ကယန်းစာ စားကြမလား

Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

စက်လှေသံရယ်၊ လေတဖြူးဖြူးရယ်၊ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ရယ် ပြီးတော့ ရန်ကုန်မှာ ရခဲတဲ့
တိုင်းရင်းသား အစားအစာအမယ် (အမည်)တွေကြောင့် တရားဝင်ဆိုင် မဖွင့်ရသေးဘဲနဲ့တောင်
Vista Do Rio ကယန်းစားသောက်ဆိုင်က လူသိများတဲ့ ဆိုင်တစ်ဆိုင် ဖြစ်နေပါပြီ။

ဆိုင်ကို မေလအစပိုင်းကမှ စဖွင့်လိုက်တယ်ဆိုပေမဲ့ တရားဝင်ဖွင့်ပွဲကို စက်တင်ဘာမှ ကျင်းပမှာလို့
ကြေညာထားတာပါ။

ဒါပေမဲ့လည်း ညနေခင်းချိန်တွေမှာ စားပွဲတွေ အပြည့် စားသုံးသူတွေ နေရာယူထားတာမို့
အောင်မြင်မယ့် စားသောက်ဆိုင်အဖြစ် ရှေ့ပြေးနေရာယူလို့ ထားပါပြီ။

စာရေးသူတို့လည်း အပေါင်းအသင်းတွေဆီကနေ ဒီဆိုင် အကြောင်းကိုကြားပြီး စိတ်ဝင်စားလို့
သွားဖြစ်ခဲ့တာပါ။

ဆိုင်တည်နေရာကတော့ သာကေတဘက်ကနေ လာမယ်ဆိုရင် သုဝဏ္ဏ၊ ကမာကြည်တံတားပေါ်က
ဆင်းပြီး ဘယ်ဘက်လမ်းချိုး၊ သုဝဏ္ဏလမ်းဆုံဘက်ကလာရင်တော့ ပေါ်ဆန်းမွှေးလမ်း၊ ဒါမှမဟုတ်
သုဝဏ္ဏဈေးကနေ ညာဘက်ချိုးပြီး ငမိုးရိပ်ချောင်းအစပ်နားအထိ ၀င်လာမယ်ဆိုရင်
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကြားမှာ ကယန်းတိုင်းရင်းသူ အမျိုးသမီးကြီး ထိုင်ရောင်းနေတဲ့
ရိုးရာထည်ဆိုင်လေးနဲ့အတူ ချောင်းကမ်းပါးပေါ်မေးတင်ပြီး ဖွင့်ထားတဲ့ Vista Do Rio ကို ရောက်ပါပြီ။

ဆိုင်လမ်းညွှန်ပြီးတဲ့အခါ ရနိုင်တဲ့ စားစရာအမယ် (အမည်)တွေကို ပြောပြပါမယ်။

မီနူးထဲမှာ ရွေးချယ်စရာ ဟင်းအမည်တွေကို အသုပ်၊ အကြော်၊ ပေါင်း၊ ထောင်း၊ အဓိကဟင်းလျာ
စသဖြင့် ခေါင်းစဉ်ခွဲဖော်ပြထားပြီး အမည်တိုင်းက စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒါပေမဲ့လည်း ကယန်းအစားအစာကို ပထမဆုံးစားမယ့်သူဆိုရင်တော့ ဆိုင်ဝန်ထမ်းတွေရဲ့
အကြံပြုချက်ကို လက်ခံသင့်ပါတယ်။

စာရေးသူကတော့ အရင်ကလည်း ကယန်းစာကို စားဖူးထားတာမို့ ဆီနဲ့ ပျစ်ပျစ်နှစ်နှစ် အရသာလေးတဲ့
ဟင်းမျိုးတွေကိုတော့ မနှစ်သက်ပါဘူး။

Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

ဒါကြောင့်မို့ ပေါ့ပေါ့ပါးပါး ဟင်းလျာတွေဖြစ်တဲ့ အာလူးမက်ခါ (ကျပ် ၃,၀၀၀)နဲ့
ဒီမောဆိုပြောင်းဖူးကြော် (ကျပ် ၂,၈၀၀) တို့ကိုရွေးမှာလိုက်ပါတယ်။

အဓိကဟင်းအတွက်ကိုတော့ ၀က်ချင်းလက်ဖက် (ကျပ် ၆,၅၀၀)နဲ့ အမဲသားထောင်း (ကျပ် ၆,၉၀၀)၊
ဟင်းရည်ကိုတော့ တောင်ယာဟင်းချို (ကျပ် ၅,၀၀၀) ကို ရွေးချယ်လိုက်ပါတယ်။

ဒါတွေကို နှစ်ယောက်စာအတွက် မှာယူလိုက်တာပါ။ အသောက်အတွက်ကတော့ ဒီဆိုင်ကို သွားတာ
ကယန်းခေါင်ရည်ကို သောက်ချင်တဲ့ ရည်ရွယ်ချက်ကလည်း တစ်စိတ်တစ်ပိုင်းပါတဲ့အပြင်
လေတဖြူးဖြူးနဲ့ အေးစိမ့်စိမ့်လေးဖြစ်နေတဲ့ ပတ်ဝန်းကျင်ကလည်း သာယာတာမို့ ခေါင်ရည်
(တစ်ခွက် ကျပ် ၁,၅၀၀) လည်း မှာယူလိုက်ပါတယ်။

ဆိုင်အခင်းအကျင်းကတော့ ဘန်ဂလိုပုံစံ သီးခြား အမိုးလေးတွေအောက်မှာ ထိုင်ခုံတွေကို
သစ်သားတွေနဲ့ သေချာပြုလုပ်ထားတာ တွေ့ရပေမဲ့ မြက်ခင်းပြင်ပေါ်မှာတော့ ရိုးရိုးပလတ်
စတစ်ခုံတွေနဲ့ စားပွဲပြင်ထားတာမို့ သိပ်ဘ၀င်မကျလှပါဘူး။

ဒါပေမဲ့ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးက တကယ်ဆိုင်ဖွင့်ချိန်မှာ အသုံးပြုမှာက
သစ်သားအသုံးအဆောင်တွေပဲဖြစ်ပြီး လက်ရှိမှာ ပလတ်စတစ်ခုံတွေကို ယာယီ အသုံးပြုတာလို့
ပြောသလို ခပ်လှမ်းလှမ်းမှာ သစ်ပင်ကိုယ်ထည်တွေကို လွှစက်တွေနဲ့ ဖြတ်တောက်နေတဲ့ လူတစ်စုကို
လက်ညှိုးညွှန်ပြပါတယ်။

အစုစပ်ရှယ်ယာတွေနဲ့ ဖွင့်တဲ့ Vista Do Rio ကယန်းရိုးရာဆိုင်မှာ ရှယ်ယာရှင်တချို့က
ကယားပြည်နယ်၊ စီဘူးမြို့ဘက်ကလို့ ဆိုင်ဝန်ထမ်းတွေကပြောပြပြီး ဆိုင်ဝမှာ အထည်ထိုင်
ရောင်းနေတဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်းအမျိုးသမီးကြီးအပါအ၀င် ဆိုင်ဝန်ထမ်းတွေကတော့
လွိုင်ကော်၊ ဒီမောဆိုနဲ့ ကယားပြည်နယ်တစ်ဝန်းက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။

"ဟင်းချက်တာ မြန်ပါတယ်၊ အစ်မ ခဏစောင့်နော်။ မကြိုက်တာနဲ့ ချက်ချင်းပြော၊ ပြင်ပေးပါ့မယ်"လို့
တိုင်းရင်းသားသံဝဲ၀ဲနဲ့ ဆိုင်ဝန်ထမ်းတွေက စားသုံးသူတို့ကို သူ့အိမ်ကို အလည်လာတဲ့ ဧည့်သည်လို
ဧည့်ဝတ်ပြုကြလို့ ရင်းနှီးနွေးထွေးသလို ခံစားရပြီး အချိန် မိနစ် ၂၀ ၀န်းကျင်မှာပဲ ဟင်းလျာတွေအကုန်
စားပွဲပေါ်ရောက်လာတဲ့အတွက်လည် သဘောကျမိပါတယ်။

Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

'ဒီမောဆို ပြောင်းဖူးကြော်' ဆိုတာက ရန်ကုန်အခေါ် သကြားပြောင်း (အ၀ါ)နဲ့ ပလို့ပြောင်း
(အဖြူနဲ့ အနက် စပ်ကျား)တို့ကို မုန်လာဥနီ၊ ငရုတ်ပွတို့နဲ့ ရောကြော်ထားတာဖြစ်ပြီး စာရေးသူ
အကြိုက်ဆိုရင်တော့ နည်းနည်းလေး အာလူးသေးသေးလေးတွေကို အလုံးလိုက် မက်ခါသီးမှုန့်
စပ်စပ်နဲ့ မွှေကြော်ထားတာကတော့ အာလူးမက်ခါ ဖြစ်ပြီး ခပ်စေးစေးလေးနဲ့ စပ်တဲ့အရသာကြောင့်
ပုံမှန်အာလူးဟင်းစားရသလို အီဆိမ့်မနေတော့ဘူးပေါ့။

ဝက်သားနဲ့ လက်ဖက်အညွန့်တွေကို တွဲချက်တဲ့ ၀က်လက်ဖက်က စာရေးသူအကြိုက်ဆုံး
ဟင်းလျာတွေထဲမှာပါပေမဲ့ အခု Vista Do Rio က ၀က်ချင်းလက်ဖက်ကတော့ ချင်းရဲ့
ပူစပ်စပ်အရသာကြောင့် သိပ်မချိုအီနေပါဘူး။

ဝက်သားကို အသားတွေချည်းပဲ သုံးထားတာကိုတော့ အတူပါလာတဲ့အဖော်က သဘောကျပေမဲ့
စာရေးသူကတော့ ၀က်သားဆို အဆီလေးနည်းနည်းပါမှ ကြိုက်တာမို့ နည်းနည်းတော့
သဘောမတွေ့ဖြစ်ရပါတယ်။

လက်ဖက်ကိုလည်း အရင်က ၀က်လက်ဖက်ဟင်းစားဖူးသလို အညွန့်မဟုတ်ဘဲ ကြိတ်ထားတဲ့
လက်ဖက်အနှစ်နဲ့ ချက်ထားတာမို့ ကိုယ်မှန်းထားသလိုတော့ မဟုတ်တာကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စားကြည့်တဲ့အခါ ခါးဆိမ့်ဆိမ့် ပူရှိန်းရှိန်းလေးနဲ့ အရသာသစ်တစ်မျိုးကို
ခံစားရပါတယ်။

အမဲသားကို ရေနွေးဆူရုံထဲ ခဏထည့်ပြီး ပြန်ထောင်းထားတာလို့ ခံစားရတဲ့ အမဲသားထောင်းကတော့
ဆီလုံးဝ မပါဘဲ တိုင်းရင်းသားအဆန်ဆုံး ဟင်းတစ်ခွက်ဖြစ်နေပါတယ်။

အမဲသားနံ့ကို မကြိုက်တဲ့သူတွေအတွက်တော့ အသင့်ပါလာပြီးသား သံပရာစိတ်ကိုညှစ်ပြီး
စားနိုင်ပါတယ်။

Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)Vista Do Rio မှာ စားခဲ့ရတဲ့ အစားအစာများ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

တောင်ယာဟင်းချိုကလည်း မြို့ပြစတိုင်ဟင်းရည်တွေလို အဆီတဝေ့ဝေ့၊ အရောင်ရဲရဲ မဟုတ်ဘဲ
ဂေါ်ရခါးညွန့်၊ ခရမ်းသီး၊ ဘူးသီး၊ မုန်လာဥနီ၊ ရွှေဖရုံသီးတို့ကို ရေနဲ့ရော ပြုတ်ထားတဲ့ ဆီနဲ့ ဟင်းခတ်မှုန့်
လုံးဝ မပါဝင်တဲ့ သဘာဝအရသာဟင်းရည်ပဲ ဖြစ်ပါတယ်။

ထမင်းက ရှည်သွယ်ပြီး အနည်းငယ်ညိုတဲ့ ဆန်မျိုးက နေချက်ထားတဲ့အတွက် မှာထားတဲ့
ဟင်းလျာတွေနဲ့ တွဲစပ်ပြီးစားဖို့ အသင့်လျော်ဆုံးဖြစ်ပြီး တောနယ်တစ်နယ်ကို အလည်ရောက်သွားပြီး
ညနေစာ စားနေရသလို ခံစားချက်မျိုးကိုရရှိပြီး စားလို့လည်း မြိန်စေပါတယ်။

ကယန်းခေါင်ရည်က လွိုင်ကော်နဲ့ ဒီမောဆိုမြို့မှာ သောက်ခဲ့ရတဲ့ ခေါင်ရည်အရသာမျိုးထက်
အနည်းငယ် အချိုပြင်းပြီး ပူနွေးနွေး မဟုတ်ဘဲ အေးအေးလေးပါ။

အချိုပြင်းတဲ့အတွက် သိပ်အကြိုက်တွေ့လှတယ်မဟုတ်ဘဲ စိတ်ကူးထားသလို
ခေါင်ရည်နွေးနွေးလေးနဲ့ ၀က်အူ ချောင်းကို တွဲစားဖို့တောင် လက်လျှော့ခဲ့ပါတယ်။

ဖရဲသီးနဲ့ ပန်းသီးစိတ် အနည်းငယ်ပါဝင်တဲ့ အသီး ပွဲသေး (ကျပ် ၁,၅၀၀)ကို အချိုပွဲအဖြစ်
စားနေစဉ်မှာပဲ မိုးစက်ဖွဲဖွဲလေး ကျလာတဲ့အတွက် အမိုးမရှိတဲ့ မြက်ခင်း ပြင်ပေါ်ထိုင်နေကြတဲ့
စာရေးသူ အပါအ၀င် စားပွဲတော်တော်များများက လူတွေဟာ ဆိုင်မကြီးထဲကို အပြေးအလွှား
နေရာပြောင်းယူကြရပါတယ်။

Vista Do Rio ဆိုင်မြင်ကွင်း တစ်နေရာ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)Vista Do Rio ဆိုင်မြင်ကွင်း တစ်နေရာ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

မြက်ခင်းပြင်လည်းဖြစ်တာကြောင့် မိုးတွင်းကာလမှာ စားသုံးသူတွေများ ပြန်နည်းသွားမလား၊
ဒါမှမဟုတ် မိုးအေးအေးနဲ့ ဟင်းပူစပ်စပ်တွေကြောင့်ပဲ လူပိုများလာမလားကတော့ Grand opening
လုပ်မယ့် စက်တင်ဘာအပြီးမှပဲ စောင့်ကြည့်ရမယ့် အခြေအနေတစ်ရပ်ပါပဲ။

ဒီဆိုင်မှာ သွားပြီးစားသောက်ရတဲ့ အတွေ့အကြုံကိုခြုံပြီးပြောရမယ်ဆိုရင်တော့ ဟင်းလျာတွေရဲ့
အရသာနဲ့ ၀န်ဆောင်မှုကတော့ အပြစ်ပြောစရာ သိပ်ကြီးကြီးမားမားမရှိပေမဲ့ ဈေးနှုန်းတွေကတော့
အနည်းငယ်များတယ်လို့ ထင်မိပါတယ်။

စားသောက်ဆိုင်ကောင်းတွေရဲ့ အင်္ဂါရပ်နဲ့ ညီစေမယ့် ၀န်ဆောင်မှု၊ အရသာ၊ ပတ်ဝန်းကျင်နဲ့
အလှဆင်တင်ဆက်ထားမှုတွေက လိုက်လျောညီထွေမှုရှိနေပေမဲ့ သန့်စင်ခန်းတွေကတော့
သန့်ရှင်းမှုအားနည်းနေသေးတာကိုလည်း တွေ့ရပါတယ်။

ဆိုင်မကြီးနဲ့ ဆိုင်မြက်ခင်းပြင်ကြားမှာရှိတဲ့ ကယန်း ရိုးရာထည်တွေရောင်းတဲ့ တဲလေးထဲမှာ
တစ်ယောက်တည်း ထိုင်နေတဲ့ ကယန်းအမျိုးသမီးကြီးနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူတွေ တွဲရိုက်နိုင်ပေမဲ့
ဆိုင်လာတဲ့သူတွေအများစုရဲ့ ရည်ရွယ်ချက်က ကယန်းအစားအစာနဲ့ ပတ်ဝန်းကျင်
အေးအေးလေးကြောင့် အဓိကဖြစ်ဟန်တူတာမို့ တစ်ယောက်တည်းပျင်းရိစွာ ထိုင်နေရတဲ့
အမျိုးသမီးကြီးအပေါ် အားနာစိတ်တောင် ၀င်မိပါသေးတယ်။

ဒါနဲ့ စာရေးသူလည်း သူ့အနားသွားပြီး စကားစမြည်ပြောဖြစ်တဲ့အခါ "အိမ်ကို သတိရတယ်၊
အထည်တွေကို ၀ယ်လည်း မ၀ယ်ကြပါဘူး"လို့ ပြုံးပြီးပြောတဲ့ ကယန်းအမျိုးသမီးကြီးက
မိုးရွာလို့ ရုတ်ရုတ်သဲသဲ စားပွဲနေရာ ပြောင်းနေကြတဲ့ စားသုံးသူတွေကို လိုက်ငေးကြည့်ရင်း၊
ငမိုးရိပ်ချောင်းထဲက စက်လှေတွေကို ငေးကြည့်ရင်း၊ စားသောက်ဆိုင်ကို လာတဲ့ လူတွေက
အရေးတယူသိပ်မရှိတဲ့ သူ့ကိုယ်သူသတိထားမိရင်း ဟိုးအဝေးကရွာကို သတိရနေတယ် ထင်ပါရဲ့။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။