မတူညီတဲ့ ပေါင်မုန့်တွေရဲ့ အရသာကို တစ်နေရာတည်းမှာ ခံစားလို့ရမယ့် ပေါင်မုန့်ဆိုင်အသစ်

Bread Talk ပေါင်မုန့်နှင့် ကိတ်မုန့်ဆိုင်မှ စားဖွယ်ရာအချို့။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)Bread Talk ပေါင်မုန့်နှင့် ကိတ်မုန့်ဆိုင်မှ စားဖွယ်ရာအချို့။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ပြီးခဲ့တဲ့ သီတင်းပတ်က ဖွင့်လှစ်ခဲ့တဲ့ Junction City ဈေးဝယ်နဲ့ ရုံးခန်းစင်တာကို လူတွေ စိတ်ဝင်စားမှု
များသလို အဲဒီမှာလာဖွင့်မယ့် စင်ကာပူနိုင်ငံက နာမည်ကျော် Bread Talk ဆိုင်ကလည်း
မဖွင့်ခင်ကတည်းက ဆိုရှယ်မီဒီယာ စာမျက်နှာတွေကနေတစ်ဆင့် လူစိတ်ဝင်စားမှုကို အပြည့်အဝ
ရယူထားနိုင်ခဲ့ပါတယ်။

တကယ်တမ်းမှာလည်း Bread Talk စဖွင့်တဲ့ ပထမဆုံးနေ့မှာတင် လူတန်းရှည်ကြီးဖြစ်အောင်
တန်းစီပြီးကို စားနေကြတာမို့ အရသာ ဘယ်လိုများနေသလဲလို့ စိတ်ဝင်စားမိတာအမှန်ပါ။

ကော်ဖီဆိုင် ယဉ်ကျေးမှုခေတ်စားလာပြီး ကော်ဖီဆိုင်တွေ ထိုင်လာကြပေမဲ့ ပေါင်မုန့်ဆိုင်သီးသန့်
အနေနဲ့တော့ မြန်မာနိုင်ငံမှာ ဒီလောက် တန်းစီစားကြဖို့အတွက် စိတ်ဝင်စားမှု သိပ်မရှိကြပါဘူးလို့
စာရေးသူက ခန့်မှန်းခဲ့တာပါ။

ဒါပေမဲ့ စင်ကာပူက ပထမဆုံး လာဖွင့်မယ့် ဆိုင်ခွဲဖြစ်တဲ့အပြင် အရသာက နာမည်ကျော်နေတာမို့
မြည်းစမ်း ကြည့်ချင်တာကြောင့် ဆိုင်မှာ လူများနေတာ ဖြစ်နိုင်ပါတယ်။

နောက် တစ်ချက်ကတော့ ခေတ်ရေစီးကြောင်းအရ ခေတ်မီအောင် လိုက်ထိုင်ချင်ကြတာကြောင့်
Bread Talk ဆိုင် ဖွင့်ဖွင့်ချင်းမှာ လူတွေတန်းစီစားရတဲ့အထိ ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေကြောင့်များ ဒီလောက် ရေပန်းစားနေရသလဲလို့ ကိုယ်တိုင်
အပြေးအလွှားပဲ ပေါင်မုန့်ဆိုင်ရှေ့ ရောက်ခဲ့ပါတော့တယ်။

Junction City ဖွင့်ပွဲနေ့မတိုင်ခင်မှာ စဖွင့်ပြီး စားဖို့ လူတွေ တန်းစီစောင့်ရတဲ့ ဒီပေါင်မုန့်ဆိုင်က
စင်တာ ဖွင့်ပွဲနေ့မှာလည်း ငွေရှင်းမယ့်နေရာမှာ တန်းစီပြီးစောင့်နေ ရပြန်ပါတယ်။

ပေါင်မုန့်အရသာတွေ အစုံသိရအောင်လို့ ဆိုင်မှာရောင်းတဲ့ ပေါင်မုန့်တော်တော်များများရော၊
ကိတ်မုန့်တွေပါ မှာစားကြည့်မှဖြစ်မှာမို့ အချိန်ယူပြီး သေချာလိုက်ရွေးချယ်လိုက်ပါတယ်။

အပြင်ပန်းမှာ နေကြာစေ့၊ ဖရုံစေ့တွေကပ်ထားတဲ့ Sunflower ပေါင်မုန့်ကတော့ ပေါင်မုန့်အရသာ
ဆိမ့်ဆိမ့်လေးမှာ နေကြာစေ့၊ ဖရုံစေ့ရဲ့ အနံ့နဲ့ အရသာပေါင်းထားတဲ့အတွက် ပိုဆိမ့်ပြီး စားလို့
ပိုကောင်းပါတယ်။

Curry Naan ကတော့ ပေါင်မုန့်အလုံးမဟုတ်ဘဲ ဂျုံအပြားလိုက်ထဲမှာ ကြက်သားဟင်းထည့်ပြီး
အပေါ်က ဂျုံကို ပြန်ခေါက်ပြီး ဖုတ်ထားတာပါ။ အလယ်က ကြက်သားဟင်းရဲ့အနှစ်နဲ့ ပေါင်မုန့်ရဲ့
နူးညံ့တဲ့အရသာနဲ့ ရောစပ်ပြီးစားရတဲ့အတွက် လေးလေးပင်ပင် စားချင်သူတွေတော့ အကြိုက်တွေ့မှာ
သေချာပါတယ်။ ကြက်သားဟင်းကို ပေါင်မုန့် တို့စားလေ့ရှိတဲ့ အတိုင်းပေါ့။

မြန်မာနိုင်ငံက ပေါင်မုန့်ဆိုင်တော်တော်များများမှာ ရနေပြီး ဒီက လူတွေ ခံတွင်းတွေ့ကြတဲ့
ကြက်သားမျှင် ပေါင်မုန့် Floss ကတော့ ပေါင်မုန့်ပေါ်မှာ ချိစ်နဲ့ ကြက်သားမျှင်လေးတွေနဲ့
ဖြူးထားတာဖြစ်ပြီး Bread Talk မှာ အချိုအရသာနဲ့ အစပ်အရသာ နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

အစပ်အရသာက အလွန်စပ်နေတာမျိုးမဟုတ်ဘဲ မြန်မာတွေ ပါးစပ်နဲ့ဆို ပိုပြီးအရသာတွေ့မယ်လို့
ထင်ပါတယ်။

အချိုကြိုက်သူတွေကတော့ စပျစ်သီးတွေအများကြီးပါတဲ့ Pillow Raisin ကို ကြိုက်မှာပါ။

တကယ်လို့ ကိုယ်တိုင်က ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တွဲစားချင်တာဖြစ်ဖြစ်၊ ထောပတ်နဲ့ယို
ကိုယ်တိုင်သုတ်စားချင်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာအဆာပလာမှမပါတဲ့ ပေါင်မုန့်အရသာ
သက်သက်စားချင်သူတွေကတော့ ပေါင်မုန့်အလွတ်ဖြစ်တဲ့ Mini Baguette ကို ရွေးချယ်နိုင်ပါတယ်။
Mini Baguette ကို စားတဲ့အချိန်မှာ တခြားပေါင်မုန့်တွေနဲ့ မတူဘဲ ပေါင်မုန့်သားရဲ့ နူးညံ့ကောင်းမွန်တဲ့
အရသာကို ခံစားရစေပါတယ်။

ပေါင်မုန့်တွေက စားလို့လည်း ကောင်းသလို ဈေးနှုန်းကလည်း ကျပ် ၈၀၀ ကနေ
ကျပ် ၁,၂၀၀ ၀န်းကျင်မို့ လူတန်းစားမရွေး ၀ယ်စားနိုင်တာမို့ ဈေးတန်တယ်လို့ ပြောလို့ရပါမယ်။

ရန်ကုန်မှာ တခြား ပေါင်မုန့်ဆိုင်တွေမှာလည်း ဒီလောက်ဈေးနဲ့ပဲ ရောင်းနေပေမဲ့ ပေါင်မုန့်ရဲ့
အရသာကတော့ သိသိသာသာ ကွာခြားနေတယ်လို့ စာရေးသူကတော့ ခံစားမိပါတယ်။

Bread Talk ဆိုင်မှာ ပေါင်မုန့်အပြင် ကိတ်မျိုးစုံလည်း ရနိုင်ပါသေးတယ်။ စတော်ဘယ်ရီ၊
စပျစ်သီးတွေကို ချောကလက်နဲ့ ရောစပ်အလှဆင်ထားတဲ့ Macha Blush နဲ့ Chantilly
ကိတ်အသေးလေးတွေကတော့ ခပ်သေးသေး လေးထောင့်တုံးတစ်ခုကို ၂,၇၅၀ ကျပ်ပါ။

စားလိုက်တဲ့အခါ ကိတ်သားက နူးညံ့ပြီး ကိတ်မှာပါတဲ့ ခရင်မ်တွေကလည်း အချို ပြင်းပြင်း၊
အီလည်လည် ရှတတဖြစ်နေတာမျိုး မရှိဘူး။

ကိတ်မုန့်သားရဲ့ အရသာဆိမ့်ဆိမ့်၊ အပေါ်က ခရင်မ်အရသာနဲ့ အပေါ်ဆုံးကအသီးတွေရဲ့
အရသာရယ် ပေါင်းထားတဲ့အတွက် အစပ်အဟပ်မျှတနေပါတယ်။

ဒါပေမဲ့ အဲဒီကိတ်မုန့်တွေထက် စာရေးသူ အကြိုက်ပိုတွေ့ခဲ့တာကတော့ ဘဲဥပုံ ချိစ်ကိတ်ပါပဲ။
မွှေးနေတဲ့ နာမည်ကျော် ချိစ်ကိတ်က စားလိုက်တဲ့အခါ ခံတွင်းထဲမှာပဲ ပျော်ကျသွားတော့မလို
နူးညံ့နေတဲ့အပြင် ချိစ်အရသာဖြစ်နေတဲ့အတွက် ပိုပြီးပြည့်စုံတယ်လို့ ခံစားရစေပါတယ်။
ချိစ်ကိတ်ကတော့ ဘဲဥပုံ တစ်လုံးကို ကျပ် ၈,၀၀၀ ပါ။

ကော်ဖီကို အဓိကထားရောင်းတဲ့ ကော်ဖီဆိုင်မဟုတ်ပေမဲ့ Bread Talk ဆိုင်က ကော်ဖီကလည်း
အဆင်တပြေကို သောက်လို့ကောင်းနေပါတယ်။

ကိုယ်တိုင်က ကော်ဖီချစ်သူမို့ မသောက်မဖြစ် Cappuccino တစ်ခွက် မှာလိုက်ပေမဲ့ ကော်ဖီ
အဓိကထားရောင်းတာ မဟုတ်ဘဲ ပေါင်မုန့်ဆိုင်မို့လို့ ကောင်းလိမ့်မယ်လို့တော့
သိပ်မျှော်လင့်မထားပါဘူး။

ဒါပေမဲ့ ကော်ဖီသောက်ကြည့်လိုက်တဲ့ အချိန်မှာ ကော်ဖီရဲ့ အရသာက မျှော်လင့်ထားတာထက်
ပိုကောင်းနေတယ်။

နောက်ထပ် သဘောကျမိတာကတော့ GT Cranberry Tea ပါပဲ။ သူက ရေနွေးကြမ်းပါ။
ရေနွေးကြမ်းဆိုပေမဲ့ သောက်ရတာက မွှေးပြီး လက်ဖက်ခြောက် အရသာကလည်း သောက်လို့
ကောင်းနေတယ်။

GT Cranberry Tea က ပန်းရောင်စက္ကူဘူးသေးသေးလေးထဲမှာ လက်ဖက်ခြောက်ထုပ်လေး
ထည့်ထားတဲ့ တစ်ခါသုံး ရယ်ဒီမိတ်လက်ဖက်ခြောက်ကို သုံးတာပါပဲ။ လက်ဖက်ခြောက်
တစ်ယောက်သောက်စာ လက်ဖက်ခြောက်တစ်ထုပ်ကို စက္ကူဘူးလေးနဲ့ သေချာထုပ်ထားတာမျိုးပါ။
အရသာလည်းကောင်းပေမဲ့ ရေနွေးကြမ်းအနေနဲ့ တစ်ခွက်ကို ကျပ် ၁,၈၀၀ ဆိုတော့ ဈေးတော့
နည်းနည်းကြီးတယ်လို့ ပြောရပါလိမ့်မယ်။

တကယ်လို့များ ကိုယ်တိုင်လည်း Bread Talk က ပေါင်မုန့်တွေရဲ့ အရသာကို မြည်းစမ်းကြည့်ချင်တယ်
ဆိုရင်တော့ ဗိုလ်ချုပ်လမ်းပေါ်က အသစ်ဖွင့်ထားတဲ့ Junction City ရဲ့ အောက်ဆုံးထပ်မှာပဲ
ရှိနေတာမို့ အလွယ်တကူ သွားရောက်နိုင်ကြောင်း သတင်းပါးလိုက်ပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။