ဂျန်းရှင်းစီးတီးက Ippudo ရာမန်ဆိုင်

Shiromaru ရှယ်ရာမန်ပွဲ။ မျိုးဆက်/မြန်မာတိုင်း(မ်)Shiromaru ရှယ်ရာမန်ပွဲ။ မျိုးဆက်/မြန်မာတိုင်း(မ်)

အလွန်ပူပြင်းလှတဲ့ ဒီရာသီမှာ နေပူဒဏ်၊ လေအေးပေးစက်ဒဏ်နဲ့ ပန်ကာလေဒဏ်တို့ကို
စုပေါင်းပြီး ခံလိုက်ရအပြီးမှာ အပူရှပ်ပြီး ဖျားတော့တာပါပဲ။

စာရေးသူကတော့ နေမကောင်းရင် အစားကောင်းစားချင်စိတ်က ပုံမှန်ထက်ကို ပိုတယ်လို့ပြောရမှာပါ။

ခုတလောမှာ အားလပ်ရက်ရောက်လို့ ဘယ်သွားမလဲ စဉ်းစားလိုက်ရင် ဓာတ်ကျနေတဲ့ နေရာကလည်း
အသစ်ဖွင့်ထားတဲ့ ရှော့ပင်းစင်တာကြီးဖြစ်တဲ့ ဂျန်းရှင်းစီးတီးဆိုတော့ စားမယ်သောက်မယ်ဟေ့ဆို
အဲဒီကဆိုင်တွေကိုပဲ ပြေးမြင်မိပါတယ်။

နေမကောင်းတဲ့ သူတစ်ယောက်အနေနဲ့ စားချင်တာရော စားဖို့သင့်တော်တာက အရည်လေးနဲ့
အဖတ်လေးနဲ့ ဆိုပြန်တော့ အရည်နဲ့ အဖတ် ကောင်းတာလေးရမယ့် ဆိုင်မျိုးကို စဉ်းစားရင်း
အပေါင်းအသင်းတစ်ယောက်က ဂျပန်ရာမန်စားကောင်းတယ်လို့ ညွှန်းဖူးတဲ့ Ippudo ဆိုတဲ့
ဂျပန်ဆိုင်လေးကို စဉ်းစားမိပြီး ပြီးခဲ့တဲ့ စနေနေ့က သွားစားဖြစ်ခဲ့ပါတယ်။

Ippudo ဂျပန်ဆိုင်က ရာမန်လို့ခေါ်တဲ့ ခေါက်ဆွဲပြုတ် ကို အဓိကထားရောင်းတဲ့ ဆိုင်တစ်ဆိုင်ပါ။

မြန်မာနိုင်ငံကိုတော့ အခုနှစ်မှာမှ စတင်ဖွင့်လှစ်တာဖြစ်ပြီး မြန်မာနိုင်ငံအပြင် တခြားနိုင်ငံ ၁၂ နိုင်ငံ
မှာလည်း ဖွင့်လှစ်ထားနိုင်တဲ့အထိ အောင်မြင်တဲ့ ဆိုင်တစ်ဆိုင်ပါ။

၁၉၈၅ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့လေးမှာ စတင်တည်ထောင်ခဲ့တဲ့ Ippudo ဆိုင်က အခုဆိုရင်
ကမ္ဘာတစ်ဝန်းမှာ ဆိုင်ပေါင်း ၈၀ ကျော်တောင် ဖွင့်လှစ်ထားပြီးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ဆိုင်ကတော့ ဂျန်ရှင်းစီးတီး၊ ၄ လွှာမှာပါ။ ဆိုင်လေးကတော့
အပြင်ကနေကြည့်လိုက်တာနဲ့တင် ဂျပန်ဆိုင်လေးမှန်း သိနိုင်အောင် ပြင်ဆင်ထားပါတယ်။
ဆိုင်ထဲမ၀င်ခင်မှာ အရင်ဆုံးအပြင်မှာ ပြထားတဲ့ မီနူးစာအုပ်ကို ကြည့်လိုက်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဂျပန်ရာမန်တစ်ပွဲရဲ့ ဈေးဟာ အဲဒီလောက်ထိ ရှိမယ်လို့ စာရေးသူ
ထင်မထားခဲ့ပါဘူး။

ဒီဆိုင်မှာ ရာမန်သုံးမျိုးပဲ ရနိုင်ပြီး ဈေးအနည်းဆုံး တစ်ပွဲက ကျပ် ၇,၉၀၀ ရှိပါတယ်။ ဒါတောင်
ဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းနဲ့ အစိုးရအခွန် ငါးရာခိုင်နှုန်းမပါသေးပါဘူး။ ပြောရရင် ဈေးနှုန်းက
ကိုယ်ခန့်မှန်းထားတာထက် ပိုများနေပါတယ်။

ဒါပေမဲ့ ဆိုင်ရှေ့လည်း ရောက်ပြီးဖြစ်သလို ပုံထဲမှာ မြင်နေရတဲ့ ပုံက ဗလာဖြစ်နေတဲ့ စာရေးသူရဲ့
အစာအိမ်ကို ဆွေ့ဆွေ့ခုန်သွားစေတာကြောင့် စားဖူးအောင်စားမယ်ဟေ့ဆိုပြီး ဆိုင်ထဲ
ဝင်သွားလိုက်ပါတယ်။

ဆိုင်ဝင် ပေါက်ထဲ ခြေတစ်လှမ်းရောက်သွားလိုက်ရင်ပဲ ဆိုင်ထဲရှိသမျှ ၀န်ထမ်းအကုန်လုံးရဲ့ ဂျပန်လို
ကြိုဆိုတဲ့ အသံက စာရေးသူကို ရုတ်တရက် အံ့အားသင့်သွားစေပါတယ်။

ဒါကလည်း ဂျပန်နိုင်ငံမှာ စားသုံးသူကို ပျူပျူငှာငှာနဲ့ ကြိုဆိုတဲ့ပုံစံလို့ စာရေးသူကတော့ မြင်ပါတယ်။
ချစ်စရာ ဓလေ့လေးတစ်ခုပါပဲ။ ဆိုင်ထဲ အပြင်အဆင်လေးကလည်း ရိုးရိုးရှင်းရှင်း ဂျပန်စတိုင်လေးပါပဲ။
ထိုင်နေတုန်းပဲ မီနူးလာပေးပါတယ်။

အရင်ဆုံးပြောချင်တာက ဒီဆိုင်မှာ ရာမန်ကို ရိုးရိုးနဲ့ ရှယ် နှစ်မျိုးခွဲထားတယ် ဆိုတာပါပဲ။
စားစရာတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ဂျပန်ကနေ တင်သွင်းတယ်လို့လည်း သိရပါတယ်။

စောစောက စားရေးသူပြောသွားတဲ့ ကျပ် ၇,၉၀၀ ဆိုတာ ဒီဆိုင်က Shiromaru ဆိုတဲ့ ရာမန်ရဲ့
ရိုးရိုးပွဲဈေးနှုန်းပါ။ ရှယ်ကတော့ သူ့ထက် ကျပ် ၄,၀၀၀ ပိုပါတယ်။ အဲဒီနှစ်ခု ဘာကွာသွားလဲဆိုတော့
ရာမန်အပေါ်မှာထည့်တဲ့ အဆာပလာပါ။

ရာမန်ရိုးရိုးပွဲမှာက ၀က်သုံးထပ်သားပြား (၀မ်းဗိုက် သား) တစ်ပြား၊ ၀က်လိုင်းသား (ပေါင်းရင်းသား)
တစ်ပြား၊ ကြွက်နားရွက်နဲ့ ကြက်သွန်မိတ်ပဲပါပြီး ရှယ်ပွဲမှာက ၀က်သုံးထပ်သားပြားနဲ့ ၀က်လိုင်းသား
တစ်ပြားစီ ပိုပါပြီး ရေညှိအပြား သုံးပြားနဲ့ ဂျပန်အရသာကြက်ဥတို့ ပိုပါလာတာပါ။

အဆာပလာတွေက ကိုယ်ကြိုက်နှစ်သက်သလို တစ်ခုချင်းစီ သတ်မှတ်ထားတဲ့ ဈေးအတိုင်းပေးပြီး
ထပ်ထည့်ခိုင်းလို့လည်း ရပါတယ်။ စာရေးသူကတော့ အသားများများ စားချင်တဲ့အတွက်
ကျပ် ၁,၁၉၀၀ ကျသင့်တဲ့ Shiromaru ရှယ်ပွဲကိုပဲ မှာလိုက်ပါတယ်။

ပြီးတော့ ကိုယ့်ရဲ့ ရာမန်ထဲက ခေါက်ဆွဲအပျော့၊ အမာကိုလည်း ကြိုက်သလို ရွေးနိုင်ပါတယ်။
စာရေးသူကတော့ အသင့်အနေအထားလေးပဲ စားချင်တာကြောင့် Medium ပဲ မှာလိုက်ပါတယ်။

နောက်ထပ်ရနိုင်တဲ့ ရာမန်နှစ်မျိုးက Akamaru နဲ့ Karaka ပါ။ Akamaru က Shiromaru ထက်
ကျပ် ၁,၀၀၀ ပိုပေးရပြီး Karaka ကတော့ ၂,၀၀၀ ပိုပါတယ်။ အစပ် ကြိုက်သူတွေကတော့
Karaka ရာမန်ကို ရွေးချယ်သင့်ပါတယ်။

ပြီးတော့ အစားကြီးတဲ့ စာရေးသူက ရာမန်အပြင် အဆာပြေစာအနေနဲ့ ဂျပန်ဖက်ထုပ်ကြော် Ippudo
Handmade Gyoza (ကျပ် ၄,၀၀၀) နဲ့ Ippudo Chicken Namban လို့ ခေါ်တဲ့ ဂျပန်စတိုင်
ကြက်ကြော်နဲ့ တာတာဆော့စ် (ကျပ် ၄,၉၀၀) တို့ကို မှာလိုက်ပါတယ်။ အဲဒီ နှစ်မျိုးစလုံးက
စာရေးသူအတွက် ဆိုင်ကနေ အကြံပြုပေးကြတဲ့ အမည်တွေပါပဲ။

မျိုးဆက်/မြန်မာတိုင်း(မ်)မျိုးဆက်/မြန်မာတိုင်း(မ်)

ဒီဆိုင်မှာ စာရေးသူ ကြိုက်နှစ်သက်တဲ့ အချက်တစ်ချက်က အချိန်အကြာကြီး မစောင့်ရတာပါပဲ။
မှာပြီး ၁၀ မိနစ်လောက်မှာပဲ ဖက်ထုပ်ကြော်နဲ့ ကြက်ကြော် စားပွဲပေါ် ရောက်လာပါတယ်။
အပြင်အဆင်လေးကလည်း မြင်တာနဲ့ စားချင်စရာပါ။

အရင်ဆုံး ဖက်ထုပ်ကြော်ကို မြည်းစမ်း ကြည့်ပါတယ်။ အပြင်ပိုင်းက ဂျုံသားက ပါးလွှာပြီး နူးညံ့မှု
ရှိသလို ဖက်ထုပ်အတွင်းက ၀က်သားကလည်း အလားတူပဲ နူးညံ့တဲ့အထိအတွေ့ကို ပေးနိုင်ပါတယ်။
ပူနေတုန်းလေး ပဲငံပြာရည်နဲ့ တို့စားလိုက်တာကတော့ ပြီးပြည့်စုံတဲ့ ခံစားမှုတစ်ခုကို ရလိုက်တာပါပဲ။

ပါးစပ်ထဲမှာ ဖက်ထုပ်ကုန်သွားတယ်ဆိုရင် မဆိုင်းမတွ ကြက်ကြော်ကို တာတာဆော့စ်နဲ့တို့ပြီး
စားလိုက်ပါတယ်။ အပြင်ပိုင်းက ကြွပ်ရွနေတဲ့ မုန့်နှစ်နဲ့ အထဲက နူးညံ့တဲ့ ကြက်သားကို
တစ်ပေါင်းတည်း စားလိုက်ရတာက တကယ့်ကို ကောင်းမွန်လှပါတယ်။ ကြက်ကြော်ရဲ့အပေါ်ပိုင်းမှာ
ပဲငံပြာရည်ဆမ်းထားတော့ အငန်မစားတဲ့ လူတွေအတွက်တော့ နည်းနည်းအဆင်မပြေလှပါဘူး။

မကြာပါဘူး။ မှာပြီး ၁၅ မိနစ်လောက်မှာပဲ စာရေးသူ မှာထားတဲ့ ရာမန်ရောက်လာပါတယ်။
ထည့်ပေးတဲ့ ပန်းကန်ကို ကြည့်တာနဲ့တင် ပါဝင်မှု ပမာဏများမယ် ဆိုတာ ခန့်မှန်းမိပါတယ်။
အပြင်အဆင်က မီနူးထဲကနဲ့ မကွာခြားတာကလည်း စာရေးသူကြိုက်တဲ့ အချက်တစ်ချက်ပါပဲ။

တချို့ဆိုင်တွေက မီနူးထဲမှာ လှတပတလေး စားချင်စဖွယ်ပြထားပေမဲ့ တကယ်လည်း ကိုယ့်ရှေ့
ရောက်လာတဲ့ အခါမှာတော့ မီနူးထဲကနဲ့ လားလားမှမတူတာမျိုးလည်း ရှိပါတယ်။ ရာမန်ပန်းကန်ထဲ
ကနေ ၀က်သားကို အရင်ဆုံး မြည်းစမ်းကြည့်လိုက်ပါတယ်။ အဆီရော အသားပါ နူးအိပြီး
အရသာရှိလှပါတယ်။

ဒီဆိုင်က ရာမန်မှာ နောက်ထပ် ကြိုက်တာကတော့ ခေါက်ဆွဲနဲ့ ဟင်းရည်ပါ။ ခေါက်ဆွဲသားက
ကိုယ်လိုချင်တဲ့အတိုင် Medium အနေအထားနဲ့ စားလို့ ကောင်းပြီး အရသာရှိပါတယ်။
ဟင်းချိုရည်ကတော့ Tonkotsu လို့ခေါ်တဲ့ ဟင်းရည်ပါ။ ၀က်ရဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြုလုပ်ထားတဲ့
ဟင်းရည်ပါ။ ဒါကြောင့် အရသာ လည်းရှိသလို အားလည်းရှိတဲ့အတွက် နေမကောင်းတဲ့
စာရေးသူအတွက်ကတော့ အာဟာရဖြည့်စာလို့လည်း ဆိုနိုင်ပါတယ်။

ဒီဆိုင်က ရာမန်ရှယ်တစ်ပွဲက စာရေးသူလို အစားကြီးတဲ့ လူတစ်ယောက်ကိုတောင်
ဗိုက်ပြည့်သွားစေတယ်ဆိုတော့ သာမန်စားတဲ့ လူအတွက်ဆိုရင်တော့ ဗိုက်ကို
တင်းကားသွားစေမှာပါ။

ပြီးတော့ ခေါက်ဆွဲသားကိုကြိုက်လို့ ပါတဲ့ခေါက်ဆွဲနဲ့ မ၀ဘူးဆိုရင်လည်း ခေါက်ဆွဲအလွတ်ကိုပဲ
ပွဲကြီး ကျပ် ၁,၅၀၀ နဲ့ ပွဲသေး ၁,၀၀၀ ဆိုပြီး ထပ်မှာလို့လည်း ရပါတယ်။

ဒီဆိုင်မှာ နောက်ထပ်ရနိုင်တဲ့ ဟင်းအမည်တွေက ဖက်ထုပ်ပြုတ်၊ သခွားနှမ်းဆီမွှေး၊
ဟင်းသီးဟင်းရွက်ကြော်၊ ပြောင်းဖူးတန်ပူရာ၊ ထမင်းကြော်အပြင် ထမင်းဖြူသပ်သပ်လည်း
ရနိုင်ပါတယ်။

သောက်စရာကတော့ ဘီယာ၊ မော့ခ်တေး၊ အချိုရည် အမျိုးမျိုးအပြင် အချိုပွဲအတွက်ကိုတော့
လက်ဖက်ရည်အရသာပူတင်းနဲ့ သစ်ကြားသီးအရသာ ခေါက်ဆွဲအချိုတို့ ရှိပါတယ်။

ဝန်ဆောင်ခရော အစိုးရအခွန်ရောပါ ပေါင်းပြီး ဈေးတွက်ကြည့်မယ်ဆိုရင် ဒီဆိုင်က ဈေးကြီးတဲ့
ဆိုင်တစ်ဆိုင်လို့ ဆိုရမှာပါ။

အခြေခံလူတန်းစားအတွက်ကတော့ ရာမန်တစ်ပွဲကို ကျပ် ၁၂,၀၀၀ ကျော်ပေးမဲ့အစား ရန်ကုန်က
အဲဒီဈေးဝန်းကျင်ပေးရတဲ့ ဘူဖေးဆိုင်ကိုပဲ ခြေလှမ်းမိမှာပါ။

ဒါပေမဲ့လည်း ပေးရတာနဲ့ တန်တဲ့ ၀န်ဆောင်မှုနဲ့ အစားအသောက်တွေကို ပြန်ရတဲ့အတွက်
မဆိုးဘူးလို့ ပြောရမှာပါ။

စာရေးသူကတော့ နောက်ထပ် ရေလျှံတဲ့ အချိန်မျိုးဆိုရင်တော့ ဒီဆိုင်လေးကို ထပ်သွားမိဦးမှာပါ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။