မှန်းချက်နဲ့ နှမ်းထွက် သိပ်မကိုက်ခဲ့တဲ့ ကိုရီးယားညစာ

မိုးသဲသဲမဲမဲ ရွာနေတဲ့ တနင်္ဂနွေနေ့ဖြစ်ပေမဲ့ စာရေးသူတို့ သတင်းစာသမားတွေအတွက်က ရုံးတက်ရတဲ့
နေ့ဖြစ်တာမို့ နည်းနည်းတော့ ကျွဲမြီးတိုချင်စရာပါပဲ။

ဒီတော့ တစ်နေကုန်ရုံးထဲမှာ မိုးသံနားထောင် အလုပ်လုပ်ပြီးလို့ ညနေခင်းမှာတော့ စိတ်ပျော်စရာ
အခြေအနေလေးကို ဖန်တီးရယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ပူပူနွေးနွေး စားစရာတစ်ခုခုကို
စားသောက်ဖို့အတွက် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း နှစ်ယောက်နဲ့အတူ ရုံးနဲ့ သိပ်မဝေးလှတဲ့
ဂျန်းရှင်းစီးတီး ကို ရောက်သွားပါတော့တယ်။

ဘာစားရကောင်းမလဲ စဉ်းစားတိုင်ပင်ကြရင်း သုံးလွှာကို ရောက်တော့ ကိုရီးယားထမင်းလိပ်၊
တော့ပူကီနဲ့ ငါးအူချောင်းတွေ ပူပူလောလော ရောင်းနေသလို အရန်ဟင်းတွေ အများကြီးနဲ့ စားချင်စဖွယ်
အရောင်စုံအောင် ခင်းကျင်းထားတဲ့ ကိုရီးယားဆိုင် Sorabol ရှေ့ရောက်တော့ စားချင်စိတ်တွေ
တားမရဖြစ်လာတာနဲ့ အားလုံးစိတ်တူကိုယ်တူ အထဲကို လှမ်းဝင်လိုက်ကြပါတယ်။

ရည်ရွယ်ချက်ကတော့ ကိုရီးယားစာ အသားကင်ပူပူနွေးနွေးနဲ့ ချဉ်စပ်ဟင်းရည်ပူပူတစ်ခုခု
သောက်မယ်ပေါ့။

အထဲရောက်တော့ ဆိုင်းအခင်းအကျင်းကို အကဲခတ်လိုက်တော့ ဆိုင်နေရာက တော်တော်လေး
ကျယ်သလို အခင်းအကျင်းကလည်း သိပ်မဆိုးလှပါဘူး။

ဝန်ထမ်းတွေကလည်း တော်တော်လေး ဖော်ရွေပါတယ်။ ၀င်လိုက်တာနဲ့ ဘယ်နှယောက်လည်းမေးပြီး
နေရာသေချာချပေးပါတယ်။

မီနူးလာပေးတော့ ၀က်ဂုတ်သားကင်၊ ကျပ် ၁၀,၀၀၀ ဆိုတာကို မှာလိုက်တော့ အဲဒီအမည်က
မရနိုင်ဘူးဆိုတာနဲ့ ထပ်ရွေးကြတဲ့အခါ ၀က်ဗိုက်သားကင် (အထူ)က တစ်ပွဲ ကျပ် ၁၀,၀၀၀ နဲ့
(အပါး) က တစ်ပွဲ ၈,၀၀၀ ဆိုတာနဲ့ ၀က်သားကင် အပါး တစ်ပွဲ မှာလိုက်ပါတယ်။

ဟင်းရည်ကိုတော့ ကင်မ်ချီဟင်းရည်က စားနေကျမို့ မစားဖူးသေးတာ စားကြမယ်ဆိုပြီး ၀န်ထမ်းကို
"ချဉ်စပ်ဟင်းရည် ဘယ်ဟာကောင်းလဲ"လို့ မေးကြည့်တဲ့အခါ သူက တို့ဟူးဟင်းရည်အစပ်ကို
ညွှန်းတာမို့ တခြားပဲပုတ်ဟင်းရည်တို့၊ အမဲသားဟင်းရည်တို့ကိုလည်း တွေ့ပေမဲ့ တို့ဟူးကိုပဲ
မှာလိုက်ပါတယ်။

ဟင်းရည်ပွဲတွေရဲ့ဈေးနှုန်းက ပါဝင်တဲ့ အသားအမျိုးအစားပေါ် မူတည်ပြီး ကျပ် ၆,၅၀၀ ကနေ
၇,၅၀၀ အတွင်းပါပဲ။ ဟင်းရည်ပွဲနဲ့အတူ ထမင်းဖြူတစ်ပွဲလည်း တွဲပါပါတယ်။

နောက်တော့ ကိုရီးယားဆိုင်ရောက်တိုင်း စားချင်တဲ့ တော့ပူကီနဲ့ ထမင်းလိပ်တွေလည်း
မှာလိုက်ပြန်ပါတယ်။

အဲဒါတွေကိုတော့ ဆိုင်ရှေ့မျက်နှာစာက ခင်းထားတဲ့နေရာမှာ ကိုယ်တိုင်သွားဝယ်ရတယ်ဆိုလို့
သွားကြည့်တော့ ထမင်းလိပ်က လက်တစ်လုံးခွဲစာလောက် အရွယ်သေးသေးလေးတွေ
လိပ်ထားတာကို တစ်ခု ကျပ် ၅၀၀ ဆိုတာနဲ့ သုံးယောက်စာ ခြောက်ခု ၀ယ်လိုက်ပြီး တော့ပူကီကတော့
လက်နှစ်ဆစ်စာလောက် အတုံးလေးတွေ ခြောက်ခု ပါတာကို တစ်ပွဲ ၁,၀၀၀ ဆိုတော့ ၁,၀၀၀ တန်
တစ်ပွဲပဲ မှာလိုက်တယ်။ အဲဒီမှာ ငါးအူချောင်းနဲ့ ပုစွန်ပြုတ်တွေလည်း ရနိုင်ပါသေးတယ်။

မှာထားတာလေးတွေ စောင့်နေတုန်းမှာ အ၀င်ဝတုန်းက တွေ့ခဲ့တဲ့ စားချင်စဖွယ် အရန်ဟင်းတွေ
အများကြီး လာချပေးပါတော့တယ်။

အရန်ဟင်းတွေကတော့ ကိုရီးယားဆိုင်တွေရဲ့ထုံးစံအတိုင်း ကင်မ်ချီမျိုးစုံ၊ ပဲငါးပိအစပ်အပြင်
နှမ်းဆီမွှေးကို နှမ်း၊ ဆားတို့နဲ့ ရောထားတဲ့ ခွက်လေးလည်း ချပေးပါတယ်။

ပြီးတော့ မီရောနိ့စ်နဲ့ သုပ်ထားတဲ့ အသီးအရွက်စုံသုပ်၊ နောက် ကြက်သွန်နဲ့ ဂေါ်ဖီကိုပဲ ဆလပ်ရွက်နဲ့
တွဲသုပ်ထားတဲ့ အသုပ်စသဖြင့် အရန်ဟင်းတွေက အများကြီးပါပဲ။ စားလို့လည်း ကောင်းပါတယ်။

အရန်ဟင်းတွေကို မြည်းကြည့်နေကြတဲ့အချိန်မှာပဲ တို့ဟူးဟင်းရည်လည်း ရောက်လာပါတယ်။
ချဉ်စပ်အရသာဟင်းရည်ပူပူကို မျှော်လင့်ထားတာမို့ လာချချခြင်းမှာ အားလုံးပြိုင်တူဆိုသလို
ခပ်ပြီးမြည်းကြည့်ကြပါတယ်။ ဟင်းရည်က တို့ဟူးကို ပဲငါးပိနဲ့ရောပြီး ချက်ထားတာပါ။ ပင်လယ်စာ
အနည်းငယ်နဲ့ ငှက်ပျောအူဖတ်လေးတွေလည်း ပါတာတွေ့ရပါတယ်။

မြည်းကြည့်တော့ အရသာက ကိုယ်စားဖူးနေကျ ကင်မ်ချီဟင်းရည်လောက် ပါးစပ်ထဲမှာ
အရသာမတွေ့ပါဘူး။ မျက်နှာချင်းဆိုင်က သူငယ်ချင်းကို လှမ်းကြည့်တော့ သူကလည်း
ခေါင်းယမ်းပြပါတယ်။ အရသာက အနည်းငယ်စပ်ပေမဲ့ အချဉ်အရသာတော့ လုံးဝ မရပါဘူး။
မကျက်တကျက် ကြက်ဥအနှစ်တွေနဲ့မို့ အီလည်လည်ကြီးဖြစ်နေပါတယ်။ ဒါနဲ့များ ဆိုင်က၀န်ထမ်းက
ချဉ်စပ်လို့ ဘာကြောင့်ပြောသလဲဆိုတာ မသိတော့ပါဘူး။

ပထမဆုံးမြည်းကြည့်တဲ့ ဟင်းလျာက လုံးဝစားမကောင်းတဲ့အခါ အားလုံးရဲ့ မျှော်လင့်ချက်က
ဝက်သားကင်ဆီရောက်သွားပါတယ်။ ၀က်သားကင်ကတော့ စာရေးသူတို့ ထိုင်တဲ့ လေးယောက်
စားပွဲဝိုင်းမှာ ကင်တဲ့ မီးဖိုမပါတာကြောင့် ဘေးက နှစ်ယောက်စားပွဲဝိုင်းမှာ ကင်ပေးပါတယ်။
ရနံ့လေးကတော့ ဘေးဝိုင်းမှာ ကင်တာတောင် ဒီဘက်ကို မွှေးလာတယ်။

ဒါပေမဲ့ သူတို့ကင်ပေးတဲ့ ၀က်သားအနေအထားကြောင့်လား၊ အသားကြောင့်ပဲလားတော့ မသိပါဘူး။
စားကြည့်တဲ့အခါ တခြားကိုရီးယားဆိုင်တွေမှာ အသားကင်စားရသလိုမျိုး အသားက ပါးစပ်ထဲမှာ
အရည်ပျော်ကျသွားသလို နူးအိတဲ့ခံစားချက်မျိုးကို မရပါဘူး။ ပြောရရင် အသားက စားရတာ မာပါတယ်။
ဒါပေမဲ့ ၀က်သားကင်ကို ဆလပ်ရွက်ထဲထည့် အပေါ်က ကင်မ်ချီအုပ်ပြီး ကိုရီးယားကားတွေထဲကလို
ထုပ်စားရင်တော့ မွှေးပြီးချဉ်စပ်အရသာနဲ့ စားကောင်းပါတယ်။

ဒါပေမဲ့ သိပ်ပြီးမမျှော်လင့်ထားတဲ့ ထမင်းလိပ်သေးသေးလေးတွေကတော့ စားကောင်းနေပြန်ပါတယ်။
ထမင်းလိပ်သေးသေးလေးတွေကို နှမ်းဆီမွှေးနဲ့ တို့စားရတာတော့ အရမ်းကို လိုက်ဖက်ပြီး
အရသာရှိပါတယ်။

တော့ပူကီကိုလည်း စားဖူးနေကျလိုမျိုး အစပ်မဟုတ်ဘဲ အချိုပဲ ရောင်းပါတယ်။ သူ့ကိုတော့
သိပ်မဆိုးပါဘူးလို့ပဲ ပြောရမှာပါ။

ရနိုင်တဲ့ အမည်တွေကတော့ တခြားကိုရီးယားဆိုင်တွေလိုပဲ ပဲခေါက်ဆွဲတို့၊ ထမင်းသုပ်တို့၊
ကင်မ်ချီပန်ကိတ်တို့လည်း ရပါတယ်။ နှစ်ယောက်စာ ကိုရီးယားဟော့ပေါ့လည်း ရပါတယ်။
ဈေးနှုန်းတွေကတော့ ကျပ် ၆,၀၀၀၊ ၉,၀၀၀၊ ၁၀,၀၀၀၊ ၂၀,၀၀၀ ၀န်းကျင်ကနေ ဟော့ပေါ့ဆိုရင်
၃၀,၀၀၀ ကျော်လောက်အထိ ရှိပါတယ်။ တချို့အစားအစာတွေက မီနူးထဲမှာ ပြထားပေမဲ့
တကယ်တမ်းမရတဲ့ အမည်တွေလည်း ရှိပါတယ်။

ကိုရီးယားဆန်အရက်နဲ့ ဆိုဂျူးတို့ သောက်ချင်တယ်ဆိုလည်း မှာသောက်လို့ရပါတယ်။
ဈေးနှုန်းတွေကတော့ သိပ်မသေးလှပါဘူး။ ဆိုဂျူးပုလင်းလေး တစ်ပုလင်းကို ကျပ် ၅,၈၀၀ ပါ။
ဆန်အရက်ကတော့ ပိုဈေးကြီးပါတယ်။ ဆန်အရက်က တစ်ပုလင်းကို ၇,၀၀၀ ပါ။
အသီးဖျော်ရည်တွေလည်း ရပြီး တစ်ခွက်ကို ၂,၅၀၀ ပါ။ ဘီယာလည်း ရနိုင်ပါတယ်။
စာရေးသူတို့ကတော့ ရေပဲသောက်ခဲ့ကြပါတယ်။

အားလုံးခြုံပြောရမယ်ဆိုရင်တော့ မိုးညနေခင်းမှာ ပူပူနွေးနွေးလေး တစ်ခုခုစားကြမယ့်ဆိုတဲ့
ရည်ရွယ်ချက်က အောင်မြင်သွားပေမဲ့ အရသာရှိရှိ ထိထိမိမိကောင်းလိုက်တာဆိုတာမျိုးတော့
မဖြစ်ခဲ့ပါဘူး။ စာရေးသူတို့ကတော့ ဈေးနှုန်းတွေကိုလည်း နည်းနည်းများတယ်လို့ ထင်မိပါတယ်။

ပြောရရင် ရွေးပြီးမှာလိုက်တဲ့ အဓိကအမည်နှစ်မျိုးက ကိုယ်မျှော်လင့်ထားသလောက် အရသာ
သိပ်မကောင်းတာမို့ ပေးရတာနဲ့ စားရတာ မတန်ဘူးလို့ ထင်မိပါတယ်။ ဒါပေမဲ့ ငွေရှင်းတဲ့အခါ
အခွန်အတွက် ၅ ရာခိုင်နှုန်းကိုပဲ ထည့်ကောက်ခဲ့ပြီး ၀န်ဆောင်မှုအတွက် တခြားဆိုင်တွေကောက်သလို
၁၀ ရာခိုင်နှုန်းကို ထည့်မကောက်တာကတော့ စားသုံးသူတစ်ဦးအနေနဲ့ ကျေနပ်စရာပါပဲ။

ဒါကြောင့် စာရေးသူကတော့ ကိုယ့်အကြိုက်မတွေ့ခဲ့လို့ ဒီဆိုင်မှာ သွားမစားပါနဲ့လို့တော့
မပြောဆိုချင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းလည်းမတူသလို
အရသာခံနိုင်စွမ်းချင်းလည်း ကွဲလွဲကြတာမို့ ကိုယ်တိုင် သွားရောက်မြည်းစမ်းကြည့်တာကတော့
အကောင်းဆုံးပါပဲ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။