မိုးလင်းအထိ ဖွင့်ကြတဲ့ ရန်ကုန်က ထမင်းကြော်ဆိုင်တွေ

ထမင်းကြော်ဆိုတာ အာရှလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြတဲ့ စားစရာတစ်မည်ပါ။ ဒါပေမဲ့
တစ်ကမ္ဘာလုံးကလည်း သိကြတဲ့ စားစရာဆိုလည်း မမှားပါဘူး။ ထမင်းကိုအခြေခံပြီး ပြုလုပ်တယ်
ဆိုပေမဲ့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ချက်နည်းတွေကတော့ အနည်းငယ်စီ ကွဲပြားကြပါတယ်။
မြန်မာထမင်းကြော်မှာလည်း သူ့ကိုယ်ပိုင်စတိုင် ရှိပါတယ်။ အဲဒါကတော့ စားတော်ပဲပြုတ်
ထည့်ကြော်တာပါပဲ။ မြန်မာလူမျိုးအများစုဟာ ထမင်းကြော်ကို မနက်ခင်းအဆာပြေစာအတွက်တင်
သာမကဘဲ ဘယ်လိုအချိန်အခါမျိုးမှာမဆို နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြပါတယ်။ ဒါကြောင့်
ရန်ကုန်မြို့ထဲမှာ ထမင်းကြော်ဆိုင်တွေကို ဆိုင်ကြီးတွေနဲ့ရော လမ်းထောင့် လမ်းသွယ်လေးတွေမှာ
ဆိုင်ခုံလေးခင်းပြီးရောင်းချတာ အများအပြားတွေ့ကြရမှာပါ။ ဆိုင်အများစုကတော့ မနက်ခင်းပိုင်းမှာ
ရောင်းချပြီး ညနေပိုင်းကျမှ စဖွင့်ပြီး ညလုံးပေါက်ရောင်းကြတဲ့ ဆိုင်တွေလည်း ရှိကြပါတယ်။
မြန်မာတိုင်း(မ်)က ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မနက်ခင်းစာ၊ နေ့လယ်စာနဲ့ ညစာအတွက်ပဲ
ရောင်းချတဲ့ စားသောက်ဆိုင်တွေအကြောင်းကို အများကြီးဖော်ပြခဲ့ပြီးပြီမို့ ခုသီတင်းပတ်မှာတော့
ညလယ်စာရောင်းတဲ့ ထမင်းကြော်ဆိုင်တွေအကြောင်းကို စုစည်းဖော်ပြပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကဲ ... မြန်မာတိုင်း(မ်)က သတင်းထောက်တွေကို ဆွဲဆောင်နိုင်တဲ့ ထမင်းကြော်ဆိုင်တွေက
ဘယ်ဆိုင်တွေဖြစ်မလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

စားသုံးသူများကို ထမင်းကြော်ပွဲများ ပြင်ဆင်ပေးနေတဲ့ မဖက်တီးမ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)စားသုံးသူများကို ထမင်းကြော်ပွဲများ ပြင်ဆင်ပေးနေတဲ့ မဖက်တီးမ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

၁၇ လမ်းက ဖက်တီးမ ထမင်းကြော်ဆိုင်

ဒီဆိုင်ကတော့ အရသာကောင်းတဲ့အပြင် တရုတ်တန်းနားမှာလည်း ဖြစ်တာမို့ ညဘက်
အပြင်ထွက်ကြတဲ့ လူလတ်ပိုင်းနဲ့ လူငယ်တွေကြားမှာ ရေပန်းစားလှတဲ့ဆိုင်တစ်ဆိုင်ပါပဲ။
၁၉၉၇ ခုနှစ်ဝန်းကျင်လောက်ကတည်းက အနော်ရထာလမ်းနဲ့ ၁၇ လမ်းထောင့်မှာ စဖွင့်လာတာမို့
ဆိုင်သက်တမ်းက ခုဆိုရင် နှစ် ၂၀ လောက်ရှိပါပြီ။

လမ်းဘေးဆိုင် ခပ်သေးသေးမှာ ဟင်းအမျိုးအမည်လည်း စုံစုံလင်လင် မဟုတ်ဘဲ စဖွင့်ခဲ့တဲ့
ဆိုင်ကလေးဟာ ခုချိန်မှာတော့ ဟင်းအမည်ပေါင်းများစွာ ရောင်းချနေတဲ့ လမ်းဘေးဆိုင်ကြီးတစ်ဆိုင်
ဖြစ်နေပါပြီ။ အသက် ၃၅ နှစ် ကျော်၊ ၄၀ နီးပါးလောက်ရှိမယ့် လုံးလုံးပြည့်ပြည့် ကိုယ်ခန္ဓာကို
ပိုင်ဆိုင်ထားတဲ့ ဆိုင်ရှင် အစ်မကြီးရဲ့ နာမည်က 'ဖက်တီးမ'မို့ ဆိုင်နာမည်ကလည်း 'ဖက်တီးမ' ဆိုပြီး
ဖြစ်လာပုံရပါတယ်။ ဒါပေမဲ့ ဈေးရောင်းတာ သွက်လက်ပုံကတော့ ဒုံးပျံ တစ်စင်းလိုပါပဲ။

ပါးစပ်ကလည်းပြော လက်ကလည်း မနားတမ်း ဟင်းတွေ တစ်ပွဲပြီး တစ်ပွဲ ပြင်ပေးလိုက်၊
ဆိတ်စွပ်ဟင်းတွေ ခပ်ထည့်ပေးလိုက်၊ လက်ဖက်သုပ်ပေးလိုက်နဲ့ တစ်မျိုးပြီးတစ်မျိုး ဇယ်ဆက်သလို
လုပ်နေရင်းက ၀န်ထမ်းအမျိုးသမီးငယ်လေး နှစ်ယောက်ကိုလည်း စားသုံးသူတွေလိုအပ်တာ
လုပ်ပေးဖို့ကို လှမ်းပြီးကြီးကြပ် ပြောဆိုလိုက်ပါသေးတယ်။

"ညမိုးချုပ်လေ အရောင်းသွက်လေပါပဲ။ နှစ် ၂၀ သက်တမ်းရှိပြီမို့ စားနေကျဖောက်သည်တွေကလည်း
မနည်းမနောပါပဲ"လို့ အလုပ်လုပ်ရင်းမပြတ်ကနေ မဖက်တီးမက ပြောလိုက်ပါတယ်။

ဖက်တီးမဆိုင်မှာ ရောင်းချပေးတဲ့ ဟင်းပွဲများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဖက်တီးမဆိုင်မှာ ရောင်းချပေးတဲ့ ဟင်းပွဲများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ဒါပေမဲ့ လမ်းဘေးဆိုင်ဆိုတော့ စားသာစား ဘေးဘီဝဲယာတော့ သိပ်မကြည့်နဲ့လို့ ပြောရမှာပါပဲ။
လမ်းဘေးဆိုင်တို့ ထုံးစံအတိုင်း မြေကြီးပေါ်မှာ မြေကြွက်လေးတွေ ပြေးလွှားအစာရှာနေကြတာကို
တွေ့ရတာကတော့ ရန်ကုန်မြို့မှာ ရိုးနေပါပြီ။ ဒါပေမဲ့ ဆိုင်အခင်းအကျင်းအပြင်အဆင်နဲ့ အသုံးပြုတဲ့
ပန်းကန်၊ ဇွန်းတွေကတော့ သန့်သန့်ရှင်းရှင်းပါပဲ။

ထမင်းကြော်နဲ့ တွဲစားလို့ကောင်းတဲ့ ကြက်၊ ၀က်၊ ဆိတ်၊ အမဲ၊ ဆတ်သားခြောက်စတဲ့
အခြောက်ကြော် အမွကြော်တွေလည်းရသလို ထမင်းကြော်ကို ဟင်းရည်လေးရွှဲရွဲဆမ်းပြီး
စားရတာကြိုက်တဲ့သူတွေအတွက်လည်း ၀က်မျှစ်ချဉ်၊ ပုစွန်ခေါင်းဟင်းတွေအပါအ၀င် ဆီပြန်ဟင်း
မျိုးစုံလည်း ချက်ရောင်းပေးပါတယ်။ အရန်ဟင်းတွေထဲမှာတော့ ငရုတ်သီးနိုင်းချင်းနဲ့ ချက်ထာတဲ့
ဂွေးသီးငါးပိချက်၊ ချဉ်ပေါင်အစပ်ကြော်၊ ခရမ်းသီးမီးဖုတ်ကြော်၊ ပဲပင်ပေါက်ပဲပြားကြော်၊
ပဲကြီးဆူးပုတ်နှပ်တို့လည်း ရနိုင်ပါတယ်။

ဟင်းလျာတွေရဲ့အရသာကတော့ နာမည်ကြီးဆိုင်မို့ ပြောစရာမလို လောက်အောင် ကောင်းပါတယ်။
ဈေးနှုန်းကတော့ တခြားဆိုင်တွေထက်စာရင် နည်းနည်းပိုများပါတယ်။ အခဲမဲ့ပေးတာကတော့
ငရုတ်သီးကြော် စပ်စပ်လေးနဲ့ ဂေါ်ဖီငရုတ်သီးစိမ်းအချဉ်ပါ။ ဟင်းရည်တော့မတိုက်ပါဘူး။ ထမင်းကြော်၊
ထမင်းဟင်းအပြင် ထမင်းစားပြီး အချိုပါတစ်ခါတည်း တည်းနိုင်အောင် သရက်သီးမှည့်ပါ
ခွဲရောင်းပေးပါသေးတယ်။

ဖက်တီးမဆိုင်မှာ ရောင်းချပေးတဲ့ ဟင်းပွဲများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဖက်တီးမဆိုင်မှာ ရောင်းချပေးတဲ့ ဟင်းပွဲများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ဆိုင်ဖွင့်ချိန် - ညနေ ၆ နာရီကနေ မနက် ၄ နာရီအထိ
ဈေးနှုန်း - ဟင်းနဲ့ ထမင်းကြော်တစ်ပွဲကို ကျပ် ၂,၅၀၀၊ ၂,၀၀၀ နဲ့ ၁,၅၀၀ ဆိုပြီး ဟင်းအမည်ပေါ်
မူတည်ပြီး အစားစားရှိပါတယ်။ လက်ဖက်သုပ်၊ ပဲခြမ်းသုပ်၊ ငါးပိသုပ်၊ မြင်းခွာရွက်သုပ်စတဲ့ အသုပ်တွေ
ကတော့ တစ်ပွဲကို ၁,၀၀၀ ပါ။ အရန်ဟင်းကတော့ တစ်ပွဲကို ၅၀၀ ပါ။ ဆိတ်စွပ်ဟင်းကတော့
တစ်ပွဲကို ၃,၀၀၀ ပါ။

လဲ့ဖြူပြာမျိုးမြင့် ရေးသားသည်။


ရန်ကင်းက လင်းလင်း ထမင်းကြော်ဆိုင်

ရန်ကင်း မိုးကောင်းက လင်းလင်း ထမင်းကြော်ဆိုင်ကလည်း အစား အသောက်ကြိုက်တဲ့
သူတွေကြားမှာ လူသိများပါတယ်။ ကံဘဲ့လမ်းမပေါ် မိုးကောင်းဘုရားအနီးမှာပဲ ဖွင့်လာခဲ့တာ
၁၀ နှစ်ကျော်လောက်ရှိပါပြီ။

တိုက်ခန်းမြေညီမှာ ရောင်းတာမို့ ဆိုင်ထဲမှာလည်း ၀င်စားလို့ရတဲ့အပြင် ဆိုင်အပြင်ဘက်
လမ်းဘေးမှာလည်း စားပွဲခုံတွေ ခင်းပေးထားပါတယ်။

'လင်းလင်း' ထမင်းကြော်ဆိုင် နာမည်ကြီးရတာက သူများနဲ့မတူတဲ့ ထမင်း ကြော်ပုံစံနဲ့ ဟင်းချက်တဲ့
လက်ရာက နှစ်ပေါင်းများစွာတိုင် တစ်သမတ်တည်း ရှိပြီး အရသာကောင်းမွန်မှုတို့ကြောင့်ပါ။

ထမင်းကြော်ဟာ အ၀ါရောင်လေးသန်းနေပြီး အဲဒါကတော့ ထမင်းကို ပဲဆီအပြင် Mother Choice ပါ
ထည့်ပြီး ကြော်ထားလို့ပါ။ ပူပူလေးဆို မွှေးပြီး ထမင်းကြော်ချည်းကို စားလို့အရသာရှိနေတာပါ။
ဟင်းတွေကလည်း အစုံပါပဲ။ အခမဲ့ပေးတာတွေကတော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူတွေ
ချပေးထားသလို ငပိထောင်းနဲ့ ဟင်းချိုရည်အပြင် အချိုတည်းဖို့ ထန်းလျက်ခဲလည်း ပေးပါတယ်။

ဒီဆိုင်မှာ ၀န်ဆောင်မှုမြန်တာကလည်း တော်တော်လေး အဆင်ပြေပါတယ်။ အကြံပေးရမယ်ဆိုရင်
ကိုယ်စားချင်တာကို စားပွဲမှာထိုင်ပြီး စားပွဲထိုးကို မေးနေမယ့်အစား ဘာဟင်းတွေရှိလဲ သွားကြည့်ပြီး
လက်ညိုးထိုးမှာလိုက်တာက အကောင်းဆုံးပါပဲ။

ဆိုင်ဖွင့်ချိန် - ညနေ ၄ နာရီကနေ မနက် ၄ နာရီအထိ
ဈေးနှုန်း - ထမင်းကြော်ဖြစ်ဖြစ်၊ ထမင်းဖြူဖြစ်ဖြစ်တစ်ပွဲကို ကျပ် ၄၀၀ ပါ။ လိုက်ပွဲကတော့
တစ်ပွဲ ၂၀၀ ပါ။ ဟင်းတွေကတော့ တစ်ပွဲကို ကျပ် ၈၀၀ ကနေ အများဆုံး ကျပ် ၂,၀၀၀ တန်
ဘဲပေါင်းအထိရှိပြီး အရန်ဟင်းတွေကတော့ တစ်ပွဲကိုကျပ် ၃၀၀ သတ်မှတ်ထားပါတယ်။

မျိုးဆက် ရေးသားသည်။


လှည်းတန်းက ရွာမ ထမင်းကြော်ဆိုင်

နာမည်ကျော်ထမင်းကြော်ဆိုင်တွေထဲမှာ တစ်ဆိုင်အပါအ၀င်ဖြစ်တဲ့ ရွာမ ထမင်းကြော်ဆိုင်က
လှည်းတန်းမီးပွိုင့်ကို စိန်ေ-ဂဟာစင်တာရှေ့ကနေ ဖြတ်မောင်းလာရင် ဗဟိုလမ်းနဲ့ဆုံတဲ့
လမ်းထောင့်မှာရှိပြီး လှည်းတန်း တစ်ဝိုက်က ထမင်းကြော်ဆိုင်တွေထဲမှာတော့ အထင်ကရဆိုင်
တစ်ဆိုင်ပါပဲ။

ဒီဆိုင်ရဲ့သက်တမ်းက လေးနှစ်သာရှိသေးပေမဲ့ ရောင်းအားက ဘယ် လောက်အထိကို
ကောင်းသလဲဆိုရင် တစ်ညကို ဆန်တစ်အိတ်ခွဲအထိ ချက်ရောင်းရပါတယ်။ ဒါက ပုံမှန်ရက်တွေမှာ
ရောင်းရတာပါ။ သောကြာ၊ စနေနဲ့ တနင်္ဂနွေညတွေမှာတော့ ညဘက်အပြင်ထွက်ကြတဲ့
လူငယ်တွေများတာမို့ ဆန်နှစ်အိတ်ခွဲအထိ ချက်ရောင်းရတယ်လို့ ရွာမ ထမင်းဆိုင်ရဲ့ ပဲ့ကိုင်ရှင်
ဦးစိုးအောင်က ပြောပါတယ်။

လမ်းဘေးဆိုင်ဆိုပေမဲ့ လူအယောက်လေးရာလောက် တပြိုင်တည်း စားနိုင်အောင် စားပွဲတွေ
ခင်းထားပြီး ဆိုင်ဝန်ထမ်း ကိုးယောက်နဲ့ တစ်ညလုံး မရပ်မနား ရောင်းချနေရတဲ့
ရွာမထမင်းကြော်ဆိုင်မှာ အသီးအရွက်ကြော်နဲ့ ငါး အမည်တွေကိုမရောင်းဘဲ ကြက်သား၊ ၀က်သားနဲ့
ဘဲသားဟင်းအမည်စုံကိုပဲ ရောင်းချတာကလည်း ထူးခြားမှုတစ်ခုပါပဲ။

"ညဘက်လာစားကြတဲ့လူငယ်တွေက အရက်၊ ဘီယာ တစ်ခုခုသောက်ထား တတ်ကြတယ်။
ပြီးတော့ ညဘက်ဆိုတော့ မီးအလင်းအားနဲ့ အရိုးစူးကြမှာ လည်း စိုးရိမ်တော့ ဟင်းအမည်
စာရင်းထဲက ငါးကို ဖယ်လိုက်တယ်။ ငါးရံ့အူ လိုမျိုး အရိုးမပါတဲ့ ငါးဟင်းတစ်မျိုး၊ နှစ်မျိုးလောက်တော့
တစ်ခါတလေ ရောင်းပါတယ်"လို့ ဦးစိုးအောင်က ပြောပါတယ်။

သူ့ဆိုင်မှာ ၀က်သားဟင်းအမည်ပေါင်း ၁၅ မျိုးအထိရှိပြီး ၀က်အချိုချက်၊ ၀က်ပေါင်း၊ ၀က်မျှစ်ချဉ်၊
ဝက်ကြံမဆိုင်၊ ၀က်ကလီစာ၊ ၀က်စွပ်ပြုတ်၊ ၀က်ခေါက်ကင်၊ ၀က်ခေါင်းသုပ်တွေ စတဲ့အမည်တွေ
ရှိသလို ကြက်သားနဲ့ ဘဲသားကိုလည်း အမည်စုံ ချက်ပြုတ်ရောင်းချပေးပါတယ်။

အခမဲ့ထည့်ပေးတဲ့ အရန်ဟင်းတွေအဖြစ် ကြက်သွန်နီအရွယ်တော် အလုံးလိုက်တွေကို
ရှလကာရည်နဲ့ စိမ်ထားတဲ့ ကြက်သွန်ချဉ်အပြင် ငါးပိထောင်း၊ ချဉ်ပေါင်မျှစ်ဟင်းချိုတွေကို
လိုသလောက် ချပေးပါတယ်။ ဒါပေမဲ့ ဒီဆိုင်မှာ ထုတ်ထားတဲ့ စည်ကမ်းချက်တစ်ခုတော့ ရှိပါတယ်။
ဒါကတော့ ဆိုင်မှာ အရက်၊ ဘီယာနဲ့ ဆေးလိပ်ကို ရောင်းချမပေးသလို သောက်သုံးခွင့်လည်း
မပေးပါဘူး။

"ကျွန်တော်တို့က ညဘက်အပြင်ထွက်တဲ့ အမျိုးသားလူငယ်တွေကို အဓိကထားရောင်းရပေမဲ့
တခြားမိသားစုနဲ့လာစားသူတွေ၊ နောက် မိတ်ဆွေ တွေ အဖွဲ့လိုက်လာစားသူတွေလည်းရှိတော့
လေးစားတဲ့အနေနဲ့ အရက်ဘီယာ လုံးဝမရောင်းဘဲ ဆိုင်အတွင်းသောက်သုံးခွင့်လည်း မပြုပါဘူး"လို့
ဦးစိုးအောင် က ပြောပါတယ်။

ဆိုင်ဖွင့်ချိန် - ည ၇ နာရီကနေ မနက် ၃ နာရီအထိ
ဈေးနှုန်း - ထမင်းကြော်နဲ့ ဟင်းတစ်ပွဲကို ပုံမှန်ဈေး ကျပ် ၂,၀၀၀ သတ်မှတ်ထားပြီး ငါးခြောက်ကြော်၊
ကြက်ဥကြော်တို့နဲ့ဆိုရင်တော့ ကျပ် ၁,၀၀၀ ၀န်းကျင်ပဲ ကျသင့်မှာဖြစ်ပါတယ်။

ငြိမ်းအိအိထွေး ရေးသားသည်။


ဗိုလ်တထောင်ဘုရားလမ်းက ကံချွန်ထမင်းကြော်ဆိုင်

ဗိုလ်တထောင်ဘုရားလမ်း (အထက်လမ်း)နဲ့ ၅၂ လမ်းအထက်လမ်း တစ်ဝိုက်မှာ ညနေပိုင်းမှစဖွင့်တဲ့
လမ်းဘေးစားသောက်တန်းလေးမှာတော့ 'ကံချွန်' ထမင်းကြော်ဆိုင်က ကြယ်တစ်ပွင့်ပါပဲ။

ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်အလိုက်
လမ်းဘေးဈေးသည်တွေကို နေရာနဲ့အချိန် သတ်မှတ်ရောင်းချ ခွင့်ပြုတဲ့ ဆိုင်တွေထဲမှာ
ပုဇွန်တောင်မြို့နယ်အတွက် စည်းကမ်းအကောင်းဆုံး ဆိုင်အဖြစ် သုံးနှစ်ဆက်တိုက်ကို
ဒုတိယဆု၊ တတိယဆုနဲ့ နောက်ဆုံးမှာ ပထမဆုကို ရရှိခဲ့လို့ပါပဲ။

ပျော်ဘွယ်ကနေလာတဲ့ ဆိုင်ရှင် ဒေါ်သန်းသန်းနွဲ့က လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တစ်ဦးတည်း
ရောင်းတဲ့ ကြာဆန်ကြော်ဆိုင်လေး စဖွင့်ခဲ့ရာကနေ အခုဆိုရင် နယ်ကတူတွေ၊ တူမတွေ၊ အမျိုးတွေ
သိုက်သိုက်ဝန်းဝန်းနဲ့ အောင်မြင် နေတဲ့ထမင်းကြော်ဆိုင် ဦးစီးလုပ်ကိုင်နေတာပါ။

ရရှိထားတဲ့ ဆုလက်မှတ်များကို ပြသနေတဲ့ ကံချွန်ထမင်းကြော်ဆိုင် ပဲ့ကိုင်ရှင် ဒေါ်သန်းသန်းနွဲ့။ ညိုမီ/မြန်မာတိုင်း(မ်)ရရှိထားတဲ့ ဆုလက်မှတ်များကို ပြသနေတဲ့ ကံချွန်ထမင်းကြော်ဆိုင် ပဲ့ကိုင်ရှင် ဒေါ်သန်းသန်းနွဲ့။ ညိုမီ/မြန်မာတိုင်း(မ်)

သူ့ဆိုင်မှာ ဟင်းအမည်ပေါင်း ၃၅ မျိုးလောက်ရပြီး မှာထားတာနဲ့အတူ လာချပေးတာကတော့
ချဉ်ရည်ဟင်းနဲ့ မြိတ်ငါးပိထောင်းပါ။ ထမင်းကြော်ကို ကြက်ပေါင်းသားလေးတစ်ဖတ်၊ ဆတ်မွကြော်နဲ့
ငါးပိထောင်းလေးထည့်ပြီး စားတဲ့အလုတ်တိုင်းက စာရေးသူအတွက်တော့ သုခပါပဲ။ ငါးပိထောင်း
အစားများလို့ စပ်သွားရင် ချဉ်ရည်ဟင်းလေးမှုတ်သောက်လိုက်နဲ့ ထမင်းကြော် တစ်ပန်းကန်က
ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။

ဒီလိုရောင်းနိုင်ဖို့ကိုတော့ ဒေါ်သန်းသန်းနွဲ့တစ်ယောက် မနက်တိုင်း ဈေးသွားပြီး အသား
ခုနစ်ပိဿာ၊ ရှစ်ပိဿာဝယ်၊ မနက် ၁၁ နာရီလောက် ဆိုရင် စချက်ပြုတ်ကြပါတယ်။

"ကြက်သားဆိုရင် လေးပိဿာလောက်၊ (ပြီးတော့မှ ကြက်ကြော်၊ ကြက်သည်းမြစ်၊
ကြက်သားဟင်းပြန်ခွဲ)၊ ၀က်သား နှစ်ပိဿာ၊ ၀က်ကလီစာဆို ၅၀ သား၊ ငါးဆိုလည်း ကြော်တာကော၊
ချက်တာကော တစ်ပိဿာ၊ တစ်ပိဿာ၅၀ အဲဒီလိုမျိုး ၀ယ်တယ်"လို့ ဒေါ်သန်းသန်းနွဲ့က ဆိုပါတယ်။

ဆိုင်ဖွင့်ချိန် - ညနေ ၃ နာရီကနေ မနက် ၂ နာရီလောက်အထိ
ဈေးနှုန်း - ထမင်းဖြူ၊ ကြော် အလွတ်တစ်ပွဲကို ကျပ် ၄၀၀ နဲ့ ရောင်းချပြီး အသားဟင်းကတော့
တစ်ပွဲကို ကျပ် ၁,၃၀၀ - ၁,၄၀၀ နဲ့ ရောင်းပါတယ်။ ပုစွန်၊ ဆတ်သားလိုအမည်တွေကိုတော့
တစ်ပွဲကို ကျပ် ၁,၅၀၀ သတ်မှတ် ထားပါတယ်။

ညိုမီ ရေးသားသည်။


ထမင်းကြော်ဆိုင်ရှင် ဦးတုတ်ကြီး။ နန္ဒာအောင်/မြန်မာတိုင်း(မ်)ထမင်းကြော်ဆိုင်ရှင် ဦးတုတ်ကြီး။ နန္ဒာအောင်/မြန်မာတိုင်း(မ်)

ယုဇနဥယျာဉ်မြို့တော်က ဦးတုတ်ကြီး ထမင်းကြော်ဆိုင်

ယုဇနဥယျာဉ်မြို့တော်ဘက်ကို ညဘက်ပိုင်းမှာ ရောက်ဖြစ်တယ်ဆိုရင် လမ်းပေါ်မှာ လူခြေတိတ်ပြီး
တိတ်ဆိတ်ခြောက်ကပ်နေတတ်ပေမဲ့ အမြဲလိုလို အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ပုဆိုးတိုတိုဝတ်၊
အရပ်မြင့်မြင့်၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ် ပိုင်ရှင်ဦးတုတ်ကြီးရဲ့ ထမင်းကြော်ဆိုင်နားတစ်ဝိုက်မှာတော့
လူစည်ကားနေတတ်ပါတယ်။

ဦးတုတ်ကြီးနဲ့ သူ့ရဲ့အစ်မတစ်သိုက်တို့ဖွင့်ထားကြတဲ့ ထမင်းကြော်ဆိုင် လေးက စစ်တောင်းရိပ်မွန်
မုခ်ဦးနားမှာ ဖွင့်လှစ်ထားတာ ဆိုင်သက်တမ်းက ငါးနှစ်ကျော်၊ ခြောက်နှစ်လောက်ရှိပါပြီ။

ထူးဆန်းတာတစ်ခုက သူ့ဆိုင်မှာ ဘယ်လောက်ပဲလူများများ လာရောက် စားသုံးသူတိုင်းနဲ့
သူတို့ စားလေ့ရှိတဲ့ ဟင်းလျာတွေကိုတွဲပြီး မှတ်မိနေတတ် တာက ဦးတုတ်ကြီးပါပဲ။

တခြားဆိုင်တွေလိုပဲ အမည်စုံဟင်းတွေရပေမဲ့ ဒီဆိုင်ရဲ့လူကြိုက်များတဲ့ ဟင်းလျာတွေကတော့
ဝက်ကလီစာဟင်းနဲ့ ကြက်အသည်းအမြစ်ဟင်းပါပဲ။ အရွက်ကြော်၊ အရွက်သုပ်ကိုတော့ ညတိုင်း
တစ်မျိုးစီပဲ တင်လေ့ရှိတာကြောင့် သက်သတ်လွတ်သမားတွေအတွက်တော့ အဆင်မပြေလှပါဘူး။

ဟင်းတစ်မျိုးနဲ့ ထမင်းကြော်တစ်ပွဲကိုမှ ကျပ် ၁,၀၀၀ စွန်းစွန်းလောက်နဲ့ ရောင်းချပေးပေမဲ့ ကျန်တဲ့
ဟင်းကို နောက်တစ်နေ့နွှေးပြီး ပြန်ရောင်းတာမျိုး မရှိသလို ဆီပေါလောနဲ့လည်းမဟုတ်ဘဲ
အရသာကောင်းကောင်းနဲ့ အိမ်ချက်အတိုင်း စားသုံးရတာက ဦးတုတ်ကြီးထမင်းကြော်ဆိုင်ရဲ့
ဆွဲဆောင်မှုပါပဲ။

ဒါကြောင့် စင်ပြိုင်ထွက်ပေါ်လာတဲ့ တခြားထမင်းကြော်ဆိုင်တွေ အနီးအနားမှာရှိပေမဲ့
ဦးတုတ်ကြီးဆိုင်ကိုတော့ ဘယ်ဆိုင်မှယှဉ်နိုင်တာ မတွေ့ရပါဘူး။

စာရေးသူအတွက်ကတော့ ထမင်းကြော်တစ်ခါပြင်ဆို စားလောက်ပါတယ်။ ဒါပေမဲ့ တချို့အမျိုးသား
စားသုံးသူတွေနားမှာတော့ လိုက်ပွဲတွေ ထပ်နေတတ်ပြီး ထမင်းကြော်လိုက်ပွဲတစ်ပွဲကိုမှ ကျပ် ၁၀၀ ပဲ
ပိုပေးရပါတယ်။ ထမင်းကြော် ဟင်းနဲ့ တစ်ခါပြင်ဆိုရင် တွဲဖက်စားဖို့ အရည်သောက်တစ်မျိုး၊
ငရုတ်သီးအကြမ်းဖတ်ကြော်နဲ့ ဂေါ်ဖီချဉ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကိုလည်း ချပေးပါတယ်။

အရက်၊ ဘီယာတော့ မရောင်းပေမဲ့ တစ်ခါတလေ စားသုံးသူတွေကနေ အသင့်ပါလာတဲ့
ဘီယာဘူးလေးတွေ ဖောက်သောက်နေတာမျိုးကိုတော့ ဦးတုတ်ကြီးဆိုင်မှာ မြင်တွေ့ရတတ်ပါတယ်။

ဆိုင်ဖွင့်ချိန် - ညနေ ၆ နာရီကနေ နောက်တစ်နေ့မိုးလင်းအထိ။

နန္ဒာအောင် ရေးသားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။