ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက မြောက်ဦးသား ရခိုင်ဆိုင်

ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက 'မြောက်ဦးသား' ရခိုင်ဆိုင်မှာ မြည်းစမ်းခဲ့ရတဲ့ ရခိုင်စာများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)ပန်းဆိုးတန်း ခုံးကျော်တံတားဘေးက 'မြောက်ဦးသား' ရခိုင်ဆိုင်မှာ မြည်းစမ်းခဲ့ရတဲ့ ရခိုင်စာများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)

အခြေခံလူတန်းစားနဲ့ ရုံးဝန်ထမ်းတွေအဖို့ နေ့စဉ်လူနေမှုဘ၀အတွက် အဓိကအားကိုးနေရတာတွေက
အများသုံးသယ်ယူပို့ဆောင်ရေးနဲ့ နေရာတိုင်းမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ
ဝယ်ယူစားသောက်နိုင်တဲ့ လမ်းဘေးအစားအစာတွေပါပဲ။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား စတဲ့နိုင်ငံတွေမှာလည်း နိုင်ငံအလိုက်
အရသာရှိတဲ့ လမ်းဘေးအစားအစာတွေ ရှိကြပါတယ်။

ရန်ကုန်မြို့မှာရော လူကြိုက်များတဲ့ လမ်းဘေးအစားအစာက ဘာဖြစ်မလဲ။ လူဦးရေ ထူထပ်များပြားပြီး
တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတဲ့ ဒီမြို့မှာ ရနိုင်တဲ့ လမ်းဘေးအစားအစာ စာရင်းထဲမှာ ရခိုင်ရိုးရာ
အစားအစာကလည်း တစ်နေရာရယူထားနိုင်တယ်ဆိုတာကို လမ်းဘေးပလက်ဖောင်းတွေမှာ
ပုံစံမျိုးစုံနဲ့ ဖွင့်လှစ်ထားတဲ့ ရခိုင်အစားအစာဆိုင်ပေါင်းများစွာက သက်သေပြနေပါတယ်။

ရခိုင်လူမျိုးတွေ ကိုယ်တိုင်ပြင်ဆင်ရောင်းချတဲ့ ရန်ကုန်မြို့က ရခိုင်ဆိုင်တွေထဲမှာ ပန်းဆိုးတန်းခုံးတံတား
ဘေးမှာရှိတဲ့ ဆိုင်တန်းတွေထဲက တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ 'မြောက်ဦးသား' ဆိုတဲ့
ဆိုင်လေးအကြောင်းကို ဒီတစ်ပတ်မှာ မြန်မာတိုင်း(မ်)က ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီဆိုင်က မြို့လယ်ကောင်တစ်ဝိုက်က ရုံးဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကျောင်းသား၊
ကျောင်းသူတွေ အဓိကအားကိုးရာ တန်ဖိုးသင့် စားသောက်ဆိုင်တွေထဲက တစ်ဆိုင်ပါ။

အထူးသဖြင့် အခုလို မိုးမပြတ်တဲ့အချိန်မျိုးမှာ ပူပူစပ်စပ်စားစရာတွေကို ရွေးချယ်စားသုံးချင်
သူတွေအဖို့ မြောက်ဦးသားက နေ့လယ်စာအတွက် ရွေးချယ်သင့်တဲ့ နေရာတစ်နေရာပါပဲ။

မြောက်ဦးသား (ရခိုင်မုန့်တီ၊ ပင်လယ်စာနဲ့ ရခိုင်ထမင်း) ဆိုင်ကလေး စတင်ခဲ့ရာနေရာကတော့
ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလမ်းနဲ့ လမ်း ၅၀ ထောင့်နားမှာပါ။

အဲဒီကနေ မြို့လယ်ကောင်၊ ၃၃ လမ်းကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပန်းဆိုးတန်း
ခုံးတံတားအောက်မှာ ထပ်မံပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။

လမ်းဘေးဆိုင်အဖြစ်စတင်ခဲ့တဲ့ ရခိုင်စားစရာဆိုင်လေးဟာ လွန်ခဲ့တဲ့လပိုင်းလောက်ကစလို့
တိုးတက်အဆင့်မြင့်သွားပြီး ဆိုင်ခန်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

ဆိုင်ကလေးကို တိုက်ခန်းမြေညီထပ်မှာ ဖွင့်လှစ်ထားတာပါ။ စားသုံးသူအယောက် ၅၀
ဝန်းကျင်လောက် တစ်ပြိုင်တည်း သုံးဆောင်လို့ရအောင် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားပြီး
အဲကွန်း မရှိပေမဲ့ နံရံကပ်ပန်ကာလေးတွေ အလုံအလောက် တပ်ဆင်ပေးထားပါတယ်။

စာရေးသူတို့ အပေါင်းအဖော်တစ်သိုက် ရောက်သွားချိန်မှာ နေ့လယ်စာစားတဲ့အချိန်မို့ ထင်ပါရဲ့၊
ဆိုင်ထဲမှာ ထိုင်စရာခုံနေရာအလွတ် အနည်းအကျဉ်းသာ ကျန်ပါတော့တယ်။

ဆိုင်ကို ည ၉ နာရီအထိ ဖွင့်တယ်ဆိုပေမဲ့ နေ့လယ်စာစားချိန်မှာတော့ ပြင်ဆင်ထားတဲ့
ဟင်းလျာအမည်တွေက ညနေပိုင်းထက်ပိုပြီး စုံလင်ပုံရပါတယ်။

ရခိုင်စတိုင် ဆီနည်းနည်းနဲ့ ချက်ထားတဲ့ ၀က်သား၊ အမဲသား၊ ပုစွန်၊ ငါးဟင်းတွေကို မှန်ပုံးထဲမှာ
သတ်သတ်ခွဲပြီး ပြသထားပါတယ်။

တခြားရခိုင်ဆိုင်တွေလို အသားသုပ်၊ အရွက်သုပ်၊ ပင်လယ်စာအသုပ်စုံအမျိုးမျိုးလည်း ရနိုင်တဲ့အပြင်
ကြက်သောက်ဆမ်းနဲ့ ငါးသောက်ဆမ်းတို့လည်း သုံးဆောင်နိုင်ပါတယ်။

ဒါ့ပြင် ငါးအမည်စုံကို ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေလည်း ရနိုင်ပါတယ်။

ဟင်းတွေစားရတာ ငြီးငွေ့လာပြီမို့ ဟင်းတွေအစား ပင်လယ်စာအသုပ်တွေနဲ့ သောက်ဆမ်းကိုပဲ
ထမင်းနဲ့တွဲစားဖို့ အဓိကမှာဖြစ်ခဲ့ကြပါတယ်။

မှာစားဖြစ်ခဲ့တဲ့ ထမင်းငါးဖယ်သုပ် (ကျပ် ၇၀၀) နဲ့ ထမင်းဖြူ (တစ်ပွဲ ၃၀၀)အကြောင်းကို
ပြောရမယ်ဆိုရင်တော့ ငါးဖယ်တွေကို ညှပ်ပြီး ထမင်းပေါ်မှာ ဖြူးထားတာ မဟုတ်ဘဲ ထမင်းနဲ့
ရောနယ်သုပ်ထားတဲ့ ထမင်းငါးဖယ်သုပ်ကို စားရတာ ပေါ့ရွှတ်ရွှတ်နဲ့မို့ စာရေးသူကိုတော့
စိတ်မဆွဲဆောင်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ စာရေးသူတို့မတိုင်ခင် သွားစားခဲ့တဲ့ ရုံးကလုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကတော့
သူစားခဲ့ရတဲ့ ထမင်းငါးဖယ်သုပ်အကြောင်းကို ကောင်းလွန်းလို့ ရုံးမှာပြောမဆုံးတော့ပါဘူး။
ဒါက အသုပ်ပြင်ပေးသူ လက်အချိန်အဆ မမှန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပင်လယ်စာသုပ်တွေထဲမှာတော့ ရေခူသုပ်၊ ရေဘ၀ဲသုပ်နဲ့ မရွတ်သုပ်လို့ခေါ်တဲ့ ခရုသုပ်
(တစ်ပွဲ ကျပ် ၁,၅၀၀ စီ)တို့ကို မြည်းစမ်းခဲ့ပါတယ်။

ပင်လယ်စာသုပ်တွေက ရခိုင်သုပ်ဖြစ်တာကြောင့် ငရုတ်သီးများများ၊ ငါးပိထောင်းထည့်ပြီး
သုပ်ထားတာမို့ အသုပ်အားလုံးက ချဉ်ငန်စပ်အရသာချည်းပဲဖြစ်နေပေမဲ့ ထူးခြားတာက
ပင်လယ်စာတွေဟာ လတ်ဆတ်ပြီး ၀ါးရတာလည်း မာဆတ်ဆတ် မဟုတ်ဘဲ နူးနူးညံ့ညံ့နဲ့
အနံ့အသက်လည်း ကောင်းပါတယ်။

တခြားလမ်းဘေးဆိုင်တွေမှာတော့ ပင်လယ်စာသုပ်က တစ်ပွဲကို ကျပ် ၁,၀၀၀ (သို့) ၁,၀၀၀
စွန်းစွန်းလောက်နဲ့ ရောင်းပေမဲ့ မြောက်ဦးသားကတော့ ဆိုင်ခန်းနဲ့ ရောင်းတဲ့အပြင် ထည့်ပေးတဲ့
ပင်လယ်စာတွေကလည်း တစ်ဖတ်၊ နှစ်ဖတ်မျိုးမဟုတ်ဘဲ တော်တော်လေး များတာမို့ စားပျော်တယ်လို့
ဆိုရမှာပါ။

မြောက်ဦးသားရဲ့ အကောင်းဆုံးဟင်းလျာလို့တောင် ခေါ်နိုင်တဲ့ ကြက်သောက်ဆမ်းကတော့
စာရေးသူတို့အုပ်စု အကြိုက်ဆုံးပါပဲ။ ဟင်းရည် သောက်ပန်းကန်လုံး တစ်လုံးထဲမှာ ကြက်သား
အနေတော်အတုံး သုံးတုံးလောက်နဲ့ ရခိုင်အာပူရွက်တွေ အုပ်ပြီး လာချပေးတဲ့ ကြက်သောက်ဆမ်း
(ကျပ် ၁,၅၀၀)က အနေတော်အစပ်အရသာ၊ ခပ်ချဉ်ချဉ်လေးမို့ တကယ်နှုတ်မြိန်ခဲ့ပါတယ်။

တခြား ပင်လယ်စာသုပ်တွေကတော့ ခပ်စပ်စပ်မို့ ထပ်မှာဖို့ လက်တွန့်မိပေမဲ့ ကြက်သောက်ဆမ်း
ကတော့ ခံတွင်းတွေ့တာမို့ နောက်ထပ်တစ်ပွဲတောင် ထပ်မှာမိတဲ့ အထိပါပဲ။

ဆိုင်ကိုလာတဲ့ ဧည့်သည်တိုင်းကို အရည်သောက်အတွက် ရခိုင်မုန့်တီဟင်းရည် ချပေးပါတယ်။
ဟင်းရည်က ငါးအဖတ်များများနဲ့မို့ အရောင်လှပြီး အချိုမှုန့်လည်း သိပ်မကဲတာမို့ သောက်လို့
ကောင်းလှပါတယ်။

မြောက်ဦးသားမှာ နောက်ထပ်ရတဲ့ ပင်လယ်စာတွေကတော့ ခုံးယောက်မသုပ်၊ ပုစွန်သုပ်အပြင်
ဝက်ခေါင်းသုပ်၊ ကြက်တောင်ပံသုပ်၊ ကြက်ခြေထောက်သုပ်တွေကိုလည်း တစ်ပွဲ ကျပ် ၁,၅၀၀ နဲ့
ရသလို၊ ထမင်းသုပ်အမျိုးမျိုးကိုလည်း ထည့်ချင်တဲ့ အစာပလာပေါ်မူတည်ပြီး ကျပ် ၈၀၀၊ ၁,၀၀၀ ဈေးနှုန်း
သတ်မှတ်ထားပါတယ်။

အာလူးသုပ်၊ ရခိုင်မုန့်တီအရည်နဲ့ အသုပ်အပြင် ပဲကြာဆံသုပ်၊ အသီးအရွက်သုပ်၊ ခေါက်ဆွဲသုပ်တို့
ကိုလည်း ကျပ် ၆၀၀ မကျော်ဘဲ သုံးဆောင်နိုင်ပါတယ်။

အကယ်လို့ သင်က အစပ်ကြောက်တတ်တဲ့သူ ဆိုရင်တော့ စားစရာတွေမှာတာနဲ့ အစပ်လျှော့ဖို့ပါ
တွဲပြောဖို့ လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် စာရေးသူတို့လို အစပ်ပြေ ရေသန့်ဘူးတွေ တစ်ဘူးပြီး
တစ်ဘူး မှာရမှာ အသေအချာပါပဲ။

ငွေရှင်းတော့ ကျပ် ၈,၀၀၀ ကျော် ကျတာမို့ လေးယောက်ပေါင်းရှင်းတဲ့အခါ တစ်ယောက်ကို
ကျပ် ၂,၀၀၀ လောက်ပဲ ပေးရပါတယ်။

ဟင်းအမည်တွေ အများကြီးနဲ့ တ၀ကြီးစားရတာမို့ နေ့လယ်စာတစ်နပ်အတွက် သင့်တင့်တယ်လို့ပဲ
ပြောရမှာပါ။

ဆိုင်သက်တမ်း ၁၀ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ မြောက်ဦးသားကို သွားချင်တယ်ဆိုရင်
ဗိုလ်ချုပ်လမ်းဘက်ကနေ ၀င်မယ်ဆိုရင် ညာဘက်ခြမ်းမှာ ရှိပါတယ်။ အနော်ရထာလမ်းဘက်ကနေ
လာမယ်ဆိုရင်တော့ ဘယ်ဘက်ခြမ်း မှာရှိပါတယ်။

နေ့စဉ် ဆိုင်ဖွင့်လှစ်ပြီး မနက် ၉ နာရီက ည ၉ နာရီအထိ ရောင်းချနေပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။