Hard Rock Cafe ရန်ကုန်ရောက်ပြီ

နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ လူသိများတဲ့ ဆိုင်တစ်ဆိုင်လည်းဖြစ်၊ Rock & Roll themed
စားသောက်ဆိုင်လည်းဖြစ်တဲ့ Hard Rock Cafe ဟာ ရန်ကုန်မြို့ကိုလည်း ရောက်ရှိလာပါပြီ။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက မြန်မာပလာဇာ လေးလွှာမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကဖေးမှာ အမေရိကန်
အစားအစာတွေဖြစ်တဲ့ ဘာဂါအမျိုးမျိုး၊ အမဲသား၊ ၀က်သားဟင်းလျာတွေနဲ့ တခြားဟင်းလျာတွေကို
မြူးကြွတဲ့ တေးဂီတတွေကိုနားဆင်ရင်း သုံးဆောင်လို့ရပါပြီ။

Hard Rock Cafe တွေတိုင်းမှာ သူ့ထုံးစံအတိုင်း ကမ္ဘာတစ်ဝန်းက ဂန္ထ၀င်အနုပညာရှင်တွေရဲ့
အမှတ်တရပစ္စည်းတွေကိုလည်း ဆိုင်ထဲမှာ စုစည်းပြသထားသလိုပဲ ရန်ကုန်က ဆိုင်မှာလည်း
The Beatles ၊ Frank Sinatra ၊ Elvis Presley နဲ့ Malcolm Young အပါအ၀င် တခြားခေတ်ပြိုင်
အနုပညာရှင်တွေဖြစ်တဲ့ Lady Gaga နဲ့ Eminem တို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို
ပြသထားပါတယ်။

ဒါ့ပြင် မြန်မာ့ဂီတအကျော်အမော်တွေ ဖြစ်တဲ့ ထူးအိမ်သင်နဲ့ ဇော်ဝင်းထွဋ်တို့ရဲ့ အသုံးအဆောင်
ပစ္စည်းတွေကိုလည်း ထည့်သွင်း ပြထားတာကိုလည်း တွေ့ရပါတယ်။

"ဒီဆိုင်က ပြည်တွင်းရော၊ ပြည်ပက လူတွေအားလုံးအတွက် မလာမဖြစ်ဆိုတဲ့ နေရာတစ်နေရာလိုမျိုး
ဖြစ်လာဖို့ မျှော်လင့်ပါတယ်"လို့ Asia Pacific Hard Rock International ရဲ့ ဒေသတွင်းဆိုင်ရာ
ဒုတိယဥက္ကဋ္ဌ Steve Yang က ပြောပါတယ်။

လူဦးရေ ၂၀၀ နီးပါးလောက် တစ်ပြိုင်နက်တည်း လာရောက်စားသုံးနိုင်တဲ့ ရန်ကုန် Hard Rock
ဆိုင်မှာ စားသောက်ရင်း အပန်းဖြေနိုင်ဖို့အတွက် Live ဖျော်ဖြေမယ့် တီးဝိုင်းစင်မြင့်တစ်ခုကိုလည်း
ထည့်သွင်းထားပါတယ်။

လိုက်ဖ်ရှိုးဖျော်ဖြေမှုကို တနင်္လာနေ့ကလွဲပြီး နေ့စဉ် ညနေ ၆ နာရီနောက်ပိုင်းမှာ တင်ဆက်သွားမှာ
ဖြစ်ပါတယ်။

ဧည့်သည်တွေအတွက် သီးသန့်သီချင်းဆိုနိုင်မယ့် အခန်းတစ်ခန်းကိုလည်း ထည့်သွင်းထားပြီး
Hard Rock Cafe တံဆိပ်ပါတဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်လေးတစ်ဆိုင်ကိုလည်း
ထည့်သွင်းထားပါသေးတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။