Monday, April 24, 2017

မန္တလေးမြီးရှည်စစ်စစ် ရနိုင်မယ့် စာရေးဆရာ အတ္တကျော်ရဲ့ အိပ်ထီနိုင်းဆိုင်လေး

အဆာပလာများများနဲ့ မန္တလေးမြီးရှည်။ မျိုးဆက်/မြန်မာတိုင်း(မ်)အဆာပလာများများနဲ့ မန္တလေးမြီးရှည်။ မျိုးဆက်/မြန်မာတိုင်း(မ်)

မန္တလေးမရောက်ဖြစ်တာ ကြာသွားတော့ မန္တလေးသွားခဲ့တုန်းက စားခဲ့သမျှ အရသာစွဲမက်ဖွယ်
အစားအသောက်တွေ ဘယ်လိုအရသာဆိုတာ အလုပ်တွေပိနေတဲ့ စာရေးသူ ဦးနှောက်ထဲ
အစပြန်ဖော်လို့ မရတော့ပါဘူး။

မန္တလေး က ကိုယ့်အကြိုက် အစားအသောက်တွေထဲမှာ မန္တလေးမြီးရှည်ကတော့ ထိပ်ဆုံးစာရင်းထဲ
ထည့်ထားပါတယ်။

ရန်ကုန်မှာ မန္တလေးမြီးရှည်ရတဲ့ဆိုင်ဆိုတာ ခပ်ရှားရှားပါ။ တကူးတကသွားစားဖို့ကလည်း မိသားစုနဲ့
အတူတူ သွားမှ စားဖြစ်တာမျိုးဆိုတော့ ကိုယ်တွေအနီးနားမှာ ဆိုင်ကောင်းကောင်းလေးရှိရင်
သိပ်ကောင်းမှာပဲလို့ မျှော်လင့်နေတုန်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ မန္တလေးမြီးရှည် စစ်စစ်ရတဲ့
ဆိုင်လေးတစ်ဆိုင်အကြောင်း အစ်မ၀မ်းကွဲ ညွှန်းတာနဲ့ သင်္ကြန်ပိတ်ရက်မတိုင်ခင်က
သွားစားဖြစ်ခဲ့ပါတယ်။

ဆိုင်နာမည်ကတော့ 89 Mandalay Mee Shay ဖြစ်ပြီး ဖွင့်ထားတဲ့ ပိုင်ရှင်က
စာရေးဆရာ အတ္တကျော် ဖြစ်နေပါတယ်။

ဆိုင်ကလည်း သူ့အိမ်ခြံဝင်းထဲမှာ ဖွင့်ထားတော့ အိမ်ဆိုင်လေးတစ်ဆိုင်ပေါ့။ ဆိုင်လေးက
ဘောက်ထော် ဓမ္မာရုံလမ်းဆိုတော့ မြို့ထဲဘက်က လာရင်ဖြစ်ဖြစ်၊ တခြားမြို့နယ်တွေက လာတာပဲ
ဖြစ်ဖြစ် ကားလမ်းသိပ်မပိတ်ဘဲ အဆင်ပြေမှာပါ။ ဆိုင်သက်တမ်းကတော့ ဖေဖော်ဝါရီလကဆိုတော့
နှစ်လကျော်ပဲ ရှိပါသေးတယ်။

ဒါပေမဲ့ မန္တလေးမြီးရှည်ပရိသတ်တွေကြားမှာ ဆိုင်သတင်းပျံ့နေပြီဆိုကတည်းက အရသာကို
မျှော်လင့်ချက်ကြီးကြီး ထားမိတာပါပဲ။

တစ်ပတ်မှာ စနေ တနင်္ဂနွေ နှစ်ရက်ပဲ ဖွင့်တာကြောင့် စာရေးသူကတော့ တနင်္ဂနွေမနက်ပိုင်းမှာ
သွားစားဖြစ်ခဲ့ပါတယ်။

ဓမ္မာရုံလမ်းမှာ ခြံတံခါးဖွင့်ထားပြီး တဲအနီအပြာလေးတွေ ထိုးထားတဲ့အိမ် အဲဒီတစ်အိမ်ပဲရှိလို့
ရှာရတာတော့ မခက်ပါဘူး။

ဆိုင်က မနက် ၈ နာရီကနေ နေ့လယ် ၂ နာရီ အထိဖွင့်တော့ စာရေးသူက သိပ်လည်း
မစောချင်တဲ့အတွက် ၉ နာရီလောက် အရောက်သွားခဲ့ပါတယ်။

ဆိုင်ထဲ ကြည့်လိုက်တော့ လူအပြည့်ဖြစ်နေတဲ့ စားပွဲဝိုင်းလေး ခုနစ်ဝိုင်းနဲ့ စားပွဲဝိုင်းစောင့်နေသူနဲ့
ပါဆယ်ဝယ်နေတဲ့ သူတွေကတော့ တိုကင်စက္ကူလေးတွေ ကိုင်ထားရင်း စောင့်နေပါတယ်။

စာရေးသူလည်း စောင့်ရတော့မယ် မှန်းသိသိနဲ့ပဲ ၀င်သွားလိုက်ပါတယ်။ မကြာပါဘူး။ အော်ဒါတွေ
လိုက်မှတ်တဲ့ အစ်မကြီးက တိုကင်စာရွက်လေး လာပေးပါတယ်။ ရည်ရည်မွန်မွန်ပါပဲ။
ကျန်တဲ့လူတွေနဲ့ စားပွဲထိုးလေးတွေလည်း ဟိုသည်ပြေးရင်း အလုပ်ရှုပ်နေပါတယ်။

ဆိုင်ပိုင်ရှင် ဆရာအတ္တကျော်ကတော့ ခေါင်းမဖော်တမ်း မြီးရှည်ပန်းကန်တွေကို ကိုယ်တိုင်
အဆာပလာ အစပ်အဟပ်တွေ ထည့်နေတာ လှမ်းတွေ့ရပါတယ်။ ထိုင်စောင့်နေတုန်းပဲ တိုကင်ပေးတဲ့
အစ်မကြီးပဲ အော်ဒါလာပေးပါတယ်။

မနက်စာအဖြစ် စာရေးသူက မန္တလေးမြီးရှည် (၀က်)ပွဲသေး (ကျပ် ၂,၀၀၀)၊ ပဲပြုတ်ထမင်း နဲ့
အမဲခြောက်မွဆီဆမ်း (ကျပ် ၁,၅၀၀)နဲ့ လီမွန်တီးအအေး တစ်ခွက် (ကျပ် ၁,၀၀၀)ပဲ မှာလိုက်ပါတယ်။

အကြာကြီး မဟုတ်ပေမဲ့ ထိုင်ခုံရဖို့ တော်တော်စောင့်လိုက်ရပါတယ်။ ဒါတောင် ဆိုင်ဖွင့်ဖွင့်ချင်း
မနက်ခင်းဆို လူပိုကျပ်တတ်တာမို့ အဲဒီအချိန်ကွက်တိ ရောက်သွားတဲ့ စာရေးသူ ကံလို့ပဲ ဆိုရမှာပေါ့။
ထိုင်ခုံရပြီးတော့ မကြာပါဘူး။ မှာထားသမျှ တစ်ခုပြီး တစ်ခု ရောက်လာပါတယ်။

အရင်ဆုံး ရောက်လာတာက လီမွန်တီးအအေး။ စာရေးသူအကြိုက် အဖုံးနဲ့ လက်ကိုင် ကိုင်းပါတဲ့
ခွက်လေးနဲ့ အပြင်အဆင်ကို မြင်လိုက်ရင်ပဲ သပ်သပ်ရပ်ရပ်လေးမို့ ကျေနပ်သွားပါတယ်။ အမြင်ပဲ
မဟုတ်ပါဘူး။ အထဲက လီမွန်တီးအရသာကလည်း စာရေးသူ သောက်ခဲ့ဖူးပြီး ကြိုက်နှစ်သက်ခဲ့တဲ့
လီမွန်တီးအအေးတွေထက် မညံ့ပါဘူး။

သောက်စရာတွေက ကော်ဖီကြမ်း၊ မလိုင်ကော်ဖီဆိမ့်ဆိမ့်၊ မလိုင်လက်ဖက်ရည်၊ Kande စမ်း ရေသန့်၊
သဘာဝရေသန့်နဲ့ Twinings Tea တို့လည်း ရနိုင်ပါတယ်။

နောက်ထပ်ရောက်လာတာက ပဲပြုတ်ထမင်းနဲ့ အမဲခြောက်မွဆီဆမ်းပါ။ ပဲပြုတ်ထမင်းကို ပန်းကန်ထဲမှာ
ပုစွန်ခြောက်ကြော်ရွရွလေးနဲ့ ဆိုင်မှာ ကိုယ်တိုင်တည်ထားတဲ့ ပဲတီချဉ်လေး ၀န်းရံပြီး အသေအချာ
ပြင်ဆင်ထားတာကို သဘောတွေ့မိပါတယ်။ တစ်ပွဲ ကျပ် ၁,၅၀၀ ဆိုလို့ အမဲ ခြောက်မွနည်းနည်းပဲ
ပါမယ်ထင်ခဲ့ပေမဲ့ ပေးရတာနဲ့ တန်အောင် များများလေး ထည့်ထားပေးပါတယ်။ ပဲပြုတ် ထမင်းရော
အမဲခြောက်မွမှာရော ဆမ်းထားပေးတာက မြင်းခြံပဲဆီစစ်စစ်လို့ သိရပြီး တကယ်ကို မွှေးပြီး
အရသာ ရှိနေပါတယ်။

ပဲတီချဉ်ကြိုက်လို့ သုံးဇွန်းလောက်နဲ့ ကုန်သွားပေမဲ့ စားပွဲမှာလိုသလို စားလို့ရအောင် ချပေးထားတဲ့
သီးစုံအချဉ်ကလည်း ပဲပြုတ်ထမင်းနဲ့ လိုက်ဖက်လှပါတယ်။ ပဲပြုတ်ထမင်းတင်မဟုတ်ဘဲ
ထမင်းဆီဆမ်းကိုလည်း အမဲခြောက်အပြင် ငါးရံ့ခြောက်မွနဲ့ ၀က်အူချောင်းတို့နဲ့လည်း ရနိုင်ပါတယ်။
ပြီးတော့ ပဲပြုတ်၊ နှမ်းထောင်းနဲ့ မြင်းခြံပဲဆီစစ်စစ်ဆမ်းပြီး နယ်ထားတဲ့ ကောက်ညှင်း ငချိပ်ပေါင်းလည်း
ရနိုင်ပါသေးတယ်။

ဆိုင်ရဲ့ အဓိကဖြစ်တဲ့ မန္တလေးမြီးရှည်ကတော့ ပဲပြုတ် ထမင်းတစ်ဝက်အကျိုးမှာပဲ ရောက်လာတော့
ပဲပြုတ်ထမင်းပန်းကန် တစ်ဖက်ရွှေ့ပြီး ချက်ချင်းကို မွှေနှောက် မြည်းစမ်းကြည့်လိုက်ပါတယ်။

ပါးစပ်ထားခံတွင်းတွေ့ပေမဲ့ တစ်ခုလိုနေသလို ဖြစ်နေပါတယ်။ ပြန်စဉ်းစားမှ ဆိုင်မှာက အချိုမှုန့်
လုံးဝမသုံးပါဘူး။ ဒါပေမဲ့ စားသုံးသူအကြိုက် အချိုမှုန့်နဲ့မှဆိုလည်း ဆိုင်ကထည့်ပေးပါတယ်။
အဲဒီအချက်လေးကိုတော့ သဘောကျမိပါတယ်။ အချိုမှုန့်မပါတာကတော့ ၀က်သားပြုတ်ရည်ဟင်းချိုကို
မှာသောက် ကြည့်တာနဲ့ ထည့်မထားမှန်းသိပါတယ်။

နောက် မြီးရှည်ထဲက ၀က်စအုကြော်ရွရွလေးတွေကလည်း မြီးရှည်ကို ပြည့်စုံသွားစေတဲ့အချက်ပါ။
အသားကတော့ အကြာကြီး ပြုတ်ထားတာကြောင့် နူးနေပါတယ်။ ၀က်သားကို အဆီ အခေါက်
မကြိုက်သူတွေက အသားချည်းနဲ့ပဲ လုပ်ပေးဖို့ ပြောလို့ရပါတယ်။ ၀၀လင်လင် စားချင်သူတွေ
အတွက်ကတော့ ကျပ် ၃,၀၀၀ တန် ပွဲကြီးအပြင် ၀က်သား မစားသူတွေအတွက် အထူးလုပ်ထားတဲ့
ကျပ် ၃,၀၀၀ ပေးရတဲ့ ဘဲသားနဲ့ (ပွဲသေးပဲရသည်) မန္တလေးမြီးရှည်ကိုလည်း မှာစားနိုင်ပါတယ်။

ကလေးတွေအတွက် အထူးအနေနဲ့ ဒိန်ခဲဝက်သားပြားညှပ် အထက်မီး အောက်မီး ပေါင်မုန့်လည်း
ရနိုင်ပါတယ်။ အဲဒါကတော့ ၁၂ နှစ်အောက် ကလေးတွေကိုပဲ သီးသန့် ရောင်းပေးတာပါ။

ဆိုင်ကတော့ အိမ်ဆိုင်လိုဖြစ်တဲ့အတွက် အကျယ်ကြီး မဟုတ်ပါဘူး။ တစ်နိုင်လေးလုပ်တာကြောင့်
လူကျချိန်ဆို စောင့်ရပါတယ်။ အဲဒီတော့ စောင့်နိုင်မှ စားဖို့ကိုလည်း အကြံပေးချင်ပါတယ်။
၂ နာရီအထိဆိုပေမဲ့ ၁၂ နာရီဝန်းကျင်မှာလည်း ကုန်ရင်ကုန်သွားတတ်တာကြောင့် စောသွားဖို့လည်း
အကြံပြုချင်ပါတယ်။

စာရေးသူ သဘောကျမိတဲ့ အချက်တွေကတော့ သန့်ရှင်းမှုရှိတယ်။ အချိုမှုန့် မသုံးတဲ့အတွက်
ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ မန္တလေးမြီးရှည်စစ်စစ်ကို ရန်ကုန်မှာ ကိုယ့်အိမ်နဲ့အနီးနားမှာ
ရတဲ့အတွက် ကျေနပ်မိတယ်။ နောက်အချိန်ရရင်လည်း မိသားစုကိုပါ ခေါ်ပြီး သွားစား ဖြစ်ဦးမှာပါ။

လိပ်စာကတော့ အမှတ် ၁ (၈)၊ ဓမ္မာရုံလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်မှာပါ။ စနေနဲ့ တနင်္ဂနွေ
ပိတ်ရက်တွေမှာ မနက်စာဘယ်စားရမလဲ စဉ်းစားနေတဲ့ သူတွေ မန္တလေးမြီးရှည်စစ်စစ်ကို
တောင့်တနေသူတွေ ဒီဆိုင်လေးကို သွားဖြစ်အောင် သွားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက် စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။