စမ်းချောင်းထဲက အီတာလျံဆိုင်

Cafe's Dibar မှ စားဖွယ်များ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)Cafe's Dibar မှ စားဖွယ်များ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ရာသီဥတုပူပူမှာ စားဖို့သောက်ဖို့အတွက် ဓာတ်ကျနေတာကတော့ လေအေးပေးစက်အပြည့်
တပ်ထားတဲ့ စားသောက်ဆိုင်မျိုးပါပဲ။

ဒါနဲ့ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေနေ့ရုံးပိတ်ရက်မှာ အမေနဲ့ သားအမိနှစ်ယောက် အေးအေးဆေးဆေး
နေ့လယ်စာစားနိုင်မယ့် နေရာတစ်ခု စဉ်းစားကြတဲ့အခါ အိမ်နဲ့နီး၊ အရင်ကလည်း ကော်ဖီ
သွားသောက်ဖူးတဲ့ အေးအေးလူလူရှိတဲ့ စမ်းချောင်း ပန်းခြံလမ်းထဲက Cafe's Dibar Sanchaung Bal
အီတာလျံ စားသောက်ဆိုင်ကို ရွေးချယ်လိုက်ကြပါတယ်။

ဒီဆိုင်က ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Cafe's Dibar ရဲ့ဆိုင်ခွဲတစ်ခုပါ။ စမ်းချောင်းထဲမှာဖွင့်တာ
လေးလ လောက်တော့ ရှိပါပြီ။

မိတ်ဆွေတွေနဲ့ အလုပ်ကိစ္စစကားပြောစရာရှိတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စကားပြောချင်တာဖြစ်ဖြစ်
ဒီဆိုင်လေးမှာချိန်းပြီး ကော်ဖီသောက်တာ သုံး၊ လေးကြိမ်ရှိပြီဖြစ်ပေမဲ့ အစားအစာတွေကိုတော့
ခုမှသာ ပထမဆုံးအကြိမ် မှာစားဖြစ်တာပါ။

စမ်းချောင်းလမ်းထဲမှာ စားသောက်စရာ ဆိုင်ကောင်းကောင်းတွေ တော်တော်များများရှိပေမဲ့
တည်နေရာလေးကလည်း လမ်းထောင့်ချိုးလေးမှာဖြစ်ပြီး ဆိုင်အပြင် အဆင်လေးလည်း လှသလို
အေးဆေးမှုကိုလည်း ခံစားရတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

ဆိုင်က နှစ်ထပ်ဖြစ်ပြီး အဖြူရောင်အဆောက်အအုံကို ၀င်ပေါက်နဲ့ ပြတင်းပေါက်တွေကို
အပြာရောင်ဆေး သုတ်ထားတာက ချစ်စရာမို့ ဆိုင်အပြင်က ကြည့်လိုက်တာနဲ့ ထိုင်ချင်စရာလေး
ဖြစ်နေပါတယ်။

အထဲမှာလည်း ရှေးဟောင်းတယ်လီဖုန်းလေးတွေ၊ ရေဒီယိုလေးတွေ၊ စက်ချုပ်စက်အဟောင်းစတဲ့
ပစ္စည်းတွေနဲ့ အခန်းကို ပေါ့ပေါ့ပါးပါးနဲ့ အနောက်တိုင်းဆန်ဆန် ပြင်ဆင်ထားပါတယ်။

ဆိုင်ထဲမှာ ခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းသံကလည်း ဆိုင်အပြင်အဆင်နဲ့လိုက်ဖက်ပြီး
သက်သောင့်သက်သာ ရှိစေပါတယ်။

အစားအသောက်တွေကတော့ ခေါက်ဆွဲစားချင်ရင် Spaghetti အမည်တော်တော်စုံစုံရနိုင်ပြီး
ဈေးနှုန်းကတော့ တစ်ပွဲကို ကျပ် ၅,၀၀၀ ပါ။

ပီဇာသမားတွေအတွက် လည်း အမျိုးအစားစုံရှိပြီး ဈေးနှုန်းကတော့ ပီဇာ တစ်ချပ်ကို ကျပ် ၉,၀၀၀ ပါ။

ထမင်းစားချင်ရင်တော့ Risotto အပြင် တခြားအမည်တွေလည်းရှိပြီး တခြား ပေါ့ပေါ့ပါးပါး
အီတာလျံစာတွေလည်း ရနိုင်ပါသေးတယ်။

Steak လည်း ရနိုင်ပြီး ဩစတြေးလျအမဲသားကင်နဲ့ နယူးဇီလန်သိုးသားကင်တို့ကတော့
တစ်ပွဲကို ကျပ် ၁၂,၀၀၀ ပါ။

ဝက်သားကင် (Pork Chop) ကတော့ တစ်ပွဲ ၆,၀၀၀ နဲ့ ကြက်သားကင် (Chicken diavola) က
တစ်ပွဲ ကျပ် ၅,၀၀၀ ဆိုတော့ ဈေးနှုန်းတွေက အီတာလျံ အစားအစာတွေအတွက်
သင့်တင့်မျှတတယ်လို့ ပြောလို့ရပါတယ်။

ဒါတင်မကသေးဘဲ ငါးနဲ့ တခြားပင်လယ်စာအမည်တွေလည်း ရှိပါသေးတယ်။

စာရေးသူတို့ကတော့ အီတာလျံဆိုင်ရောက်ပြီဆိုရင် မစားမဖြစ်စားလေ့ရှိတဲ့ စပါကတီခေါက်ဆွဲကို
ပင်လယ်စာ (Spaghetti Pescatora Seafood) နဲ့ မှာလိုက်ပါတယ်။

ပြီးတော့ Chicken Paella လို့ခေါ်တဲ့ ကြက်သားထမင်းကြော်တစ်ပွဲနဲ့ Pork Chop တစ်ပွဲလည်း
မှာလိုက်ပါတယ်။

ဝိုင်လည်းရှိပြီး house wine အနီပဲဖြစ်ဖြစ်၊ အဖြူပဲဖြစ်ဖြစ် တစ်ခွက်ကို ကျပ် ၄,၀၀၀ နဲ့
တည်ခင်းပေးပေမဲ့ နေ့လယ်စာမို့ Latte တစ်ခွက်နဲ့ Cappuccino တစ်ခွက် မှာလိုက်ပါတယ်။

စားခဲ့ရတဲ့ အရသာတွေကို ပြောရမယ်ဆိုရင်တော့ စပါကတီက ခရမ်းချဉ်သီးအနှစ်နဲ့ မဟုတ်ဘဲ
ဝိုင်အဖြူနဲ့ ချက်ထားတဲ့ အနှစ်နဲ့ပါ။

အနှစ်ရဲ့အရသာကို ပြောစရာမလိုအောင် သဘောတွေ့ပေမဲ့ ခေါက်ဆွဲသားကိုတော့ ကိုယ်တွေရဲ့
မြန်မာခံတွင်းမှာ နည်းနည်းလေးမာတယ်လို့ ခံစားရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ချက်တဲ့ စားဖိုမှူးကိုတော့ အပြစ်မတင်ပါဘူး။ အီတာလျံစတိုင်စစ်စစ်ဆိုရင်
ခေါက်ဆွဲတွေကို ခပ်မာမာလေးပဲ ပြုတ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်က စားနေကျခပ်အိအိ
ပုံစံလေး စားချင်တယ်ဆိုရင် မှာတဲ့အခါမှာ တစ်ခါတည်းပြောလိုက်ဖို့ အကြံပေးလိုက်ပါရစေ။

Chicken Paella ကိုတော့ ဘာမှအပြစ်ပြောစရာမရှိအောင် အမှတ်ပြည့်ပေးလိုက်ပါတယ်။
ထမင်းကို ခရမ်းချဉ်သီးအနှစ်ဆော့စ်၊ ကြက်သားတွေနိုင်းချင်းနဲ့ ကြော်ထားတာဟာ လေးလေးပင်ပင်
အရသာလေးမို့ မြန်မာခံတွင်းမှာ တော်တော်လေးအဆင်ပြေပါတယ်။

Pork Chop ကတော့ ၀က်သားကို မကျက်တကျက်ကင်ထား ပြီး ဆော့စ်အချိုရည်တွေနဲ့
လောင်းထားပါတယ်။ အာလူး ထောင်းနဲ့ တွဲစားရပြီး သူ့ကိုလည်း နှစ်သက်ပါတယ်။

အနှစ်ချုပ်ပြီးပြောရရင် ပိတ်ရက်မှာ ဃ်ေနဒျီငဘမေ မှာ သွားစားခဲ့ရတဲ့ နေ့လယ်စာတစ်နပ်ဟာ
ပြီးပြည့်စုံခဲ့ပါတယ်။

အီတာလျံစာကောင်းကောင်းလေး စားချင်တယ်၊ အေးအေးဆေးဆေးနေရာလေးမှာလည်း
ထိုင်ချင်တယ်ဆိုရင်တော့ Cafe's Dibar ကို လမ်းညွှန်ပေးလိုက်ပါပြီ။

ဆိုင်လိပ်စာကို ထပ်ပြောရမယ်ဆိုရင်တော့ အမှတ် ၁၇ (အေ)၊ ပန်းခြံလမ်း၊ စမ်းချောင်းမြို့နယ်မှာ
ရှိပါတယ်။

ကိုယ်ပိုင်ကားနဲ့ လာမယ်ဆိုရင်တော့ တစ်ခုပဲ သတိထားရမှာက ဆိုင်ဝင်းထဲမှာ ကားပါကင်တော့
မရှိပါဘူးလို့။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။