စမ်းချောင်းမြို့နယ်က Cat Cafe ဆိုင်လေး

Cat Cafe ထဲမှာ ကြောင်လေးတွေနဲ့ ဓာတ်ပုံရိုက်နေတဲ့ ဧည့်သည်တစ်ဦး။ အောင်ခန့်/မြန်မာတိုင်း(မ်)Cat Cafe ထဲမှာ ကြောင်လေးတွေနဲ့ ဓာတ်ပုံရိုက်နေတဲ့ ဧည့်သည်တစ်ဦး။ အောင်ခန့်/မြန်မာတိုင်း(မ်)

တစ်လောလေးကပဲ ခွေးလေးတွေနဲ့ အတူတူ ဆော့ကစားနိုင်တဲ့ Doggy Cafe ကို သွားထားတဲ့
စာရေးသူဟာ ခုလည်း Cat Cafe ဆိုတဲ့ အသံကြားတာနဲ့ သွားကြည့်ပြီး စာရေးဖို့
ဆုံးဖြတ်ချက်ချပြီးပါပြီ။

ဒါကလည်း အိမ်မွေးတိရစ္ဆာန်ဆိုရင် အရူးအမူးကို ချစ်တတ်တဲ့စိတ်ကြောင့်ပါပဲ။ သတင်းသမားပီပီ
ဒီဆိုင်ကလေးကို ဇူလိုင် ၅ ရက်ကတည်းကဖွင့်တာကို သိထားပေမဲ့ အလုပ်တွေရှုပ်နေတာနဲ့
ချက်ချင်းမရောက် ဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့စနေနေ့ကမှ ဓာတ်ပုံ ဆရာပါခေါ်ပြီး သွားဖြစ်ခဲ့ပါတယ်။ သွားဖြစ်တဲ့အခါမှာ Catpuchino လို့
အမည်ပေးထားတဲ့ Cat Cafe နဲ့ Freedom Cafe ဆိုတဲ့ စားသောက်ဆိုင်ကိုပါ အတူပူးတွဲ
ဖွင့်ထားတာဆိုတော့ စာဖတ်သူတွေ အမြင်ရှင်းအောင် ဒီဆိုင်နှစ်ဆိုင်ကိုခွဲပြီးတော့ ရှင်းပြပေးပါမယ်။

Catpuchino Cat Cafe

ကြောင်ချစ်သူတွေကတော့ ဒီလိုဆိုင် ရှိတယ်ဆိုတာသိတာနဲ့ ကျိန်းသေပေါက်ကို သွားချင်ကြမှာပါ။
စာရေးသူကို ဒီကဖေး သွားဖို့ အဓိက ဆွဲဆောင်ထားတဲ့အချက်က မြန်မာနိုင်ငံမှာ မတွေ့နိုင်တဲ့
ကမ္ဘာတစ်ဝန်းက ကြောင်မျိုးစိတ်တွေ ရှိလို့ပါပဲ။ အထူးသဖြင့် အမွေးလုံးဝမရှိတဲ့ Sphynx လို
ကြောင်မျိုးနဲ့ ကြောင်တွေမှာ ဘုရင်လို့ခေါ်နိုင်တဲ့ Maine Coon လို ကြောင်ကြီးတွေကို
တွေ့ချင်ကိုင်ချင်တဲ့စိတ်က ဒီဆိုင်ကို သွားရတဲ့အဓိက အချက်တွေပါပဲ။

Cat Cafe ကိုလာမယ်ဆိုရင် စမ်းချောင်းထဲက သုံးထပ်အဆောက်အအုံထဲ ၀င်ဝင်ချင်း Freedom Cafe
စားသောက်ဆိုင်ကို အရင် တွေ့ရပါလိမ့်မယ်။ အပေါ်ထပ်မှာမှ ကြောင်လေးတွေရှိတဲ့ Freedom Cafe
ကို ဖွင့်ထားတာပါ။

ကြောင်ကဖေးထဲကို ၀င်ဖို့အတွက် ၀င်ကြေးက တစ်ဦးအတွက် ကျပ် ၅,၀၀၀ ဖြစ်ပြီး
လောလောဆယ်တော့ ပရိုမိုးရှင်းအနေနဲ့ Italian Sparkling တစ်ခွက် လက်ဆောင်ပေးပါတယ်။
ပရိုမိုးရှင်းအစီအစဉ်ကတော့ ဒီလနောက်ဆုံးပါ။

ကြောင်လေးတွေကို တွေ့ဖို့အချိန်ကိုတော့ တစ်နေ့မှာ သုံးပိုင်းခွဲထားပြီး အပတ်စဉ် တနင်္လာနေ့တိုင်း
ဆိုင်ပိတ်ပါတယ်။ အချိန် သုံးပိုင်းက နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီ၊ ညနေ ၄ နာရီကနေ ၆ နာရီ
နဲ့ ည ၇ နာရီကနေ ၉ နာရီတို့ပဲဖြစ်ပါတယ်။ ကိုယ် အဆင်ပြေတဲ့အချိန် ရွေးသွားနိုင်ပါတယ်။

အရေးကြီးတဲ့အချက်က ကိုယ်သွားမယ့် ရက်နဲ့ ဘယ်အချိန်ပိုင်းမှာ လာမယ်ဆိုတာကို
ဘွတ်ကင်ကြိုတင်ဖို့ပါပဲ။ အချိန်တစ်ပိုင်းကို လူ ၁၈ ယောက်ပဲ လက်ခံပါတယ်။ သွားမယ့်ရက်မှ
ဘွတ်ကင်လုပ်တာထက် မသွားခင် တစ်ရက်လောက် ကြိုတင်ဘွတ်ကင်လုပ်မယ်ဆိုရင်
ပိုပြီးသေချာပါတယ်။ အထူးသဖြင့် ပိတ်ရက်တွေ သွားမယ်ဆိုရင်ပေါ့။

စာရေးသူတို့ကတော့ ၁ နာရီကနေ ၃ နာရီ အချိန်ကိုရွေးပြီး သွားခဲ့ပါတယ်။ ရောက်သွားတဲ့အခါ
အပေါ်ကိုမတက်ခင် လှေကားရင်းမှာ လက်ဆေးဖို့ ဘေစင်လေး လုပ်ပေးထားပါတယ်။
အပေါ်မတက်ခင် လက်ကို ဆေးကို ဆေးရပါတယ်။ ဒါကလည်း သူတို့သတ်မှတ်ထားတဲ့
စည်းကမ်းတွေထဲက တစ်ခုပါ။

ကျန်တဲ့စည်းကမ်းတွေကို ပြောရမယ်ဆိုရင် ကြောင်လေးတွေကို ဓာတ်ပုံရိုက်တဲ့အခါ အလင်းမီး
မသုံးရပါဘူး။ ညင်သာစွာ ကိုင်တွယ်ပြီး အမြီးဆွဲတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ ပြီးတော့
အိပ်ပျော်နေတဲ့ ကြောင်လေးတွေကိုလည်း သွားမနှိုးရပါဘူး။ တကယ်လို့ ကလေးငယ်တွေ
ပါမယ်ဆိုရင်လည်း အုပ်ထိန်းသူက ဘေးကနေပြီး သေချာဆော့ပေးရမှာပါ။ အပြင်အစားအစာတွေ
ကိုလည်း ကျွေးလို့မရပါဘူး။ အဲဒီ စည်းကမ်းချက် စာရွက်လေးကိုလည်း လက်ဆေးတဲ့ဘေစင်ရဲ့
ဘေးနံရံမှာ မြင်သာအောင် ကပ်ထားပါတယ်။

အခန်းထဲမ၀င်ခင် စာရေးသူ စိတ်ထဲထင့်နေတာက အခန်းထဲမှာ အနံ့အသက်ရှိနေမှာ ကိုပါပဲ။
ဒါပေမဲ့ အခန်းထဲဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်မှုကို အရင်မြင်ရသလို ဆိုးရွားတဲ့ ဘာအနံ့မှ မရှိဘဲ
အခန်းတစ်ခုလုံးက မွှေးကြိုင်နေပါတယ်။ အဲဒီတစ်ချက်နဲ့တင် တော်တော်လေး အကြိုက်တွေ့သွား
ပါတယ်။

အဓိကကတော့ ပိုင်ရှင်က ကြောင်လေးတွေ အပေါ့အလေးသွားတာကို သတ်မှတ်ထားတဲ့ အခန်းထဲမှာ
သွားတတ်အောင် သေချာသင်ပေးထားသလို အချိန်ပိုင်းတစ်ခါပြီးတိုင်း ကြားထဲက တစ်နာရီမှာ
သန့်ရှင်းရေးကို သေချာပြန်လုပ်တာကြောင့်ပါ။

အခန်းထဲမှာ ကူရှင်နဲ့ ကြမ်းပြင်မှာထိုင်ဖို့ လုပ်ထားတဲ့ စားပွဲဝိုင်းခြောက်ဝိုင်းနဲ့ ထိုင်ခုံနဲ့က စားပွဲဝိုင်း
လေးဝိုင်းရှိပြီး မိမိစိတ်ကြိုက် နေရာမှာ ရွေးထိုင်နိုင်ပါတယ်။ စာရေးသူတို့ကတော့ ကြမ်းပြင်မှာထိုင်ရတဲ့
စားပွဲဝိုင်းလေးကို ရွေးလိုက်ပါတယ်။ ကြောင်လေးတွေက စုစုပေါင်း ၁၄ ကောင် ဆိုပေမဲ့
နေလို့သိပ်မကောင်းတဲ့ နှစ်ကောင် ကိုတော့ အခန်းထဲမှာ ထည့်မထားတဲ့အတွက်
စုစုပေါင်း ၁၂ ကောင်ပဲ တွေ့ခဲ့ပါတယ်။

အမျိုးအစားတွေက စာရေးသူ စောစောက ပြောခဲ့တဲ့ အမျိုးအစားနှစ်မျိုးအပြင် Munchkin ၊ 
Scottish Fold ၊ American Shorthair ၊ American Curl ၊ Chinchilla ၊ Bangle Snow နဲ့
မြန်မာပြည်မှာတွေ့နေကျ သာမန်ကြောင်လေးတွေလည်း ပါဝင်ပါတယ်။

အခန်းတွင်းအပြင်အဆင်ကို ပြောရမယ်ဆိုရင် ကျဉ်းတယ်လို့ဆိုရပေမဲ့ ကြောင်လေးတွေကြိုက်တဲ့
ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးထားပါတယ်။

သူတို့ ဆော့လို့ရအောင် အပြင်လူတွေအနား အကပ်မခံချင်တော့တဲ့အခါ လွတ်လွတ်လပ်လပ်အပေါ်မှာ
တက်နေလို့ရအောင် လုပ်ထားပေးတာကို တွေ့ရပါတယ်။

ကြောင်တွေက ခွေးတွေလောက် လူတွေနဲ့ မရင်းတာတော့ အားလုံးသိကြမယ် ထင်ပါတယ်။

စာရေးသူအတွေ့အကြုံအရဆိုရင် Maine Coon အမျိုးအစား ကြောင်နှစ်ကောင်ဖြစ်တဲ့ Bella နဲ့
Vincent က နည်းနည်း လေးချေပြီး လူအနားကို သိပ်မကပ်ချင်ပါဘူး။

အနားအကပ်ခံချင်ရင်တော့ ဆိုင်က ရောင်းတဲ့ သူတို့အဆာပြေစားတဲ့ ကြောင်စာ အနှစ်ထုပ်လေး
(တစ်ထုပ် ကျပ် ၁,၀၀၀) ကို ၀ယ်ပြီးကျွေးရင်တော့ ကိုယ့်အနားကတောင် ခွာမှမဟုတ်ပါဘူး။
အစာမကုန်မချင်းပေါ့။

မြန်မာကြောင်လေးတစ်ကောင်နဲ့ နားရွက်လေးအုပ်ပြီးကောက်နေတဲ့ Scottish Fold
တစ်ကောင်ကတော့ အားလုံးထဲမှာ အဆော့ဆုံးပါ။ အမွေးမရှိတဲ့ Sphynx ကြောင်လေး Cleo ကတော့
အိပ်စင်မှာ ငြိမ်နေလေရဲ့။ သူ့ပုံစံလေးက အမြင်မှာ တစ်မျိုးလေး ဖြစ်နေတာကြောင့်လားတော့
မသိပါဘူး။ တချို့က သူ့ကို မြင်သာမြင်ဖူးချင်ပုံရပြီး ထိကိုင်ချင်ပုံတော့ မရပါဘူး။ တကယ်တော့
သူ့အသားအရေ ပြောင်ပြောင်လေးက နူးညံ့ပြီး သန့်ရှင်းပါတယ်။

စာရေးသူရဲ့အချစ်ဆုံးကတော့ ခြေထောက်တိုတိုလေးနဲ့ Munchkin အမျိုးအစား Shorty နဲ့
အမွေးလေးတွေနူးညံ့ပြီး အရမ်း အအိပ်မက်တဲ့ Chinchilla အမျိုးအစား Hero တို့ပါ။

စာရေးသူတင် မဟုတ်ပါဘူး။ အဲဒီနေ့မှာ လာတဲ့လူတိုင်း သူတို့ကို မချီဘဲမနေနိုင်ပါဘူး။ ဒါပေမဲ့
ကျန်တဲ့ကြောင်တွေကလည်း ချစ်ဖို့ကောင်းပါတယ်။ ကြောင်လေးတွေနဲ့နေရတာ အချိန် နှစ်နာရီက
ကုန်လို့ကုန်မှန်း မသိအောင်ပါပဲ။ သူတို့ကလေးတွေနဲ့ အချိန်ဖြုန်းရတာ စိတ်ချမ်းသာစရာလည်း
ကောင်းပြီး ဆိုင်က ၀န်ဆောင်မှုလည်း ကောင်းတဲ့အတွက်လည်း အဆင်ပြေပါတယ်။

ပြန်ခါနီးကျရင် လက်ဆေး ရုံတင်မဟုတ်ဘဲ ကိုယ်မှာကပ်နေတဲ့ အမွေးတွေကို ဖယ်ရှားဖို့အတွက်
ကပ်ကွာအလိပ်လေးတွေလည်း ပေးထားပါတယ်။


Freedom Cafe (San Chaung)

Catpuchino ကိုလာလို့ အစားအသောက် မှာစားမယ်ဆိုရင် စားစရာရော သောက်စရာကိုပါ
Freedom Cafe မှာ ရနိုင်ပါတယ်။

ကြောင်လေးတွေနဲ့ တွေ့ဖို့မဟုတ်ဘဲ အောက်ကဆိုင်မှာပဲ စားသောက်ချင်တယ်ဆိုလည်း ရပါတယ်။
ဝင်ကြေးက အပေါ်က Catpuchino ကိုဝင်မှသာ ပေးရတာပါ။

Cat Cafe ထဲမှာ ကြောင်လေးတွေနဲ့နေရင်း စားသောက်ချင်တယ်ဆိုရင်လည်း အောက်ထပ်ဆိုင်က
အစားအသောက်တွေကို မှာစားခွင့်ပြုပါတယ်။

ရန်ကုန်မှာ Freedom Cafe က ငါးဆိုင် တောင်ရှိပါတယ်။ အခုဆိုင်ကတော့ နောက်ဆုံးဖွင့်တဲ့ဆိုင်ပေါ့။

Uni City ကထုတ်တဲ့ Supplement ဖြည့်စွက်အာဟာရဓာတ်တွေနဲ့ သဘာဝအသီးတွေကို
ရောစပ်ဖျော်ထားတဲ့ အအေးတွေကို အဓိကရောင်းတာမို့ မီနူးထဲမှာ အအေးအမည်တွေ
တော်တော်များများ တွေ့ရပါတယ်။ ဈေးနှုန်းတွေကတော့ ၂,၀၀၀၊ ၂,၅၀၀၊ ၃,၀၀၀ လောက်ပါပဲ။

အစားအသောက်ကတော့ အမယ်များများ စားစား မရှိပါဘူး။ ဒါပေမဲ့ မှာစားဖြစ်ခဲ့တာတွေနဲ့
သောက်ဖြစ်ခဲ့တဲ့ Sparkling အအေးတွေကတော့ အဆင်ပြေပါတယ်။

ဒီဆိုင်မှာ ဆိုင်အပြင်အဆင်လေးကလည်း ချစ်စရာလေးနဲ့ သပ်သပ်ရပ်ရပ်ပါ။ ၀န်ထမ်းတွေကလည်း
သဘောကောင်းသလို ဆိုင်ရှင်ကိုယ်တိုင်လည်း အရမ်းကို ဖော်ရွေပါတယ်။

အစားအသောက်တွေမှာ သန့်ရှင်းမှုကို ဦးစားပေးထားတာ တွေ့နိုင်ပါတယ်။

နောက်ဆုံးငွေရှင်းတော့ အစိုးရအခွန်မပါပေမဲ့ ၀န်ဆောင်က ငါးရာခိုင်နှုန်းတော့ ပေးရပါတယ်။

Cat Cafe နဲ Freedom Cafe ကို သွားချင်တယ်ဆိုရင် လိပ်စာက ၈၁၊ ပန်းလှိုင်လမ်း၊
စမ်းချောင်းမြို့နယ်ပဲ ဖြစ်ပါတယ်။

ဖုန်းနံပါတ် ကတော့ ၀၉၉၆၇၇၆၇၂၆၃ ဖြစ်ပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက် စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။