အ.ထ.က(၁၆) ကျောင်းဘေးက မငြိမ်းငြိမ်းရဲ့ ရာသီစာ မုန့်လက်ဆောင်း

ရင်အေးစေမယ့် မုန့်လက်ဆောင်းပွဲကို ပြင်ဆင်ထားစဉ်။ သန်းနိုင်စိုး/ မြန်မာတိုင်း(မ်)ရင်အေးစေမယ့် မုန့်လက်ဆောင်းပွဲကို ပြင်ဆင်ထားစဉ်။ သန်းနိုင်စိုး/ မြန်မာတိုင်း(မ်)

အခုလို နွေရာသီဆို မန္တလေးသူ၊ မန္တလေးသားတွေအတွက်တော့ ပျမ်းမျှအပူချိန်
၎ဝ ဒီဂရီအောက်မှာ ကျောကော့နေအောင် ခံစားနေရလို့ တချို့တွေဆို မစားနိုင်
မသောက်နိုင်ဖြစ်ကြပါတယ်။ ဒီလိုရာသီမှာ အစားအသောက်ကို ရွေးချယ်စားသောက်ဖို့လည်း
လိုအပ်ပါတယ်။

ဟိုအရင်အချိန်တွေတုန်းက နွေရာသီရောက်လာပြီဆို မန္တလေးမြို့မှာ တောင်းကလေးတွေ
ရွက်ပြီး မုန့်လက်ဆောင်းရောင်းတဲ့သူတွေ၊ လက်တွန်းလှည်းကလေးတွေနဲ့မန်ကျည်းဖျော်ရည်၊
ဆန်ချိုအေးရောင်းတဲ့အသည်တွေ နေရာအနှံ့ တွေ့ရပါတယ်။

အခုအခါမှာ မုန့်လက်ဆောင်းရောင်းတဲ့သူတွေ၊ မန်ကျည်းဖျော်ရည်လှည်းတွေ၊ ဆန်ချိုအေး
လှည်းတွေ မရှိသလောက် ရှားသွားပြီး အဲဒီအစား ရွှေရင်အေး တွန်းလှည်းတွေက
နေရာယူသွားပါပြီ။ တချို ရွှေရင်အေးလှည်းတွေကမုန့်လက်ဆောင်းပါတယ် ဆိုပေမဲ့
ကိုယ်တကယ်သောက်ချင်ပြီဆိုရင် ရှာရခက်ပါတယ်။

ဒီတော မုန့်လက်ဆောင်းကောင်းကောင်းသောက်ချင်တဲ့ မန္တလေးက စာဖတ်ပရိသတ်ကြီး
အတွက် ၆၈ လမ်းနဲ့ ၂၈ လမ်းထောင့်၊ အမှတ် (၁၆) အထက်တန်းကျောင်းဘေးကမငြိမ်းငြိမ်းရဲ့
မုန့်လက်ဆောင်းဆိုင်ကိုညွှန်းပေးချင်ပါတယ်။

တကယ်တော့ ဒီဆိုင်လေးဟာ အခုနှစ်နွေရာသီရောက်မှပဲ (၁၆) ကျောင်းဘေးမှာ
လာရောင်းတာပါ။ အရင်က လမ်း ၈ဝ ပေါ်က အမှတ် (၇) အလယ်တန်းကျောင်းဘေးမှာ
ရောင်းချတာပါ။ မနက် ၁ဝ နာရီထိုးပြီဆိုရင်အဲဒီဆိုင်လေး စဖွင့်ပါပြီ။

မငြိမ်းငြိမ်းရဲ့ မုန့်လက်ဆောင်း အားသာချက်တွေကတော့ မုန့်ဖတ်ကို တစ်ဆင့်
ဝယ်ယူရောင်းချတာမဟုတ်ဘဲ ကိုယ်တိုင်ပြုလုပ်တာပါပဲ။ ကိုယ်တိုင်လုပ်တဲ့အတွက်
မုန့်ဖတ်တွေဟာ လတ်ဆတ်ပြီး အရွယ်အစားကြီးနေတာ၊ ပျော့နေတာ၊ မာနေတာမျိုး
မရှိဘဲ သောက်လိုက်ရင် ခံတွင်းထဲမှာ လျှောခနဲ ကျသွားတဲ့အမျိုးပါ။

ထန်းလျက်ရည်အတွက် ပန်နော်ချင်းထန်းလျက်ကို သုံးထားပြီး ကျိုချက်ထားတာပါ။ တချို့
ရောင်းချသူတွေလို ရေတအားရောတာ၊ ရေခဲတွေ တအားထည့်တာမျိုးမဟုတ်တဲ့အတွက်
သူ့ရဲ့ အရသာက အချိုကဲလွန်းတာ၊ အချိုပေါ့လွန်းတာမျိုး မရှိပါဘူး။ အချိုကဲလွန်းရင် သောက်သုံး
သူအတွက် အီနောက်နောက်ဖြစ်နေပြီး အချိုပေါ့လွန်းရင် မုန့်လက်ဆောင်းက အရသာမရှိ
ဖြစ်နေတတ်ပါတယ်။

အဆပလာအဖြစ် ကောက်ညှင်း၊ အုန်းသီး၊နှမ်းထောင်းမွှေးမွှေးလေးတွေ ရောစပ်ထားတဲ့
အတွက် ပြီးပြည့်စုံတဲ့ အရသာတစ်ခုကို ခံစားရမှာပါ။ တစ်ပွဲမှ ကျပ် ၃ဝဝ ပဲ ပေးရတဲ့အတွက်
'သောက်ရတာ ကောင်းလိုက်တာ၊ တန်လိုက်တာ' ဆိုပြီး ခံစားသွားစေရမှာပါ။ စာရေးသူ
ပြောတာ ပိုလွန်းတယ်ထင်ရင်တော့ မိတ်ဆွေကိုယ်တိုင် သွားမြည်းစမ်းကြည့်ပါလို့
တိုက်တွန်းပါရစေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။