တရုတ်အစားအစာ ကြိုက်သူများအတွက် ပိုင်လီရှဲ့ စားသောက်ဆိုင်

 အော်ဆွန်းကြွပ်ကြွပ်နှင့်ကြက်ခြေထောက်အိအိလေးများကိုပေါင်းစပ်ထားတဲ့ကြက်ခြေထောက်အော်ဆွန်းသုပ်ကိုပြင်ဆင်ထားစဉ်။ ခင်ဆုဝေ/ မြန်မာတိုင်း(မ်)အော်ဆွန်းကြွပ်ကြွပ်နှင့်ကြက်ခြေထောက်အိအိလေးများကိုပေါင်းစပ်ထားတဲ့ကြက်ခြေထောက်အော်ဆွန်းသုပ်ကိုပြင်ဆင်ထားစဉ်။ ခင်ဆုဝေ/ မြန်မာတိုင်း(မ်)

မန္တလေးမှာရှိတဲ့ စားသောက်ဆိုင်တွေထဲက ဝန်ဆောင်မှုကောင်းပြီး တရုတ်အစားအစာ ကောင်းကောင်း
ရနိုင်တဲ့ ဆိုင်တစ်ဆိုင်ကိုညွှန်းပါဆိုရင် ၃၅ လမ်း၊ ၅၅ လမ်းနဲ့ ၅၆ လမ်းပေါ်မှာရှိတဲ့ ပိုင်လီရှဲ့
စားသောက်ဆိုင်ကိုညွှန်းလိုပါတယ်။ စာရေးသူကတော့ သူငယ်ချင်းတွေနဲ့ ရောက်ဖူးသလို
ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူ ထမင်းသွားစားရင်းဒီဆိုင်ကို ရောက်ဖြစ်ခဲ့ပါတယ်။

မိသားစုလိုက်လာတဲ့အခါ လမ်းသေချာမလျှောက်နိုင်တဲ့ လူကြီးတစ်ယောက် ပါလာတဲ့အတွက်
ဝန်ထမ်းတင်မကဘူး၊ မန်နေဂျာကိုယ်တိုင် ဂရုတစိုက် လာကြို ဆောင်ရွက်ပေးခဲ့တဲ့ သူတို့ရဲ့
ဝန်ဆောင်မှုကိုတော့ အမှတ်ပြည့်ပေးဖြစ်ပါတယ်။

ပိုင်လီရှဲ့မှာ စားရေးသူ အဓိကကြိုက်တာက ကြက်ခြေထောက် အော်ဆွန်းသုပ်ပါပဲ။ အော်ဆွန်းရဲ့
ကြွပ်ဆတ်ဆတ်အရသာရယ်၊ ကြက်ခြေထောက်အရေခွံက ပုံမပျက် ရှိနေတာကို ကြိုက်လို့
လာစားမိတာက အဓိကတစ်ချက်ပါပဲ။

ဟင်းတစ်မည်တည်း စားလို့မဖြစ်တာကြောင့် ဘဲသားကင်တစ်ခြမ်း၊ ဂျုံလုံးပုစွန်ကြော် တစ်ပွဲ၊
ကန်စွန်းရွက်ကြော်တစ်ပွဲ၊ တောက်တောက်ကြော်တစ်ပွဲ၊ ထမင်းတစ်အုပ်နဲ့ လူကြီး သူမပါ
စားသောက်လို့ရအောင် ရည်ရွယ်ချက်နဲ့ မုန်ညင်းဟင်းချိုကို မှာယူပါတယ်။

အော်ဆွန်းသုပ်အရသာက ကောင်းမွန်ဆဲပါပဲ။ ဒါပေမဲ့ အော်ဆွန်းကို လှီးဖြတ်တာက နည်းနည်း
ထူတယ်လို့ ခံစားရပါတယ်။ ဘဲကင်ကတော့ အရသာကောင်းမွန်ပါတယ်။ တောက်တောက်ကြော်နဲ့
ကန်စွန်းရွက်ကြော်ရဲ့အရသာကလည်း တကယ်ကို ပြောစရာမရှိပါဘူး။ တစ်ပွဲကို
ကျပ် ၆,၅ဝဝ ပေးရတဲ့ ဂျုံလုံးပုစွန်ကြော်ကိုတော့ အရသာ မကြိုက်တဲ့အတွက် မတန်သလို
ခံစားရပါတယ်။

စားသောက်နေစဉ်တစ်လျှောက်မှာ လိုအပ်သမျှကို စားပွဲထိုးတွေက လာရောက်မေးမြန်းကြပြီး
ဝန်ဆောင်မှုကောင်းပါတယ်။ ကားထားရာနေရာလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ဈေးနှုန်း
များပေမဲ့ စားသောက်ရာမှာ သီးခြားအခန်းလေးတွေနဲ့ သွားရောက်စားသောက်နိုင်တဲ့အတွက်
မိသားစု ထမင်းဝိုင်း၊ ကုမ္ပဏီထမင်းဝိုင်းတွေအနေနဲ့ သွားစားတဲ့သူ များပါတယ်။ သန့်ရှင်းတယ်၊
အရသာမှန်ပြီး တရုတ်အစားအစာကောင်းကောင်း စားသောက်ချင်သူတွေအတွက် သွားရောက်
သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ဆိုတာကိုတော့ လုံးဝ မငြင်းနိုင်ဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။