စမ်းချောင်းက ဘူဖေး ဟော့ပေါ့ဆိုင် CENTRAL

CENTRAL ဟော့ပေါ့ဆိုင်ကို မျက်နှာစာက တွေ့မြင်ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)CENTRAL ဟော့ပေါ့ဆိုင်ကို မျက်နှာစာက တွေ့မြင်ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဒီရက်ပိုင်း ဖျားနာသူတွေများတာကြောင့်ရော၊ H1N1 သတင်းတွေကြောင့်ပါ သွားရလာရ
လုပ်ရကိုင်ရတာတွေမှာ အနည်းနဲ့ အများတော့ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရမှာပါ။

အခုလို ရာသီပေါ်တုပ်ကွေးတွေ အဖြစ်များကြတဲ့အချိန်မျိုးမှာ အနေအထိုင်၊ အစားအသောက်
ဆင်ခြင်သလိုမျိုး ကြိုတင်ကာကွယ်မှုကလည်း အရေးကြီးလှပါတယ်။ ကြိုတင်ကာကွယ်မှုထဲမှာ
ခန္ဓာကိုယ်ထဲက ခုခံအား ကောင်းနေဖို့လည်း လိုအပ်ပါတယ်။ ခုခံအားကောင်းဖို့ဆိုရင်
အအိပ်၊ အစားလည်း မှန်ရမှာပါ။

ဒီရက်ပိုင်းမှာ အိမ်က အမေကတော့ အစားနဲ့ ပတ်သက်ရင် စားသာစားလို့ အားပေးပါတယ်။

စာရေးသူကလည်း အစားအတွက်ဆို စိတ်ပူစရာမလိုတဲ့လူမျိုးပါ။ ဒါကြောင့်လည်း တချို့သူတွေ 
H1N1 ကြောက်လို့ လူများတဲ့နေရာတွေ သွားပြီး အပြင်စာတွေ မစားဘူးလို့ ဆိုနေကြချိန်မှာတော့
စာရေးသူကတော့ ကိုယ်လည်းကြိုက်၊ ရာသီဥတုနဲ့လည်း လိုက်ဖက်တဲ့ ညစာတစ်နပ်အတွက်
ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်ဆီကို ရောက်ဖြစ်ခဲ့ပါတယ်။

စာဖတ်ပရိသတ်တွေအတွက်လည်း food review လည်း လုပ်ပေးဖို့ ရည်ရွယ်ရင်းနဲ့ပေါ့။

ရန်ကုန်မှာ ဟော့ပေါ့ဆိုင်တွေ တော်တော်များများမှာ စားဖူးပေမဲ့ စမ်းချောင်းထဲက ဒီဆိုင်ကတော့
အခုမှ ပထမဆုံး သွားစားဖြစ်တာပါ။

ဆိုင် နာမည်ကတော့ Central Hot Pot တဲ့။

ဒီဆိုင်ကို သူငယ်ချင်းတစ်ယောက် ညွှန်းတာဖြစ်ပြီး လောလောဆယ် လျှော့ဈေးလည်း ရှိနေတဲ့အပြင်
စားရမှာကလည်း ဘူဖေးပုံစံဆိုတော့ စာရေးသူလို အစားကြီးသူအတွက်တော့ မက်လောက်စရာပါပဲ။
ဒါကြောင့် သွားဖြစ်ခဲ့တာပါ။

ဆိုင်က အာရှတော်ဝင်ဆေးရုံနား ဗဟိုလမ်းမပေါ်မှာပဲဆိုတော့ ရှာရမခက်ပါဘူး။

ဆိုင်ထဲဝင်တော့ အောက်ထပ်မှာ လေးယောက်ထိုင်စားပွဲလေးဝိုင်းနဲ့ နှစ်ယောက်ထိုင် စားပွဲတစ်ဝိုင်း
ရှိတာမို့ အောက်ထပ်မှာပဲ ထိုင်လိုက်ကြပါတယ်။

အောက်ထပ်မှာ လူပြည့်နေရင်လည်း မပူပါနဲ့။ အပေါ်ထပ်တစ်ထပ် ရှိပါသေးတယ်။

ဒါပေမဲ့ အသီးအရွက်တွေ၊ အသားငါးတွေ၊ ဟင်းပွဲတွေက အောက်ထပ်မှာပဲရှိပြီး ကိုယ်တိုင်စိတ်ကြိုက်
ရွေးယူရတာမို့ အပေါ်ထပ်မှာ ထိုင်ရရင်တော့ အောက်ထပ်ကိုတော့ ဆင်းပြီးယူရပါလိမ့်မယ်။

စာရေးသူတို့ စားပွဲမှာ ထိုင်လိုက်တာနဲ့ ဆိုင်က၀န်ထမ်းလေးက ဘူဖေးလား၊ set နဲ့ စားမလားလို့
မေးပါတယ်။

စာရေးသူတော့ အ၀ဆွဲမှာဆိုတော့ ဘူဖေး လို့ပဲ ပြောလိုက်ပါတယ်။ (အစားနည်းသူတွေကတော့
set မှာစားပြီး ကိုယ်ကြိုက်တာတွေကို တစ်ပွဲစီရွေးပြီးတော့လည်း ထပ်မှာစားလို့ရပါတယ်။)

ပြီးတဲ့အခါ ဟင်းရည်ကို ဘာအမျိုးအစားယူချင်သလဲလို့လည်း မေးပါတယ်။

ဒီဆိုင်မှာက ဟင်းရည်ကို လူတစ်ယောက်စာ အိုးလေးတွေနဲ့ ပြင်ပေးပါတယ်။

အရည်ကတော့ ကြက်သားပြုတ်ရည်နဲ့ ၀က်သားပြုတ်ရည် နှစ်မျိုးရှိပြီး အရသာကတော့ အချို၊အစပ်နဲ့
ချဉ်စပ်ဆိုပြီး သုံးမျိုးရှိပါတယ်။

အတူပါလာတဲ့အဖော်က ကြက်သားပြုတ်ရည်အစပ်ကို မှာလိုက်ပြီး စာရေးသူကတော့
ကြက်သားပြုတ်ရည်အချိုကို မှာလိုက်ပါတယ်။ ဒါမှ အချိုနဲ့ အစပ် နှစ်မျိုးလုံးကို မြည်းစမ်းခွင့်ရမှာ
မဟုတ်လား။

အရည်အိုးလာမချခင် အဆာပြေစားနိုင်အောင် ဟင်းပွဲတချို့ကိုလည်း စီစဉ်ပေးထားပါတယ်။

တစ်နေ့နဲ့ တစ်နေ့တော့ အဲဒီဟင်းပွဲတွေက တူချင်မှတူမှာပါ။

စာရေးသူတို့ သွားတဲ့နေ့ကတော့ ကြာဆံကြော်၊ ထမင်းကြော်၊ ကြက်ဥချိုချဉ်၊ ကြက်ကုန်းဘောင်၊
ကြက်သားဖက်ထုပ်ကြော်နဲ့ ပိန်းဥကြော်တို့ရှိပါတယ်။

ကြာဆံကြော်ကိုတော့ မမြည်းစမ်းခဲ့ပေမဲ့ အဲဒီထဲမှာ ပိန်းဥကြော်နဲ့ ထမင်းကြော်လေးက
စားလို့ကောင်းပါတယ်။

စိတ်ကြိုက်ရွေးစားနိုင်တဲ့ ပင်လယ်စာနဲ့ အသီးအရွက်များ။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)စိတ်ကြိုက်ရွေးစားနိုင်တဲ့ ပင်လယ်စာနဲ့ အသီးအရွက်များ။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဟော့ပေါ့အရည်ထဲ ထည့်စားဖို့ကတော့ အသားလွှာကလွဲပြီး အရွက်တွေ၊ အသားလုံးတွေနဲ့
ကလီစာတွေကိုတော့ ကိုယ်တိုင်ယူရမှာပါ။

အသားလွှာကတော့ ကြက်သား၊ ၀က်သား၊ ဆိတ်သားနဲ့ အမဲသား ရှိပါတယ်။ တစ်ပွဲကို လေးပြား၊
ငါးပြားလောက်ပဲ ပါပါတယ်။ သူက စားသုံးသူမှာမှ စက်နဲ့လှီးပေးတာပါ။ တစ်ပွဲမှာ ထည့်ပေးတာ
နည်းတယ်ဆိုပေမဲ့ ပူစရာမလိုပါဘူး။ စားနိုင်သလောက် စိတ်ကြိုက်မှာလို့ရပါတယ်။

အသီးအရွက်တွေကတော့ ကန်စွန်းရွက်၊ ဂေါ်ရခါးညွန့်၊ ပဲရွက်တို့အပြင် တာအိုရွက်လည်းရပြီး
လတ်ဆတ်ပါတယ်။ ခေါက်ဆွဲဖတ်ကလည်း မျိုးစုံရှိပါတယ်။ ပင်လယ်စာကတော့ ခုံး၊ ရေဘ၀ဲ၊
ပြည်ကြီးငါး၊ ကဏန်း၊ ပုစွန်တို့ ရပါတယ်။

ပင်လယ်စာထဲမှာဆိုရင် ပြည်ကြီးငါးထဲမှာ ၀က်သားအဆာသွတ်ထားတာကိုတော့ စာရေးသူ
အကြိုက်အတွေ့ဆုံးပါပဲ။ အသားလုံးနဲ့ ကလီစာတွေကိုလည်း မျိုးစုံရပါတယ်။ ကလီစာတွေကတော့
ကြည့်ရတာလတ်ဆတ်ပေမဲ့ ဒီတလော သိပ်မစားချင်တာကြောင့် မစားဖြစ်ခဲ့ပါဘူး။

အသားလုံးတွေကတော့ အမျိုးစုံသလို အများစုက စားလို့ကောင်းပါတယ်။ အထူးသဖြင့် အရင်က
တခါမှမစားဖူးတဲ့ ချိစ်ကြက်သားလုံးပေါ့။ အသားလုံးကျက်လို့ ၀ါးလိုက်တဲ့အချိန်မှာ အထဲကချိစ်က
ပါးစပ်ထဲ ပေါက်ထွက် လာသလိုမျိုးမို့ အရမ်းကို အရသာရှိလှပါတယ်။

အရည်ကလည်း စာရေးသူ ပါးစပ်နဲ့ကတော့ အပေါ့အငန်အနေတော်ဖြစ်ပြီး သောက်လို့
ကောင်းပါတယ်။ တကယ်တော့ သူငယ်ချင်းရဲ့အစပ်အရသာက ပိုလို့တောင်ကောင်းနေပါတယ်။

သူ့အကြိုက် ကြက်ဥတစ်လုံးကို ပွက်ပွက်ဆူနေတဲ့ အိုးထဲမှာ ဖောက်ထည့်ထားတော့ အရည်လေးက
ပိုလို့တောင် အရသာ ရှိနေပါတယ်။

ဟော့ပေါ့မှာ အချဉ်ရည်ကလည်း အရေးကြီးပါတယ်။ သာမန် ငရုတ်ဆော့စ် (အချို)၊ ဟော့ပေါ့ဆော့စ်
(အချို၊အစပ်)နဲ့ မန်ကျည်းအချဉ်ဆိုပြီး လေးမျိုးရှိပါတယ်။ မန်ကျည်းအချဉ်ကိုတော့ ခပ်ပေါ့ပေါ့နဲ့
စာရေးသူမကြိုက်ပါဘူး။ ဟော့ပေါ့ဆော့စ်အစပ်ကိုတော့ စာရေးသူ အကြိုက်ဆုံးပါပဲ။

ဒီဆိုင်က ဘူဖေးအစီအစဉ်က ဟော့ပေါ့တင်မကဘဲ အချိုတည်းစရာတွေကိုလည်း တည်ခင်းပေးတာက
ကျေနပ်စရာပါပဲ။ ဒါပေမဲ့ အချိုပွဲအမည်တွေကတော့ သိပ်မများလှပါဘူး။ ငှက်ပျောသီး၊ ဖရဲသီး၊ အီကလဲ၊
ကျောက်ကျော၊ ပူတင်း၊ ဒိန်ချဉ်၊ ကျောက်ပွင့်ချိုအပြင် ရေခဲမုန့်လည်း ရပါတယ်။

စာဖတ်ပရိသတ်တွေအတွက် စာပြန်ရေးမှာမို့ အကုန်လုံးကို နည်းနည်းစီ မြည်းခဲ့ပါတယ်။ အဲဒီထဲမှာ
ကျောက်ကျောနဲ့ ကျောက်ပွင့်ချိုတို့ကတော့ မစွံပါဘူး။ ပိုပြီးတိတိပြောရမယ်ဆိုရင်တော့ အသုပ်အနေနဲ့
လုပ်စားတဲ့ ကျောက်ပွင့်ကို သကြားရည်နဲ့ စိမ်ထားတဲ့ ကျောက်ပွင့်ချိုက ဘယ်လိုမှကို
စားမကောင်းတာပါ။

ကောင်းတာကတော့ ရေခဲမုန့်ပါ။ ပိန်းဥရေခဲမုန့်နဲ့ ချောကလက်ရေခဲမုန့်တို့ဟာ အချိုပေါ့သလို
အရသာလည်းရှိပါတယ်။ အထူးသဖြင့် ချောကလက် ရေခဲမုန့်ဟာ ခါးသက်သက်အရသာအပြင်
ချောကလက်အဖတ်လေးတွေလည်း ပါတာမို့ စားကောင်းပါတယ်။

အအေးတွေအပြင် ရေလည်းရပါသေးတယ်။ တချို့အ၀စားဆိုင်တွေဆို အအေးပဲရပြီး ရေကိုတော့
ဝယ်သောက်ရတာမျိုး ကြုံဖူးပါတယ်။

ဒီဆိုင်ကို ကြိုက်တဲ့အချက်တွေ ပြောရမယ်ဆိုရင် သန့်ရှင်းတယ်။ ၀န်ထမ်းတွေကလည်း ဖော်ရွေပြီး
စားသုံးသူကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်ပါတယ်။

စားစရာတွေကို ကိုယ်တိုင်ယူရပေမဲ့ ကိုယ်က စားချင်တာကိုသာ ရွေးထုတ်ရုံပါပဲ။ ပြီးရင်
ဝန်ထမ်းတွေက ကိုယ့်စားပွဲရှိရာကို ယူလာပေးပါတယ်။ ပင်လယ်စာ၊ အသား၊ အရွက်
စုံစုံလင်လင်လည်း ရှိပါတယ်။ ဈေးနှုန်းကတော့ ဘူးဖေးဆိုရင် တစ်ယောက်စာအတွက်
အခွန်အခအပြီးအစီး ကျပ် ၁၂,၆၀၀ ကျသင့်ပြီး set နဲ့စားမယ်ဆိုရင်တော့ အသားနဲ့ ပင်လယ်စာပေါ်
မူတည်ပြီး ကျပ် ၆,၀၀၀၊ ၇,၀၀၀ နဲ့ ၈,၀၀၀ ဆိုပြီး သုံးမျိုးရှိပါတယ်။

ဩဂုတ်လအတွက် လျှော့ဈေးပေးနေတဲ့ အစီအစဉ်ကတော့ ကြားရက်တွေမှာ မနက် ၁၁ နာရီကနေ
ညနေ ၄ နာရီအတွင်း သွားစားမယ်ဆိုရင် ၃၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမှာဖြစ်ပြီး ကျန်တဲ့အချိန်တွေနဲ့
ရုံးပိတ်ရက်တွေမှာ သွားစားရင်တော့ ၁၀ ရာခိုင်နှုန်းလျှော့ဈေး ရရှိမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာကတော့ ဗဟိုလမ်းနဲ့ အောင်ချမ်းသာလမ်းထောင့်၊ အာရှတော်ဝင်ဆေးရုံအနီး၊
စမ်းချောင်းမြို့နယ်မှာပါ။

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိပါ။


ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ
ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။