အအီအဆိမ့် ကြိုက်သူတွေအတွက် ထိုင်ဝမ်စတိုင် ချိစ် ထမင်းမီးဖုတ်

မွှေးဆိမ့်သည့် ထိုင်ဝမ်ချိစ် ထမင်းမီးဖုတ်ကို ပြင်ဆင်ထားစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)မွှေးဆိမ့်သည့် ထိုင်ဝမ်ချိစ် ထမင်းမီးဖုတ်ကို ပြင်ဆင်ထားစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)

တချို့ကတော့ ချဉ်၊ ငံ၊ စပ် ကြိုက်ကြပေမဲ့ တချို့က ချိုချိုအီအီ မွှေးမွှေးဆိမ့်ဆိမ့်လေးတွေကိုမှ
ရွေးချယ် စားသောက်တတ်ကြပါတယ်။ ဒီထဲကမှ အီအီ အဆိမ့်လေးတွေကိုမှ ရွေးချယ်
စားသောက်တတ်တဲ့ သူတွေအတွက် FORMOSA! Snacks & Drinks စားသောက်ဆိုင်က
ထိုင်ဝမ်စတိုင် ဝက်ပေါင်ခြောက် ချိစ်ထမင်းမီးဖုတ် (Ham Baked Rice) အစားအစာလေးကို
ညွှန်းဆိုလိုက်ပါတယ်။

ချိစ်ထမင်းမီးဖုတ်က ဒီဆိုင်မှာမှပဲ သီးသန့်ရနိုင်တဲ့ အစားအစာလေး တစ်ခုပါပဲ။ ချိစ်ကန်စွန်းဥ
မီးဖုတ်၊ ဝက်ပေါင်ခြောက် ချိစ်ထမင်းမီးဖုတ်၊ ကြက်သားချိစ်ထမင်းမီးဖုတ်နဲ့ ပင်လယ်စာ
ချိစ်ထမင်းမီးဖုတ်ဆိုပြီး ရှိတဲ့ထဲက မိမိကြိုက်နှစ်သက်တာကို မှာယူစားသုံးနိုင်ပါတယ်။
သက်သတ်လွတ် စားသုံးတဲ့သူတွေအတွက် စားသုံးနိုင်အောင် သီးစုံချိစ်ထမင်းမီးဖုတ်ကိုလည်း
ထပ်မံ စီစဉ်ထားပါသေးတယ်။

စာရေးသူကတော့ ချိစ်ကို အကြိုက်နှစ်သက်ကြီး မဟုတ်သော်လည်း ထိုင်ဝမ်စတိုင်
ဝက်ပေါင်ခြောက် ချိစ်ထမင်းမီးဖုတ်ကို မြည်းစမ်းဖို့တွက် မှာယူလိုက်ပါတယ်။ မိနစ်အနည်းငယ်
အကြာမှာ ဝက်ပေါင်ခြောက် ချိစ်ထမင်းမီးဖုတ်နဲ့တွဲဖက် စားသောက်နိုင်ဖို့ မုံလာထုပ်အချဉ်၊
ငရုတ်သီးကြော်မှုံ့နဲ့ နိုင်ငံခြားသားတွေ အကြိုက်များတဲ့ TOBASCO PEPPER SAUCE
အချဉ်ရည်ပုလင်းလေးကို လာရောက် ချပေးပြီးမှာပဲ မျှော်လင့်နေတဲ့ ဝက်ပေါင်ခြောက်
ချိစ်ထမင်းမီးဖုတ်ပွဲကြီး ရောက်လာပါတော့တယ်။ စားပွဲပေါ်ချချခြင်းမှာပဲ ချိစ်ကို
ဖုတ်ထားတဲ့စွဲမက်စရာကောင်းတဲ့ အနံ့လေးက သင်းပျံ့နေတယ်။ ထမင်းပွဲကိုကြည့်ရင်တော့
ထမင်းတွေကို မမြင်ရဘဲ ချိစ်နဲ့ ပူးတွဲနေတဲ့ ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်းတွေကိုပဲ မြင်ရတာပါ။
ပေါ်ဆန်းမွှေးထမင်းကို ချိစ်၊ မှိုအနည်းငယ်၊ ခါကြက်ဥ၊ပြောင်းဖူးတို့နဲ့ရောနယ်၊ ထမင်းအပေါ်ကနေ
ဝက်ပေါင်ခြောက်ကို ချိစ်နဲ့ ရောလို့ပုဂံလိုက် မီးဖုတ်ထားတာပါပဲ။

ထမင်းပွဲရောက်ပြီဆိုပြီး တစ်ခါတည်း စားမယ်ဆိုပြီး မလုပ်လိုက်လေနဲ့။ ပုဂံကိုပါထည့်ပြီး
မီးဖုတ်ထားလို့ အပူလျော့ဖို့ တော်တော်လေးစောင့်ယူဖို့ သတိပေးချင်ပါတယ်။ အအီအဆိမ့်ကြိုက်တဲ့
မိတ်ဆွေတစ်ယောက်ကတော့ တစ်ပွဲလုံးအသာလေး ဆွဲနိုင်ခဲ့ပေမဲ့ စာရေးသူကတော့ ချိစ်အကြိုက်ကြီး
မဟုတ်တော့ပွဲဝက်လောက်တော့ စားလိုက်နိုင်ပါတယ်။ ဝက်ပေါင်ခြောက် ချိစ်ထမင်း မီဖုတ်ရဲ့
အအီအဆိမ့်တွေကို ဖြေလျှော့ဖို့ သီးစုံလက်ဖက်ရည်ကြမ်း တစ်ခွက်မှာပြီးဆွဲလိုက်မှ နေသာထိုင်သာ
ရှိသွားတော့တယ်။ ချိစ်ကြိုက်နှစ်သက်သူတွေကချိစ်ကို ကိုယ်လိုသလို ထည့်ခိုင်းကြပါတယ်။

FORMOSA! Snack & Drinks စားသောက်ဆိုင်မှာတော့ ထိုင်ဝမ်စတိုင်လ်ဟင်းအမျိုးအစား
အစုံအလင် ရရှိနိုင်ပြီး အအီအစိမ့်ကောင်းကောင်းကြိုက်သူတွေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊
ဆေးကျောင်းအနီး၊ ၃၂ လမ်း၊၇၃ လမ်းနှင့် ၇၄ လမ်းကြားမှာ မြည်းစမ်းကြည့်နိုင်ပါတယ်။
အိမ်အရောက်ဝန်ဆောင်မှုတွေပါ ပေးတဲ့အတွက် ဝ၉ ၄၃၁၁၄၈၂၂ ကို ဆက်သွယ်နိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။