မင်းသမီး ရတနာခင်ရဲ့ တစ်ပွဲကျပ် ၅၀၀ ထမင်းဆိုင်

ကျပ် ၅၀၀ တန် ထမင်းပွဲ။ ဓာတ်ပုံ - ရှင်မိုးမြင့်ကျပ် ၅၀၀ တန် ထမင်းပွဲ။ ဓာတ်ပုံ - ရှင်မိုးမြင့်

အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်နီးပါး ရှိနေတဲ့ နွေနေ့ခင်းအပူဒဏ်အောက်မှာ လေအေးပေးစက်ပျက်နေတဲ့
အငှားယာဉ်ကိုစီးရင်း စာရေးသူနဲ့ အပေါင်းအပါ သုံးဦးတို့ဟာ အခြေခံလူတန်းစားတွေအတွက်
ရည်ရွယ်တယ်ဆိုတဲ့ ကျပ် ၅၀၀ တန် ထမင်းဆိုင်ကို စိတ်အားတက်ကြွစွာနဲ့ ဦးတည်သွားနေမိပါတယ်။

ဒါပေမဲ့ နေက ပူ၊ လေက ပူ၊ ကားက ပိတ်နဲ့ ကျပ် ၅၀၀ တန်ထမင်းဆိုင်ကို ရောက်ဖို့အတွက် မြို့ထဲ
ဗိုလ်အောင်ကျော်လမ်းကနေ တာမွေကိုရောက်ဖို့ အချိန် နှစ်နာရီနီးပါး ကားထဲမှာ နေလိုက်ရတဲ့အခါ
အစောပိုင်းက စိတ်အားတက်ကြွမှုတွေဟာ ခန္ဓာကိုယ်ကနေ စီးကျလာတဲ့ ချွေးတွေနဲ့အတူ
အရည်ပျော်ကျသွားပါတော့တယ်။

ဒီလိုနဲ့ 'ရွှေ'လို့ နာမည်ပေးထားတဲ့ တာမွေ ဗျိုင်းရေအိုးစင်လမ်းထဲက ရုပ်ရှင်မင်းသမီး ရတနာခင်ရဲ့
ကျပ် ၅၀၀ တန် ထမင်းဆိုင်ကို ရောက်တော့ ဗိုက်ထဲမှာ တဂွီဂွီမြည်နေပြီဖြစ်သလို လူတွေကလည်း
ကားပေါ်မှာ ပြုတ်ထားကင်ထားသလိုဖြစ်ခဲ့တာမို့ အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြပါပြီ။

ဒီဆိုင်က အစားအသောက် ကောင်းပါ့မလားဆိုတာထက် ဘာပဲဖြစ်ဖြစ် စားလိုက်တော့မယ်ဆိုတဲ့
စိတ်တွေနဲ့ ဆိုင်ထဲကို ၀င်သွားခဲ့ကြပါတယ်။ ဆိုင်ထဲဝင်လိုက်တဲ့ အချိန်မှာတော့ လေအေးပေးစက်နဲ့
ပန်ကာလေးတွေကြောင့် အေးမြသွားပါတယ်။

ထမင်းဆိုင်က ဗျိုင်းရေအိုးစင်လမ်းထဲမှာပဲ ဆိုင်နှစ်ဆိုင် ဖွင့်ထားပါတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင်
ကြားမှာတော့ တိုက်ခန်းတစ်ခန်းပဲ ခြားပါတယ်။

တစ်ဆိုင်မှာ ဟင်းတွေ ထားတဲ့ မှန်ကောင်တာ ထားပြီး ကိုယ်ကြိုက်တဲ့ ဟင်းကို ကြည့်ပြီး
စိတ်ကြိုက်မှာလို့ ရပါတယ်။

စာရေးသူတို့ ထိုင်တဲ့ ဘက်အခြမ်းမှာတော့ စားပွဲတွေပဲ၊ သီးသန့် ခင်းထားပါတယ်။ တကယ်လို့ ဟင်းကို
ကြည့်ပြီးမှ မှာချင်တယ်ဆိုရင်တော့ ဟိုဘက်ဆိုင်မှာ ထိုင်လို့ရပါတယ်။

ဆိုင်အပြင်အဆင် သန့်ရှင်းသပ်ရပ်သလို စားပွဲဝိုင်းတိုင်းမှာလည်း စတီးဇွန်း၊ ခက်ရင်းတွေကို စတီးရေပုံး
အသေးလေးနဲ့ ထည့်ထားပါတယ်။

ဆိုင်နံရံမှာလည်း "တစ်နာရီလျှင် တစ်ကြိမ် ဇွန်း၊ ခက်ရင်းထည့်သည့် စတီးခွက်များကို ရေနွေးလဲပေးရန်။
လဲပြီးလျှင် ကောင်တာတွင် လက်မှတ်ထိုးရမည်။ ဟင်းဗန်းများ အမြဲပူနွေးစေရန် လဲပေးရမည်။
လဲပြီးလျှင် ကောင်တာတွင် လက်မှတ်ထိုးရမည်။ ဟင်းအရည်သောက်နှင့် ထမင်းဖြူ အမြဲပူရန်
စစ်ဆေးရမည်။ စစ်ဆေးပြီးလျှင် ကောင်တာတွင် လက်မှတ်ထိုးရမည်"ဆိုတဲ့ စာတန်းလေး
ကပ်ထားတာကို တွေ့ရသလို ဇွန်း၊ ခက်ရင်းတွေကလည်း သန့်နေတာပါပဲ။

ဆိုင်က ၀န်ထမ်းတွေကလည်း ၀န်ဆောင်မှုအပြည့်ပေးပြီး သဘောကောင်းကြပါတယ်။
ဟင်းမှာတဲ့ အချိန်မှာလည်း စာရွက်လေးနဲ့ စနစ်တကျ သေချာရေးမှတ်တာ တွေ့ရတာမို့
စနစ်ကျတယ်လို့ ပြောလို့ရပါတယ်။

ဒီဆိုင်က အဓိကတည်ခင်းရောင်းချပေးတဲ့ ကျပ် ၅၀၀ တန် စတိုင်ကတော့ ထမင်းနဲ့
အရွက်ကြော်တစ်မျိုး၊ အသားဟင်းတစ်မျိုး ပါဝင်ပါတယ်။

စာရေးသူကတော့ ပုံစားရဲ့စတိုင်နဲ့ အရသာကို မြည်းစမ်းချင်တာမို့ ၀က်အချိုနဲ့ အရွက်ကြော်က
ကန်စွန်းရွက်ကြော်နဲ့ ပန်းဂေါ်ဖီကြော်နှစ်မျိုးထဲက ကြိုက်တာရွေးလို့ရတယ်ဆိုလို့ ကန်စွန်းရွက်ကြော်နဲ့
မှာလိုက်ပါတယ်။

ထည့်ပေးတာကတော့ ထမင်းနဲ့ (အတော်အသင့်စားတဲ့ သူတွေအတွက် ထည့်ပေးတဲ့ ထမင်းက
ဗိုက်ဝပါတယ်) အသားဟင်းကတော့ အရွယ်သေး သုံးတုံး ထည့်ပေးပါတယ်။ အရွက်ကြော်ကတော့
နည်းနည်းများပါတယ်။ စားလို့လည်း ကောင်းပါတယ်။ ငါးပိရည်နဲ့ တို့စရာလည်း ပေးပြီး
ခရမ်းသီးအသေးလေးတွေကို လှီးထားတာနဲ့ ရှောက်ရွက်နည်းနည်းနဲ့ ရုံးပတီသီးတို့ ပါဝင်ပါတယ်။

အရည်သောက်ဟင်းချို တစ်ခွက်လည်း ချပေးတာမို့ အသားဟင်းနည်းနည်းနဲ့ ငါးပိရည် တို့စရာနဲ့
အရွက်ကြော်နဲ့မျှအောင် စားမယ်ဆိုရင်တော့ စားလို့လောက်ပါတယ်။

အသားဟင်း များများစားတတ်သူဆိုရင်တော့ ဟင်းလိုက်ပွဲသီးသန့်မှာမှ အဆင်ပြေပါလိမ့်မယ်။
(ထမင်းအစားကြီးတဲ့ သူတွေဆိုရင်တော့ ၅၀၀ တန် ပုံစား နှစ်ပွဲလောက် (သို့) ထမင်းဖြူလိုက်ပွဲ
ထပ်ယူ စားမယ်ဆိုရင် ဗိုက်ကားနေမှာ သေချာပါတယ်) ထမင်းပေါ်မှာ ဟင်းပုံထည့်ပေးတာ မကြိုက်တဲ့
သူငယ်ချင်းကတော့ ထမင်းသတ်သတ်၊ ဟင်းသတ်သတ် ထည့်ပေးပါဆိုပြီး မှာပါတယ်။

သူကတော့ ကြက်အာလူး မှာတာမို့ ကြက်အာလူးအရသာက အတော်လေး စားကောင်းတာနဲ့
ကြက်အာလူးကို ဟင်းသီးသန့် ကျပ် ၁,၀၀၀ တန်တစ်ပွဲ ထပ်မှာလိုက်ပါတယ်။

ဟင်းတွေကတော့ ကြက်သား၊ ၀က်သား၊ ပုစွန်၊ ငါးဖယ်၊ ငါး၊ ဘဲဥ၊ ကြက်ဥ ရပါတယ်။ ဟင်းသီးသန့်
မှာမယ်ဆိုရင် တစ်ပွဲ ကျပ် ၃၀၀၊ ၅၀၀၊ ၁,၀၀၀ စိတ်တိုင်းကျ မှာလို့ရပါတယ်။ ထမင်းကတော့ တစ်ပွဲကို
ကျပ် ၂၀၀၊ ၃၀၀ တန် ရှိပါတယ်။

အတူပါလာတဲ့ သူငယ်ချင်းနောက်တစ်ယောက်ကတော့ ငါးဖယ်ဟင်းနဲ့ မှာပါတယ်။ ငါးဖယ်ကလည်း
စားကောင်းပါတယ်။ ပန်းဂေါ်ဖီကြော်ကတော့ စားရတာတစ်မျိုးပဲမို့ သိပ်ခံတွင်းမတွေ့ပါဘူး။

ဒါပေမဲ့ ခြုံပြောရရင်တော့ အသားဟင်း သုံးမျိုးမှာတာမှာ သုံးမျိုးစလုံးက စားကောင်းနေပါတယ်။
ကန်စွန်းရွက်ကြော်ကလည်း စားကောင်းပါတယ်။

ဆိုင်မှာ နန်းကြီးသုပ်၊ နန်းပြားသုပ်နဲ့ ရွှေတောင်ခေါက်ဆွဲလည်း ရတာမို့ အရသာစုံစုံလင်လင်လေး
စားရအောင် နောက်တစ်ယောက်က ရွှေတောင်ခေါက်ဆွဲနဲ့ နန်းပြားသုပ် မှာပါတယ်။ အသုပ်ကတော့
ပွဲသေးတစ်ပွဲကို ကျပ် ၅၀၀ နဲ့ ပွဲကြီးကို ၈၀၀ ပါ။ မှာတာတွေလည်း များနေတာမို့ ကျပ် ၅၀၀ တန်
ပွဲသေးပဲ နှစ်ပွဲမှာလိုက်ပါတယ်။

နန်းပြားသုပ်ကလည်း တော်တော်ကောင်းသလို ရွှေတောင်ခေါက်ဆွဲကတော့
အရသာအရမ်းကောင်းပါတယ်။ ကျပ် ၅၀၀ တန် ပွဲသေး မှာတယ်ဆိုပေမဲ့ တော်တော်လေး များပြီး
ငါးဖယ်လေးတွေလည်း ညှပ်ထည့်ထားပါတယ်။

တခြားဆိုင်တွေမှာ ကျပ် ၁,၅၀၀ လောက် အနည်းဆုံးရောင်းပြီး အရသာကောင်းချင်မှ ကောင်းတဲ့
ရွှေတောင်ခေါက်ဆွဲကို ကျပ် ၅၀၀ နဲ့ စေတနာပါပါ သေချာကျကျနန ရောင်းပေးတာမို့လည်း
အံ့ဩမိပါတယ်။

နန်းပြားသုပ်မှာရော၊ ရွှေတောင်ခေါက်ဆွဲမှာပါ သုံးထားတဲ့ ခေါက်ဆွဲသားကလည်း နူးညံ့ပြီး စားရတာ
အရသာတွေ့လှပါတယ်။

ထမင်းမစားချင်ဘူးဆိုလည်း ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ကြေးအိုး၊ ကြေးအိုးဆီချက်နဲ့
ဆီချက်ခေါက်ဆွဲတွေ ရပါတယ်။

ကြာဆံကြော်၊ ခေါက်ဆွဲကြော်နဲ့ ထမင်းကြော်ကတော့ ပွဲသေးက ကျပ် ၇၀၀ နဲ့ ပွဲကြီးက
ကျပ် ၁,၂၀၀ ပါ။ ဆီချက်ခေါက်ဆွဲကတော့ ပွဲသေး ကျပ် ၅၀၀ နဲ့ ပွဲကြီးက ကျပ် ၈၀၀ ပါ။
ကြေးအိုးကတော့ ပွဲသေးကို ကျပ် ၈၀၀ နဲ့ ပွဲကြီးက ကျပ် ၁,၅၀၀ ပါ။ ကြေးအိုးဆီချက်ကတော့
ပွဲသေး ကျပ် ၁,၀၀၀ နဲ့ ပွဲကြီး ကျပ် ၁,၈၀၀ ပါ။

ဈေးနှုန်းတွေက အံ့ဩစရာကောင်းလောက်အောင် တန်ပြီး ဘယ်မှာမှ မရောင်းနိုင်တဲ့ ဈေးနှုန်းတွေပါ။
ကျပ် ၅၀၀ တန်ဆိုင်မို့ ကောင်းမှ ကောင်းပါ့မလားလို့ မျှော်လင့်ထားပေမဲ့ ဘာစားစား တော်တော့်ကို
အစပ်အဟပ်တည့်ပြီး စားကောင်းနေတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ ကျပ် ၅၀၀ တန်ဆိုင်က ဗျိုင်းရေအိုးစင်လမ်းထဲမှာပဲ နှစ်ဆိုင်နဲ့ တာမွေထဲမှာပဲ
၁၆၆ လမ်းထဲမှာတစ်ဆိုင် ဖွင့်ထားပြီး သုံးဆိုင်ပေါင်းကို ၀န်ထမ်း ၆၀ လောက်နဲ့ လည်ပတ်နေပါတယ်။

နောက်ထပ်လည်း ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ အစီစဉ်ရှိပါသေးတယ်လို့ ဆိုင်ဝန်တမ်းတစ်ယောက်က
ပြောပြပါတယ်။

"ဦးလေးတို့ဆိုင်က အမြတ်အစွန်းထက် ပုံမှန်လည်ပတ်ရုံလောက်ပါပဲ။ အမြတ်ရဖို့ထက် အဓိကက
အခြေခံလူတန်းစားတွေ အဆင်ပြေပြေလေး စားလို့ အဆင်ပြေအောင် ရည်ရွယ်ထားတဲ့
ပရဟိတသဘောမျိုးပါပဲ။ ၀န်ထမ်းတွေခန့်ရင်လည်း ၀န်ထမ်းတွေရဲ့ အရည်အချင်းထက်
ပရဟိတစိတ်လေးရှိပြီး စိတ်ရှည်တဲ့သူကို ရွေးခန့်ပါတယ်"လို့ ဆိုင်က ၀န်ထမ်းဦးလေးကြီးတစ်ဦးက
ပြောပါတယ်။

နေ့ခင်းထမင်းစားချိန်နဲ့ ညနေစာစားချိန်တွေမှာတော့ လူကျတတ်ပြီး ကျန်တဲ့ အချိန်တွေမှာလည်း
လူခပ်ဖွဲဖွဲရောက်လာတတ်တယ်လို့ ဆိုပါတယ်။

စာရေးသူတို့အဖွဲ့ ရောက်သွားတဲ့ အချိန်ကတော့ မွန်းလွဲ ၂ နာရီနီးပါး ရှိနေပြီမို့ ဧည့်သည်သိပ်မရှိပါဘူး။
ဝန်ထမ်းလေးတွေလည်း အဲဒီအချိန်မှ ထမင်းစားနေကြတာ တွေ့ရပါတယ်။ သောက်စရာ အပူ၊
အအေးကလည်း အမျိုးစုံကို ရပြီး ဈေးနှုန်းတွေက ၂၀၀ ကနေ ၇၀၀ အတွင်းမို့ ထမင်းစားပြီး
ကိုယ့်စိတ်တိုင်းကျ မှာသောက်နိုင်ပါတယ်။

အားလုံးကိုခြုံပြီး ပြောရရင်တော့ ဈေးလည်း သက်သာပြီး အရသာလည်းကောင်း၊ စေတနာလည်းပါတဲ့
ဒီဆိုင်လေးတွေဖွင့်ဖို့ စဉ်းစားမိတဲ့ ရတနာခင်တို့ မိသားစုရဲ့ စိတ်ဓာတ်ကို အရမ်းလေးစားမိသွားပါတယ်။

ဒီလိုဆိုင်မျိုးလေးတွေသာ နေရာတိုင်းမှာ ဖွင့်နိုင်မယ်ဆိုရင် လူတွေအတွက် တော်တော်လေးကို
အဆင်ပြေစေမှာပဲလို့လည်း ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ တွေးလာခဲ့မိပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။