ပြည် အစားအစာတွေ ရနိုင်တဲ့ ဗိုလ်အောင်ကျော်လမ်းက ဆိုင်သစ်လေး

ပြည် ပလာတာ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပြည် ပလာတာ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့ကနေ နာရီပေါင်း ငါးနာရီကျော်၊ ခြောက်နာရီလောက်အထိ ကားလမ်းခရီးနဲ့ သွားရမယ့်
ဧရာဝတီမြစ်ဘေးက ပြည်မြို့ဟာ တစ်ချိန်က မင်းနေပြည်တော် တည်ရှိခဲ့တဲ့ မြို့တွေထဲက
တစ်မြို့ပဲဖြစ်ပါတယ်။

ပြည်မြို့မှာ လူသိများတဲ့ စေတီပုထိုးတွေ များစွာရှိသလို နောက်ထပ်ထူးခြားချက်ကတော့ ဈေးချိုပြီး
အရသာရှိတဲ့ ဒေသအစားအစာတွေပါပဲ။

အခုတော့ အဲဒီအစားအစာတွေ မြည်းစမ်းဖို့ ခြောက်နာရီလုံးလုံး ကားစီးပြီး ပြည်အထိ သွားစရာ
မလိုတော့ပါဘူး။

ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမဘေး (အလယ်ဘလောက်)မှာ Prome City လို့
ခေါ်တဲ့ စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

နာမည်နဲ့ လိုက်ဖက်စွာပဲ အဲဒီဆိုင်မှာ အရသာရှိတဲ့ ပြည်အစားအစာတွေကို ရောင်းချပေးပါတယ်။

စာရေးသူတို့ရဲ့ရုံးနဲ့လည်း နီးတာမို့ ဖွင့်တာရက်ပိုင်းလောက်ပဲ ရှိသေးတဲ့ အဲဒီဆိုင်လေးကို အုပ်စုလိုက်
ချီတက်သွားခဲ့ကြပါတယ်။

ဆိုင်နေရာက သိပ်မကျယ်လှပေမဲ့ လေအေးပေးစက်နဲ့ သန့်ရှင်းသပ်ရပ်တဲ့ ပြင်ဆင်မှု ရှိပါတယ်။

စာရေးသူ ကြိုက်တာကတော့ စားသောက်ဆိုင်အောက်ထပ်ကနေ စားပွဲတချို့ ခင်းထားတဲ့
ထပ်ခိုးလေးပေါ် တက်သွားလို့ရတဲ့ သံကြောင်လိမ် လှေကားလှလှလေး ရှိတာပါပဲ။

ဒါပေမဲ့ လှေကားကသေးပြီး မတ်စောက်တာမို့ သတိထားပြီးတော့ တက်ဖို့ လိုပါတယ်။

ရောက်သွားတဲ့အချိန်က ညနေပိုင်းမို့ပဲလား၊ ဖွင့်တာပဲ မကြာသေး လို့ပဲလားတော့ မသိပါဘူး၊
ဆိုင်ထဲမှာ စားသုံးသူအနည်းအကျဉ်းလောက်ပဲ ရှိပါတယ်။

ဒီနေရာမှာ မှာစားဖြစ်ခဲ့တဲ့ အစားအသောက်တွေအကြောင်းကို မပြောခင်မှာ ပြည်ပလာတာနဲ့
စာရေးသူတို့ရဲ့ ဆက်နွှယ်မှုကို အရင်ဆုံးပြောပြဖို့ လိုပါလိမ့်မယ်။

စာရေးသူနဲ့အတူပါလာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြည်ဇာတိဖြစ်တာမို့ ပြည်အစားအစာတွေက
သူ့အတွက် မစိမ်းပါဘူး။ အဲဒါထက်ကိုမှ သူက စာရေးသူတို့ကို ပြည်ပလာတာ မကြာခဏ
လုပ်ကျွေးတတ်တဲ့အပြင် သူ့လက်ရာက တော်တော်လေးကိုကောင်းပါတယ်။

ဒီတော့ ပြောရရင် ပြည်ပလာတာနဲ့ ပြည်စာတွေရနိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပဲ ဒီဆိုင်သစ် 
Prome City ကို ရောက်သွားတာပဲဖြစ်ပါတယ်။

စားစရာတွေ မှာကြတော့လည်း တခြားအစားအစာတွေလည်း ရနိုင်ပေမဲ့ ပြည်အစားအစာတွေကို
အဓိကရွေးပြီး မှာဖြစ်ခဲ့ကြပါတယ်။

ပြည်ပလာတာ (ကျပ် ၂၀,၀၀)၊ ပဲပြုတ်ထမင်းကြော်သုပ် (ကျပ် ၂,၀၀၀)နဲ့ ပြည်အသုပ်စုံ
(ကျပ် ၁,၂၀၀) တို့ပဲဖြစ်ပါတယ်။

ဒါတွေက မနက်ခင်းပိုင်းစာ တွေဆိုပေမဲ့ ညနေပိုင်းမှာလည်း မှာစားလို့ရပါတယ်။

နောက်ထပ်မှာတာတွေကတော့ တရုတ်စာ မီနူးထဲက ကင်းမွန်သံပရာပေါင်း (ကျပ် ၆,၀၀၀) နဲ့
ပုစွန်ကွေကာ (ကျပ် ၆,၀၀၀) (သူကတော့ မီနူးထဲမှာ မထည့်ရသေးပေမဲ့ ဆိုင်ဝန်ထမ်း ညွှန်လို့
မှာလိုက်တာပါ) တို့ပဲဖြစ်ပါတယ်။

ပုစွန်ကွေကာ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပုစွန်ကွေကာ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ဆိုင်ရဲ့ ၀န်ထမ်းတစ်ဦး ရှင်းပြတာကတော့ ပြည်၊ တရုတ်၊ ထိုင်းနဲ့ မြန်မာအစားအစာအမည်ပေါင်း
၁၀၀ ကျော်ပါဝင်မယ့် မီနူးအသစ်ကို ဇူလိုင်လလောက်မှာ ထုတ်ပါမယ်တဲ့။

သူတို့ရဲ့ လက်ရှိမီနူးဆိုတာကတော့ လက်ကမ်းကြော်ငြာစာစောင်ပုံစံမျိုး လုပ်ထားပြီး စားစရာအမည်
၄၀ ကျော်လောက်ကို ပုံအနည်းငယ်နဲ့ ဖော်ပြထားပါတယ်။

မှာလိုက်ပြီး ၁၅ မိနစ်လောက်ကြာတော့ ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ရောက်လာပါတယ်။

ပြည်ပလာတာပွဲက ပလာတာအပြင် အီကြာကွေးလည်းပါပြီး ကြက်သားအနည်းငယ် ပါဝင်ပါတယ်။
ဟင်းရည်ကတော့ ခပ်ပျစ်ပျစ်နဲ့ ပူပူနွေးနွေးလေးမှာ အရသာလေးလေးနဲ့ စားလို့ ကောင်းပါတယ်။
(အပေါ့စားသူ တွေအတွက်တော့ အရသာလေး နိုင်ပါတယ်။) တွဲစားဖို့ သံပရာခြမ်း၊ ကြက်သွန်စိမ်းနဲ့
ငရုတ်သီးစိမ်းကိုလည်း ချပေးပါတယ်။

ပြည်အသုပ်စုံ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပြည်အသုပ်စုံ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ပြည်အသုပ်စုံကတော့ ရန်ကုန်က အသုပ်တွေနဲ့ နည်းနည်းကွဲပါတယ်။ အသုပ်စုံဆိုတဲ့အတိုင်း
တစ်ပွဲတည်းမှာ တိုဟူး၊ ခေါက်ဆွဲ၊ သင်္ဘောသီး၊ အာလူး၊ ပဲကြာဆံအပြင် အနီရောင်
မုန့်ကြွပ်လေးတွေပါ ထည့်သုပ်ထားတာမို့ ကြည့်လို့တောင် လှပါသေးတယ်။
ဒါပေမဲ့ ပြည်အသုပ်စုံကတော့ Prome City ရဲ့ အကောင်းဆုံးစားစရာအမည်တွေ စာရင်းထဲ
ပါပုံမရပါဘူး။

ထမင်းကြော်သုပ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ထမင်းကြော်သုပ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ဘ၀မှာ ထမင်းကြော်ကို အကြိမ်ပေါင်းများစွာစားဖူးပေမဲ့ ထမင်းကြော်သုပ်ကိုတော့ စာရေးသူဘ၀မှာ
ခုမှစားဖူးတာပါ။ သူက ကြက်ဥကြော်တော့ ထည့်မပေးပါဘူး။ လိုချင်ရင် သတ်သတ်မှာရပါတယ်။
ရောက်လာလို့ ကြည့်လိုက်တဲ့အခါ အမြင်က ဘာမှမထူးဆန်းသလို ရိုးစင်းလွန်းပေမဲ့ အနံ့ကတော့
စားချင်စရာမွှေးကြိုင်နေတာပါပဲ။ ဒါပေမဲ့ စားစရာတစ်ခုကို အမြင်နဲ့တင် ဆုံးဖြတ်လို့
မရဘူးမဟုတ်လား။ ပထမဦးဆုံးအကြိမ် စားဖူးတဲ့ ထမင်းကြော်သုပ်ရဲ့အရသာက
စိတ်ချမ်းသာစရာပါပဲ။ ဆီမများ၊ ပေါ့လည်းမပေါ့၊ လေးလည်းမလေးတဲ့ ထမင်းကြော်သုပ်ကို
စာရေးသူတစ်ဦးတည်းတင် ကြိုက်တာမဟုတ်ပါဘူး။ အတူပါလာကြတဲ့ နှစ်ယောက်ကပါ
ဇွန်းတစ်ချောင်းစီကိုင်ပြီး စားလိုက်ကြတာ တစ်အောင့်လေးနဲ့ကို ပန်းကန်ပြောင်သွား တော့တာပါပဲ။
ဒါကြောင့်မို့ Prome City မှာများ သွားစားဖြစ်တဲ့အခါ ထမင်းကြော်သုပ်ကို မဖြစ်မနေ မြည်းစမ်းဖို့
ညွှန်ပေးချင်ပါတယ်။

ကင်းမွန်သံပရာပေါင်း။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ကင်းမွန်သံပရာပေါင်း။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

တရုတ်ဟင်းတွေဖြစ်တဲ့ ပုစွန်ကွေကာနဲ့ ကင်းမွန်သံပရာပေါင်းကတော့ အပြင်အဆင်ရော၊
အနံ့အရသာပါ ဆွဲဆောင်မှုရှိပါတယ်။ ပုစွန်ကတော့ အကောင်ရေအနည်းငယ်ပဲပါလို့ ပေးရတာနဲ့
တန်ပါ့မလားလို့ တွေးမိပေမဲ့ ကွေကာဖတ် ကြွပ်ကြွပ်ချိုချိုလေးနဲ့ ပုစွန်ကွေကာဟင်းပွဲကို မြည်းအပြီးမှာ
အတွေးပြောင်းလဲသွားပါတယ်။ ချိုမွှေးပြီး ကြွပ်ရွနေတဲ့ ပုစွန်ကွေကာကိုလည်း မြည်းစမ်းကြည့်ဖို့
တိုက်တွန်းလိုက်ပါတယ်။

လတ်ဆတ်ပြီး သွားရည်ယိုစရာရနံ့၊ ပူစပ်တဲ့အရသာနဲ့ ကင်းပွန်သံပရာပေါင်းကလည်း
ရာသီဥတုကြောင့်ဖြစ်နေတဲ့ ရောဂါတွေကို လွင့်စဉ်သွားအောင် လုပ်နိုင်ပါတယ်။
အစပ်မကြိုက်ဘူးဆိုရင်တော့ ဒီဟင်းပွဲကို မမှာသင့်ပါဘူး။ ချဉ်ချဉ်စပ်စပ်အရသာနဲ့
ကင်းပွန်သံပရာပေါင်းကို အထူးအကြိုက်တွေ့ခဲ့တာကတော့ နေမကောင်းဖြစ်နေပြီး ခံတွင်းပျက်နေတဲ့
လုပ်ဖော်ကိုင်ဖက်ပါပဲ။ ပုစွန်ကွေကာက အချိုမို့ ကင်းပွန်သံပရာပေါင်းနဲ့ တွဲစားတဲ့အခါ အင်မတန်
လိုက်ဖက်သွားပါတယ်။

အစားအစာပိုင်းမှာ အမည်တွေအကုန်လုံး ကောင်း၊ မကောင်းတော့ မပြောနိုင်ပေမဲ့ ရနိုင်တဲ့
အမည်တွေကတော့ တော်တော်လေးကို စုံပါတယ်။ သောက်စရာကတော့ ပြည် နို့လက်ဖက်ရည်၊
နို့ကော်ဖီ၊ အသီးဖျော်ရည်အနည်းငယ်နဲ့ အအေးဘူးတွေပဲရပါတယ်။

အားလုံး ခြုံငုံပြီး ပြောရရတော့ Prome City စားသောက်ဆိုင်က စာရေးသူတို့လို ဘီယာ၊
အရက်မကြိုက်တဲ့သူတွေ သွားသင့်တဲ့ ဆိုင်တစ်ဆိုင်ပါ။

Prome City ကို နေ့စဉ် နံနက် ၈ နာရီခွဲကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ ဖွင့်ပါတယ်။

ဆိုင်လိပ်စာကတော့ အမှတ် ၃၀၁၊ မြေညီထပ်၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်မှာပါ။

Father’s Office Bar & Grill ရဲ့ ဘေးတစ်အိမ်ကျော်မှာ တည်ရှိပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။