စမ်းချောင်းက 'နှုတ်ခမ်းမွေးထမင်းကြော်' ဆိုင်

ထမင်းကြော်ဆိုင်ပိုင်ရှင် ဦးနှုတ်ခမ်းမွေး။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ထမင်းကြော်ဆိုင်ပိုင်ရှင် ဦးနှုတ်ခမ်းမွေး။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့ထဲမှာ အရောင်းအ၀ယ်လုပ်တဲ့ ဦးနှုတ်ခမ်းမွေးတွေ အများကြီး ရှိပုံရပါတယ်။
စာရေးသူဘ၀မှာ လက်ဖက်ရည်ရောင်းတဲ့ ဦးနှုတ်ခမ်းမွေး၊ အမဲသားရောင်းတဲ့ ဦးနှုတ်ခမ်းမွေး၊
ဆန်ရောင်းတဲ့ ဦးနှုတ်ခမ်း မွေးတို့ကို တွေ့ဖူးပေမဲ့ ခုပြောမယ့်အကြောင်းကတော့ ထမင်းကြော်ဆိုင်
ဖွင့်ထားတဲ့ ဦးနှုတ်ခမ်းမွေးရဲ့ အကြောင်းပါပဲ။

ဘာဖြစ်လို့ သူ့ရဲ့ထမင်းကြော်ဆိုင်အကြောင်းကို ပြောရသလဲဆိုရင်တော့ ဖွင့်လှစ်လာတာ
နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိပြီမို့လို့ပါပဲ။

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမနဲ့ တရုတ်ကျောင်း လမ်းထောင့်မှာ လမ်းဘေးဆိုင်လေးအဖြစ်
၁၉၈၅ ခုနှစ် ကတည်းက စဖွင့်ခဲ့တာဖြစ်ပြီး ည ၁၁ နာရီကနေ မနက် ၁ နာရီအထိ တစ်နေ့ကို
နှစ်နာရီပဲ ရောင်းချပေးပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကစလို့ သူ့ဖောက်သည်တွေရဲ့ တောင်းဆိုချက်အရ
အချိန်ပြောင်းလိုက်တဲ့အပြင် အချိန်တစ်နာရီထပ်တိုးပြီး ညနေ ၆ နာရီ ကနေ ည ၉ နာရီအထိ
ရောင်းချပေးခဲ့သလို နေရာကိုလည်း ဗဟိုလမ်းမပေါ်မှာပဲဖြစ်ပေမဲ့ ညောင်တုန်းလမ်းထိပ်၊
အထက(၄)ကျောင်းရှေ့ဘက်ဆီ ပြောင်းရွှေ့ဖွင့်ခဲ့ပါတယ်။

ဆိုင်အ၀င်မှာ 'နှုတ်ခမ်းမွေးထမင်းကြော်' ဆိုတာကို ဗီနိုင်းစနဲ့ နာမည်တပ်ထားပြီး မိုးကာသား
အမိုးမိုးထားတဲ့ ဆိုင်ထဲဝင်လိုက်တာနဲ့ စားသုံးသူတွေ လိုအပ်ချက်ကို စောင့်ကြည့်နေတဲ့
အသက် ၅၀ ကျော်အရွယ် သဘောကောင်းလှတဲ့ ဦးနှုတ်ခမ်းမွေးကို တွေ့ရပါလိမ့်မယ်။

ဆိုင်အပြင်အဆင်ကတော့ ဘာမှမထူးခြားပါဘူး။ သာမန်လမ်းဘေးဆိုင်လေး တစ်ဆိုင်ပါပဲ။
စားပွဲကုလား ထိုင်ခုံပုလေးတွေ ခုနစ်ဝိုင်း၊ ရှစ်ဝိုင်းလောက် ခင်းကျင်းထားပါတယ်။ ထမင်းကြော်အိုးနဲ့
ဟင်းတွေအစုံ ခင်းကျင်း ထားပါတယ်။

ဒါပေမဲ့ သာမန်ထမင်းကြော်ဆိုင်တွေနဲ့ ကွဲထွက်နေတဲ့ အဓိကအချက်ကတော့ သူ့ထမင်းကြော်က
တခြား ထမင်းကြော်ဆိုင်တွေလို ပဲငံပြာရည်အရောင်နဲ့ အညိုခပ်ဖျော့ဖျော့ ဆီခပ်ခြောက်ခြောက်
ထမင်းကြော်မဟုတ်ဘဲ ဆီအိအိလေးနဲ့ ရွရွတောင့်တောင့်လေးဖြစ်အောင် စားချင်စဖွယ်
သေချာလေးကြော်ထားတဲ့ ဖြူဝါ၀ါထမင်း ကြော်ပါပဲ။

အနံ့ကလည်း ပုံမှန်ထမင်းကြော်တွေလို ရနံ့မဟုတ်ဘဲ ထမင်းကြော်ကို စားလိုက်တဲ့အခါ
မဆလာ နံ့သင်းသင်းလေး မွှေးနေပါတယ်။

သူ့ထမင်းကြော်ရဲ့ လျှို့ဝှက်ချက်ကို ဦးနှုတ်ခမ်းမွေး ပြောပြတာကတော့ "ဦးလေးထမင်းကြော်မှာ
သူများနဲ့ မတူတဲ့အချက်က ထမင်းကြော်ထဲ ထည့်တဲ့ မဆလာနဲ့ ဟင်းခတ်အမွှေးအကြိုင်ကို
အိန္ဒ္ဒိယကလာတဲ့ မဆလာကိုပဲ သေချာမှာဝယ်ပြီး အိမ်မှာ ကိုယ်တိုင်ကြိတ်တယ်။ နှစ် ၃၀ လုံးလုံး
အဲဒီမဆလာနဲ့ပဲ ကိုယ်တိုင်အပင်ပန်းခံကြိတ်ပြီး ကြော်ခဲ့တာ ခုထိပဲ"တဲ့။

ထမင်းကြော်တစ်ပွဲရဲ့ဈေးနှုန်းက ကျပ် ၃၀၀ ပါ။ တစ်ပွဲ က ပုံမှန်စားနိုင်တဲ့သူဆိုရင်တော့
ဗိုက်ဝနိုင်ပါတယ်။ မ၀လို့ လိုက်ပွဲယူမယ်ဆိုရင်လည်း တစ်ပွဲမှ ကျပ် ၁၀၀ ပါ။

ပုံမှန်လာစားပုံရတဲ့ တက္ကစီမောင်းသူ ဦးလေးကြီး တစ်ယောက်ကတော့ ဦးနှုတ်ခမ်းမွေးဆိုင်ရဲ့
ထမင်းကြော်အရသာက နှစ်တွေကြာသွားလည်း မပြောင်းလဲသွားဘူးလို့ သူ့ပန်းကန်ထဲက
ထမင်းကြော်တွေကို အားပါးတရ ခပ်စားရင်း စာရေးသူရဲ့စပ်စုမှုကို ပြန်ပြောလေရဲ့။

ဦးနှုတ်ခမ်းမွေးက ညနေဆိုင်ထွက်ဖို့ မနက်ဆို ကိုယ်တိုင်ဈေးဝယ်ပြီး ထမင်းကြော်လှဖို့
ဆန်ကောင်းကောင်း သုံးသလို ထမင်းချက်တဲ့ အချိန်မှာလည်း ကြော်တဲ့အခါ လှနေအောင်
သေချာအချိန်အဆမှန်အောင် ချက်ရပြီး ထမင်းကြော်ကိုလည်း နှစ်ပေါင်း ၃၀ လုံးလုံး သူကိုယ်တိုင်
ကြော်ခဲ့တာလို့ ပြောပါတယ်။

ဟင်းတွေကတော့ သူ့ဆိုင်မှာ အမည်(အမယ်)တွေ အရမ်းအများကြီး မလုပ်ပါဘူး။ အမည်နည်းနည်းနဲ့
ကောင်းကောင်းလေး ချက်ပုံရပါတယ်။

နာမည်ကြီးပြီး လူကြိုက်များတာကတော့ ၀က်သားကို ပေါင်းပြီးချက်ထားတဲ့ ၀က်ချိုနှပ်ပေါင်းပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စာရေးသူ ရောက်သွားတဲ့အချိန် ည ၇ နာရီလောက်မှာ ၀က်ချိုနှပ်ပေါင်း
ကုန်သွားပြီမို့ ၀က်သားကြော်နဲ့ စားခဲ့ရပါတယ်။ ပြီးတော့ နောက်ထပ်လူကြိုက်များတဲ့ ဟင်းအမည်
ဖြစ်တဲ့ ဆိတ်ဦးနှောက်ဟင်းနဲ့ အာလူးရောထားတဲ့ ကြက်ပဒေသာ (ကြက်ခြေထောက်၊ ခေါင်း)
အရည်ဆမ်း လေးတစ်ပွဲလည်း မှာလိုက်ပါတယ်။

ဦးနှုတ်ခမ်းမွေးလက်ရာ ထမင်းကြော်နဲ့ ၀က်သားကြော်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဦးနှုတ်ခမ်းမွေးလက်ရာ ထမင်းကြော်နဲ့ ၀က်သားကြော်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ထမင်းကြော်မွှေးမွှေးကို အဆီခပ်ပါးပါး အသား ခပ်ထူထူ ၀က်သားကြော်မွှေးမွှေးနဲ့ တွဲစားရတာလည်း
ခံတွင်းမြိန်လှသလို နည်းနည်းအီလာတဲ့အခါ ပန်းကန်သေးသေးလေးနဲ့ ထည့်ပေးထားတဲ့
ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းအချဉ်နဲ့ တွဲစားရတာကလည်း အရသာ ရှိလှပါတယ်။

တခြားဆိုင်တွေမှာ များသောအားဖြင့် ကြက်သွန် ဈေးကြီးလို့ ကြက်သွန်ချဉ်မသုံးဘဲ ဂေါ်ဖီချဉ်ပဲသုံးပေမဲ့
သူ့ဆိုင်ကတော့ ကြက်သွန်ချဉ်ကို စားသုံးသူတောင်း သလောက် စိတ်ကြိုက်ထပ်ထည့်ပေးတာလည်း
တွေ့ခဲ့ ရပါတယ်။

ကြက်ပဒေသာအာလူးချက်အရည်လေးကို ထမင်းကြော်ပေါ် ဆမ်းစားလိုက်တော့လည်း အရသာက
တစ်မျိုး စားကောင်းနေပြန်ပါတယ်။ ဆိတ်ဦးနှောက်ကလည်း ဆိမ့်ပြီးစားလို့ကောင်းလှတာမို့
လူကြိုက်များလှတာကို မအံ့ဩတော့ပါဘူး။ တစ်ခုပဲရှိတယ် .. ဆိတ်သားမစားတဲ့ သူတွေကတော့
ကြိုက်မှာမဟုတ်ပါဘူး။

ဟင်းပွဲတွေက ၀က်သားဆို ၀က်ချိုနှပ်ပေါင်း၊ ၀က်သား ပဲငါးပိ၊ ၀က်ကြော်နဲ့ ၀က်ကြံမဆိုင်ဆိုပြီး
လေးမျိုးရှိကာ တစ်ပွဲကို ကျပ် ၁,၀၀၀ နဲ့ ရောင်းပါတယ်။ ထည့်ပေးတာကလည်း
တစ်ယောက်စာအတွက် လုံလောက်ပါတယ်။

ကြက်သားဆိုလည်း ကြက်ပဒေသာဟင်းအပါအ၀င် ဟင်းလေးမျိုးရောင်းပြီး တစ်ပွဲကို
ကျပ် ၁,၀၀၀ ပါပဲ။ ဆိတ်ဦးနှောက်ကတော့ တစ်ပွဲကို ကျပ် ၁,၅၀၀ ပါ။ အမဲသားတော့ မရောင်းပါဘူး။
ငါးထဲမှာတော့ ငါးကျည်း ခြောက်ကြော် (ကျပ် ၁,၂၀၀)နဲ့ ငါးဖယ်ဟင်း (ကျပ် ၁,၀၀၀)တို့ ရပါတယ်။
တခြားရနိုင်တဲ့အမည်တွေကတော့ ကြက်ဥကြော်နဲ့ ကြက်ဥချောင်းကြော်ပါပဲ။

စာရေးသူရောက်စအချိန်က ဆိုင်ထဲမှာ လူသိပ်မရှိ ပေမဲ့ ထိုင်နေစဉ်မှာပဲ လာစားကြသူတွေ
တဖွဲဖွဲနဲ့ ရောက်လာတာကို တွေ့ရပါတယ်။ တော်တော်များများကလည်း ရောက်တာနဲ့
"ဆိတ်ဦးနှောက်ကျန်သေးလား၊ ဆိတ်ဦးနှောက်နဲ့ပေးပါ"လို့ချည်း ဟင်းပွဲမှာသံကို ကြားရပါတယ်။

"ဟိုးအရင် မင်းသားဒွေးရှိတုန်းကဆို ဦးလေးထမင်းကြော်ကို သိပ်ကြိုက်တာ။ မကြာခဏဆိုသလို
လာစားပါတယ်"လို့ သူ့ဖောက်သည်ဖြစ်ခဲ့ဖူးတဲ့ ကွယ်လွန်သူ နာမည်ကျော်သရုပ်ဆောင် ဒွေးရဲ့
အကြောင်းကိုလည်း ဦးနှုတ်ခမ်းမွေးက သတိတရနဲ့ ပြောရှာပါတယ်။

ပြောနေတုန်းမှာပဲ အဆိုတော်ယုန်လေးက "ဆိတ်ဦးနှောက် ရှိသေးလား"ဆိုပြီး တိုက်တိုက်ဆိုင်ဆိုင်
ရောက်လာပါတယ်။ အနုပညာရှင်တွေလည်း လာစားကြသလို ညဘက် ကားဆွဲရင်း လာစားကြတဲ့
အငှားယာဉ်မောင်းသူတွေ၊ လူငယ်တွေကလည်း သူ့ဆိုင်က ရောင်းတဲ့ အချိန်အတိုင်း ကွက်တိပဲ
ဖွင့်တာမို့ လာစားချင်လို့ ဆိုင်သိမ်း မသိမ်းသိချင်ရင် ဖုန်းလှမ်းဆက်ပြီး မေးတတ်ကြတယ်လို့
သူ့ဖောက်သည် တွေအကြောင်းကို ဦးနှုတ်ခမ်းမွေးက ပြောပြပါသေးတယ်။

ဆိုင်ဖွင့်ချိန်က ညနေ ၆ နာရီကနေ ည ၉ နာရီအထိ သုံးနာရီပဲဆိုပေမဲ့ ခုလိုမျိုး လူတွေ
အပြင်ထွက်ရခက်တဲ့ မိုးတွင်းမှာတောင် တစ်နေ့ကို ဆန် ၁၂ ပြည်လောက်ရောင်းရပြီး နွေနဲ့ဆောင်းလို
ပွင့်လင်းရာသီတွေမှာတော့ တစ်နေ့ကို ဆန်တစ်တင်းလောက် ချက်ရတယ်လို့ဆိုပါတယ်။

"တစ်နေ့ သုံးသိန်းဖိုးလောက် ရောင်းရတယ်။ အရင်းက တစ်သိန်း၊ တစ်သိန်းခွဲနီးပါးလောက် ရှိတယ်။
ဆိုင်အကူရောင်းတဲ့ ကလေးတွေ လစာ၊ မုန့်ဖိုးနဲ့ဆို တစ်နေ့ကို အများကြီးမမြတ်ပါဘူး။ ဒါပေမဲ့
ဦးလေးက ပစ္စည်းတွေ မချွေတာဘူး၊ ကောင်းတာပဲ သုံးတယ်၊ စားသုံးသူကိုလည်း ကောင်းတာပဲ
စားစေချင်တယ်။ ဈေးကိုလည်း လူတန်းစားအစုံ စားနိုင်အောင် ရောင်းတယ်။ ဈေးရောင်းတယ်ဆိုတာ
စေတနာလေးပါမှ ရောင်းရတာ"လို့လည်း ဦးနှုတ်ခမ်းမွေးက အားပါးတရပြုံးရင်း ဆိုပါသေးတယ်။

သူပြောသွားသလို ဈေးရောင်းတာဖြစ်ဖြစ်၊ အလုပ် လုပ်တာဖြစ်ဖြစ် ဘယ်နေရာမှာမဆို
စေတနာလေးထည့် လုပ်ပေးတယ်ဆိုရင် လက်ခံရရှိသူမှာ ပိုပြီးအနှစ်သာရရှိ သွားတာတော့
အမှန်ပါပဲ။

သူ့ဆိုင်ရဲ့နောက်ထပ်ထူးခြားချက်က အော်ဒါလက်မခံတာပါ။ အော်ဒါဘယ်လောက်မှာမှာ
လက်မခံပါဘူး။ သူ့ လက်ရာကို စားချင်တယ်ဆိုရင် သူ့ဆိုင်ဖွင့်တဲ့ သုံးနာရီအတွင်းမှာ
သွားရောက်စားသုံးနိုင်ပါတယ်။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။