေ့ဆုံးပါပဲ။
ငါးပေါင်းထုပ်ကလည်း ဆိုင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ထင်ထားသလို စားချင်စဖွယ်မဟုတ်ဘဲ ငါးလေးနှစ်တုံးနဲ့
အပြင်အဆင်ကလည်း မလှမပဖြစ်တဲ့အပြင် အနံ့ကလည်း မွှေးပျံ့မနေပါဘူး။ အရသာကလည်း
ခံတွင်းနဲ့ တော်တော်လေး မအပ်စပ်ဘူးလို့ပြောရပါမယ်။

ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကို ကြည့်လိုက်ပြန်တော့ ယမ်ယမ်ခေါက်ဆွဲထဲမှာ
ကြက်ခြေထောက် နှစ်ချောင်း ထည့်ပြုတ်ထားတဲ့ ချဉ်စပ်ဟင်းရည် ဖြစ်နေတယ်။ အရသာကတော့
သိပ်မဆိုးဘဲ သောက်လို့ အဆင်ပြေပေမဲ့ ခေါက်ဆွဲဖတ်တွေ ထည့်ပြုတ်ထားတာကတော့
မလိုက်ဖက်ဘူးလို့ မြင်မိပါတယ်။

ရှမ်းဆိုင်တိုင်းလိုလို တစ်ဆိုင်နဲ့ တစ်ဆိုင် အရသာကွာခြားမှု သိပ်မရှိလှတဲ့ ငါးထမင်းနယ်ကလည်း
ရွာငံဆိုင်မှာ စားလို့ တော်တော်လေး အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ငါးဖတ်လေး ဘာလေးလည်း
မပါသလို ငါးအရသာလည်း လုံးဝမပါဘူး။

ပထမလာချတဲ့ သုံးပွဲမှာတင် ကျွန်မမျှော်လင့်တဲ့ ပုံစံမဟုတ်တဲ့အတွက် စိတ်တောင် ပျက်မိပါတယ်။

ဒါပေမဲ့ ဆိုင်ဝန်ထမ်းလေး နောက်ထပ် လာချပေးတဲ့ ငှက်ပျောဖူးဟင်းထုပ်နဲ့ ကြက်အရေခွံကြော်
ကတော့ အလွန်ကို စားကောင်းနေပြန်ပါတယ်။ ငှက်ပျောဖူးဟင်းထုပ်ကလည်း ဆိမ့်ဆိမ့်လေးနဲ့
စားကောင်းသလို ကြက်အရေခွံကြော်ကလည်း ကြွပ်ကြွပ်လေးနဲ့ အရသာလည်း အနေတော်ပဲ။

အာလူးထောင်းကလည်း စပ်စပ်လေးနဲ့ သံပရာသီးညှစ်လိုက်တဲ့အခါ ချဉ်ချဉ်စပ်စပ်လေးဖြစ်သွားပြီး
စားရတာ သိပ်မဆိုးပါဘူး။ ဒါပေမဲ့ အာလူးထောင်းလည်း ခပ်စေးစေးနဲ့ အိပြီးဆိမ့်နေတာလိုမျိုးတော့
မဟုတ်ပါဘူး။

စားလို့ အကောင်းဆုံးကတော့ သူတို့ဆိုင်က ငရုတ်သီးကြော်ပါ။ ငရုတ်သီးကြော်ကတော့
တခြားဆိုင်တွေနဲ့ မတူဘဲ ရွရွလေးနဲ့ မွှေးပြီးစားကောင်းပါတယ်။

'ရွာငံ'မှာ ကိုယ်မှာစားတာတွေအပြင် ရှမ်းစာတွေ ဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ ဆန်စေး၊ ဆန်အဖွယ်၊
တိုဟူးနွေး တောင်ကြီးချဉ်ငံစပ်၊ တိုဟူးသုပ်၊ တိုဟူးကြော်၊ သစ်သီးသုပ်၊ သင်္ဘောသီးထောင်း၊
ဆေးဘဲဥပြောင်းဖူးထောင်း၊ ပုံးရည်ကြီးထမင်းသုပ်နဲ့ ကြက်ကြော်၊ ကြက်ဥကြော် မြေပဲဆီထမင်း
ကြက်ကြော်၊ ပြည်ကြီးငါးသုပ်၊ ပုစွန်တန်ပူရာကြော်၊ ငါးချိုချဉ်ကြော်လို အစားအစာတွေလည်း
ရပါတယ်။

စားစရာတွေရဲ့ တစ်မျိုးချင်းစီ ဈေးနှုန်းကလည်း ကျပ် ၁,၅၀၀ ကနေ ကျပ် ၅,၀၀၀ အတွင်းပါပဲ။

သောက်စရာအနေနဲ့တော့ သံပရာ၊ ဖရဲသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ ထောပတ်သီး၊
စတော်ဘယ်ရီ၊ ပန်းသီးနဲ့ နဂါးမောက်သီးလို သစ်သီးဖျော်ရည်တွေလည်း ရသလို ဆန်းကစ်၊
ကိုကာကိုလာနဲ့ ကျွဲရိုင်းတို့လို သံဘူးတွေလည်း ရပါတယ်။ အအေးကတော့ ကျပ် ၁,၀၀၀ ကနေ
ကျပ် ၂,၀၀၀ ကျပ် အတွင်းပါ။

ကော်ဖီသောက်ချင်သူတွေအတွက်တော့ ကော်ဖီအပူက ကျပ် ၅၀၀ နဲ့ ကော်ဖီအေးက ကျပ် ၁,၀၀၀ပါ။

ဆိုင်ဝန်ထမ်းတွေရဲ့ ၀န်ဆောင်မှုပေးတဲ့ အပိုင်းက လျှော့ပေါ့လွန်းတယ်လို့ ခံစားရပါတယ်။ စာရေးသူ
ဝင်ဝင်ချင်းမှာ လူတစ်ဝိုင်းမှ မရှိပေမဲ့ ထိုင်ပြီးနောက်မှာ နောက်ထပ် နှစ်ဝိုင်း ထပ်ဝင်လာတာဆိုတော့
စုစုပေါင်းမှ ဆိုင်တစ်ဆိုင်လုံးမှာ ၀ိုင်း သုံးဝိုင်းပဲ ရှိပါတယ်။

ဒါပေမဲ့ တစ်ခုခုမှာချင်ရင် စားပွဲထိုးဝန်ထမ်းကို အချိန်ပေးပြီး ခေါ်ယူရတယ်။ နောက်ပြီး ပိုက်ဆံရှင်းတဲ့
အချိန်မှာ ဈေးနှုန်းတွေ မှားတွက်ထားပြန်ပါတယ်။ ဘေလ်ပြန်မစစ်တဲ့ သူဆိုရင်တော့ သိလောက်မှာ
မဟုတ်ပေမဲ့ ကျွန်မတို့ကတော့ ဘေလ်ပြန်စစ်တတ်တဲ့ အကျင့်ရှိတာမို့ သတိထားမိသွားတယ်။
ဝန်ထမ်းက မှားတွက်တာဖြစ်တဲ့အတွက် သေချာလာပြီး ပြန်ရှင်းပြပါတယ်။

'ရွာငံ' ဆိုင်က အစားအသောက်တွေက အရမ်းကြီးကောင်းတဲ့အထဲ မပါပေမဲ့ သူရောင်းတဲ့ ဈေးနှုန်းနဲ့
ဆိုရင်တော့ သင့်တင့်တယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဆိုင်အပြင်အဆင်နဲ့ ဖေ့စ်ဘွတ်ခ်မှာ
တက်လာတဲ့ ဟင်းပွဲတွေကြည့်ပြီး ကိုယ်မျှော်လင့်ထားသလောက် စားမကောင်းခဲ့တာတော့ အမှန်ပါ။

ရန်ကုန်က ရှမ်းရိုးရာဆိုင်တွေထဲမှာ နာမည်ကြီးတဲ့ ဆိုင်တွေလည်း များသလို နာမည်မကြီးပေမဲ့
အရသာစားကောင်းတဲ့ ဆိုင်တွေလည်း အများကြီးရှိတာမို့ ဒီလိုပြိုင်ဆိုင်မှုတွေ အများကြီးကြားမှာ
ကြာရှည် ရပ်တည်မယ်ဆိုရင်တော့ စားသောက်ဆိုင်ဖြစ်တဲ့အတွက် အရသာနဲ့ ၀န်ဆောင်မှုကို
အဓိက ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။

စာဖတ်သူတွေလည်း ရွာငံစားသောက်ဆိုင်ကို စိတ်ဝင်စားလို့ သွားပြီး မြည်းစမ်း ကြည့်ချင်တယ်
ဆိုရင်တော့ ရွာငံရှမ်းရိုးရာစားသောက်ဆိုင်က ကန်တော်ကြီး မျှော်စင်ကျွန်းထဲမှာ ရှိပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။