ရေတံခွန်တောင်လမ်းပေါ်က ရေကြက်ကြော်နဲ့ နေ့လယ်စာ စားမယ်

 ရေတံခွန်တောင်လမ်းတွင်ရောင်းချသော ရေကြက်ကြော်များကို တွေ့ရစဉ်။ သန်းနိုင်စိုး/ မြန်မာတိုင်း(မ်)ရေတံခွန်တောင်လမ်းတွင်ရောင်းချသော ရေကြက်ကြော်များကို တွေ့ရစဉ်။ သန်းနိုင်စိုး/ မြန်မာတိုင်း(မ်)

တစ်ခါတလေမှာ ဆီပြန်ချက်ဟင်းတွေက စားရတာ ငြီးငွေ့စေပါတယ်။ ပြီးတော့ မှန်လုံခန်းထဲမှာ
အဲကွန်းဖွင့်ပြီး ဒါမှမဟုတ် မြို့ပြရဲ့ မွန်းကျပ်နေတဲ့ဆိုင်တွေမှာ စားရတာကလည်း အမြဲလိုလိုဆို
မကောင်းပါဘူး။

ဒီလိုအခြေအနေတွေနဲ့ ကွဲပြားတဲ့ တစ်နေရာကို မြန်မာတိုင်း(မ်)စာဖတ်ပရိသတ်ကြီးအတွက်
ညွှန်းပေးချင်ပါတယ်။ အဲဒီနေရာကတော့မန္တလေးမြို့ရဲ့ အရှေ့ဘက်၊ မန္တလေး-ပြင်ဦးလွင်ကား
လမ်းကနေ ရေတံခွန်တောင်ဂေါက်ကွင်းသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကနေ ဝင်သွားတဲ့ နေရာလေးပါ။

ရေတံခွန်တောင်လမ်း ဝင်လာခဲ့ပြီး ငါးမိနစ်အတွင်းမှာပဲ ရေကြက်ကြော်နဲ့ ထမင်းဆီဆမ်းဆိုင်တွေကို
တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လှပတဲ့ရှုခင်း ရှုကွက်တွေတော့ ရနိုင်မှာ မဟုတ်ပါဘူး။ နည်းနည်းလေး
စိတ်ရှည်ပြီး အတွင်းဘက်ကို ဝင်လိုက်မယ်ဆိုရင် ပိုမိုလှပတဲ့ စိမ်းနုရောင်လယ်ကွင်းတွေ၊ဟိုးအဝေးမှာ
လှမ်းမြင်နေရတဲ့ စိမ်းညို့ညို့တောင်တန်းကြီးတွေကို တွေ့ရမှာပါ။

ရေတံခွန်တောင်လမ်းတစ်လျှောက် တစ်နည်းအားဖြင့် ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းရွာနဲ့ ရေကြည်
ရွာကြားဟာ ရှုခင်းလှပလို့ လာရောက် ဓာတ်ပုံရိုက်သူတွေ၊ ပျော်ပွဲစားထွက်လာတဲ့ လူငယ်တွေနဲ့
အမြဲစည်ကားနေတတ်တဲ့ နေရာပါ။

စာဖတ်သူအနေနဲ့ ကိုယ်နှစ်သက်ရာ ရေကြက်ကြော်ဆိုင်ကနေ ဝယ်ယူပြီး ကိုယ်ထိုင်ချင်တဲ့ တောဆိုင်
လေးမှာ လတ်ဆတ်တဲ့လေညင်းခံရင်းစားသောက်နိုင်ပါတယ်။ စာရေးသူကတော့ သရက်ပင်
တွေ အုပ်ဖွဲ့နေတဲ့တောဆိုင်လေးမှာ သူငယ်ချင်းသုံးဦးနဲ့ ထိုင်စားခဲ့တာပါ။

တကယ်တော့ အခုလို ရေကြက်ကြော်ဆိုင်တွေ ပေါ်လာတာ သုံးနှစ်လောက်တော့ရှိပါပြီ။ ကျွန်တော်တို့
လိုလာရောက်လည်ပတ်ရင်းဝယ်ကြတဲ့အတွက် ဒေသခံတွေ တော်တော်လေးကို အလုပ်ဖြစ်ပါတယ်။
ရေကြက်တစ်ကောင်ကို အရွယ်အစားပေါ်မူတည်ပြီး ကျပ် ၂,ဝဝဝ ကနေ ကျပ် ၃,ဝဝဝ လောက်အထိ
ပေးရပါတယ်။ ဈေးသည်တစ်ဦးရဲ့ ပြောစကားအရ တစ်နေ့ကို အနည်းဆုံး၂၅ ကောင်ကနေ အကောင်
၆ဝ လောက်အထိ ရောင်းရတယ်လို့ သိရပါတယ်။

စာရေးသူတို့ ဝင်စားတဲ့ ထမင်းဆီဆမ်းဆိုင်လေးမှာလည်း ရေကြက်ကို ငရုတ်သီးစပ်စပ်လေးနဲ့ကြော်ပြီး
သား ရောင်းပါတယ်။ ကိုယ်တွေက အကောင်လုံးလိုက်ကို စိတ်သန့်သန့်နဲ့ စားချင်လို့ အပြင်က
ဝယ်လာကြတာပါ။ တချို့ကလည်း စီပီကြက်ပေါက်တွေပါကွာလို့ပြောကြတာ ရှိပါတယ်။ ဒါတွေဟာ
အမြင်နဲ့ ပြောနေကြတာပါ။ ကိုယ်တကယ်စားကြည့်မှ သိနိုင်မှာပါ။

စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်က မစားခင်မှာ ရေကြက်ကြော်ပုံတွေကို facebook  
တင်လိုက်တဲ့အခါချက်ချင်းပဲ Like  တွေ၊ Comment တွေအများကြီး တက်လာပါတော့တယ်။
ဒါပေမဲ့ စားရေးသူတို့ စားတဲ့တကယ့်အရသာတော့ သူတို့တွေ မသိနိုင်ရှာပါဘူး။ မိတ်ဆွေတို့လည်း
တကယ့်အရသာကို မြည်းစမ်းကြည့်ချင်ရင် တစ်ခါလောက်တော့ အရောက်သွားပါလို့ လက်တို့ပါရစေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။