Tuesday, 02 September 2014

ကြက်သား schnitzel

ဒီတစ်ပတ်မှာတော့ Chicken schnitzel လို့ခေါ်တဲ့ ပေါင်မုန့်ကြွပ်ကပ် ကြက်သားပြားကြော်ကို
ချက်စားပါမယ်။

လုပ်ရတာလည်းလွယ်သလို အရသာ လည်း ရှိပါတယ်။ ပြီးတော့ ဆီတွေ အများကြီးနဲ့ အီပြီးတော့
ကျန်ခဲ့တာ မျိုးလည်းမဟုတ်ပါဘူး။

Chicken schnitzel လုပ်ရာမှာ ပုံမှန်အားဖြင့် ဂျုံမှုန့်ကို ပေါင်မှုန့်ခြောက်နဲ့ရောပြီး သုံးလေ့ရှိပါတယ်။

ဖြိုးကတော့ မုန့်နှစ်ထူထူကြီးတွေ ကို မကြိုက်သလို အဲ့ဒီမုန့်နှစ်ထူထူ တွေက ဆီကိုစုပ်ထားတော့
ကျန်းမာရေး အတွက်လည်း မကောင်းပါဘူး။

နောက်ပြီး ပေါင်မုန့်ခြောက်ကိုလည်း ပိုပြီး ကြွပ်ကြွပ်ရွရွလေး ဖြစ်စေမယ့် တန်ပူရာကြော်ရာမှာသုံး
တဲ့ Panko မုန့်ကြွပ် ခြောက်ကို သုံးထားပါတယ်။

ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်မယ်လို့ ထင် ပါတယ်။ ကြက်သားကြော်တစ်မျိုးပေါ့။

Chicken Schintzel

ပါဝင်ပစ္စည်းများ (ခြောက်ယောက်စာ)

ကြက်သားရင်ပုံ အရေခွံဆုတ်ပြီး အရိုးထုတ်ပြီးသား သုံးခု
ကြက်ဥ တစ်လုံး
Panko ပေါင်မုန့်ကြွပ် နှစ်ခွက်
Thymes အရွက်
လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အစို (သို့) အခြောက်)
ဟင်းသီးဟင်းရွက်ဆီ ၂၅၀-၃၀၀ မီလီလီတာ (အကြော်ကြော်ရန်)

ပြင်ဆင်ပုံ

ကြက်သားကို အရေခွံဆုတ်ပြီးလျှင် အဆီတွေနဲ့ ဘေးနဲ့ အောက်က အသားမြောင်းအသေးလေး
တွေကို လှီးထုတ်ပါ။

ရင်ပုံသား သီးသန့်ရပြီဆိုရင် ဓား ထက်ထက်နဲ့ ဘေးတိုက် လှီးဖြတ်ကာ နှစ်လွှာပိုင်းပါ။ ကြက် ရင်ပုံ
သားကြီးပြီး ထူလွန်းရင် သုံးလွှာ အထိ ပိုင်းပါ။

အဲဒီနောက် ဟင်းသီးဟင်းရွက်နဲ့ အသားများထုပ်သည့် ပလတ်စတစ် အကြည်ပတ် clear wrap
ကို စဉ်းတီတုံး ပေါ်တွင် တုံးထားသော ကြက်သား အရွယ်ထက် သုံးဆမျှရှည်သော အပိုင်း နှစ်ပိုင်း
ဖြတ်ကာ တစ်ပိုင်းကို စဉ်းတီတုံး ပေါ်တွင် အလျားလိုက်ခင်းပါ။

နောက်ပြီး ကြက်သားအပိုင်းတစ်ခုကို အလယ်တွင်ထားကာ နောက် clear wrap တစ်ပိုင်း ကို
အပေါ်မှအုပ်ပြီးခင်းပါ။

အသားထုတဲ့ တူအသေးနဲ့ ကြက်သားကို ပြားထွက်လာအောင် ဖြည်းဖြည်းခြင်း ပတ်ပတ်လည်ထု
ပေးပါ။

ကြက်သားပြားဟာ ဘေးသို့ အထူညီညီ ပြားထွက်လာဖို့ အရေးကြီးပါတယ်။ ကြက်သားပြား အထူ
အပါးညီသွားပြီဆိုလျှင် ကြက်သားပြားကိုထုတ်ကာ ပန်းကန်ပြား(သို့) ဗန်းတစ်ခုထဲ ဖြန့်ခင်းထားပါ။

ပြီးရင် ကျန်ကြက်သား များကို ဆက်ပြီး ထုပါ။ ပလတ်စတစ် များ ပေါက်ပြဲသွားလျှင် အသစ်ဖြင့်
အစားထိုးပေးပါ။

ပေါင်မုန့်ကြွပ်မှုန့်၊ အရွက်၊ ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်တို့ကို ဗန်းအပြားတစ်ခုထဲ ထည့်ကာ
သမအောင် မွှေပါ။ ပေါင်မုန့်များကို ခပ်သေးသေး ဖြစ်သွားအောင် ချေပေးပါ။

အရသာ အတွက် ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပေးပါ။ ကြက်ဥကို ပန်းကန်တစ်လုံးထဲ
တွင် ခေါက်ပြီး ပြင်ထားပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ကြက်ဥကို ကြက်သားပြားများ၏ မျက်နှာပြင် နှစ်ခုစလုံး၌ စုတ်တံ
ဖြင့် သုပ်ပေးကာ မုန့်နှစ်များ ထည့်ထားသည့် ဗန်းထဲတွင် မုန့်နှစ် များနှင့် ဖိကပ်ပေးပါ။

မုန့်နှစ်များ အထူညီလာပြီဆိုလျှင် ကြက်သားပြားကို အသာအယာမကာ ပန်းကန်ပြားတစ်ခုထဲတွင်
ဖြန့်ခင်းပြီးထားပါ။

နောက် ကျန်ကြက်သားပြားများကို အထက်ပါ အစီအစဉ်အတိုင်း မုန့်နှစ်များကပ်ကာ ပန်းကန်ပြား
ထဲတွင် ထပ်ထပ်ပြီး ထည့်ပါ။

နောက်ရေခဲသေတ္တာထဲတွင် ၁၅-၃၀ မိနစ်မျှထည့်ပြီး အအေးခံထားပါ။ ကြက်သားတွေကို ကြော်ရန်
အတွက် non stick ဒယ်အိုးပြားထဲတွင် ဆီတစ်ဝက်ခန့်ကိုထည့်ကာ မီးမပြင်းတပြင်းဖြင့် အပူပေးပါ။

ဆီကျက်ပြီ ဆိုရင် ကြက်သားများကို အပြားလိုက် ထည့်၍ ရွှေဝါရောင်သမ်းလာသည် အထိ
ကြော်ပါ။

ပြီးရင် နောက်တစ်ဖက်သို့လှန်၍ ကြော်ပါ။ ကြက်သားပြားပါးရင် သိပ်အကြာကြီးကြော်စရာ မလိုပါ။

ကြက်သားများနူးပြီဆိုရင်တော့ ဆယ်၍ မီးဖိုချောင်သုံးတစ်ရှူးစက္ကူ ပေါ်တွင် တင်ကာ ဆီစစ်ထားပါ။

ဆီလိုလျှင် နည်းနည်းဆီခွဲထည့်ပြီး ကြက်သား ပြားကို ဆက်ကြော်ပါ။ မီးအရမ်းမပြင်း စေရန် သတိ
ထားပါ။

Mushroom sauce

ပါဝင်ပစ္စည်းများ (ခြောက်ယောက်စာ)

ငွေနှင်းမှို ၅၀၀ ဂရမ်
ကြက်သွန်ဖြူ နှစ်ဥ (ထောင်းလျက်)
ဟင်းချက်လျှင်သုံးသည့် ၀ိုင်အဖြူ ၁/၄ ခွက် (မထည့်လျှင်လည်းရပါတယ်)
ဟင်းချက်သည့် ထောပတ် စားပွဲဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ

မှိုများကို ရေဆေးပြီးရင် စစ်ထားပါ။ မှိုများ ရေခြောက်လောက်ပြီဆိုရင် အိုးတစ်လုံးထဲတွင်
ထောပတ် ကို ထည့်၍ မီးမပြင်းစေပဲ ကြက်သွန်ဖြူများကို ဆီသတ်ပါ။

အနံ့မွှေးလာပြီဆိုရင် မှိုများကို ထည့်ကာ လုံးပါ။ နောက် ၀ိုင်အဖြူထည့်ကာ မွှေပြီးလျှင် မီးအေးအေး
ဖြင့် ချက်ပါ။

မှိုများနူးလာပြီး အရည်များ ၄ပုံ ၃ပုံကျော်မျှ နည်းသွားပြီဆိုလျှင် အိုးကိုချ၍ စားသုံးရန်အသင့်ဖြစ်ပါ
ပြီ။

အရသာအတွက် ဆားနှင့် ငရုတ် ကောင်းအနက်မှုန့်ကို သုံးပါ။

ဘိုစားပဲအသုပ်

ပါဝင်ပစ္စည်းများ (ခြောက်ယောက်စာ)

ဘိုစားပဲ ၄၀၀-၅၀၀ ဂရမ်
သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်း
white vinegar လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
wholegrain mustard လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သွန်ဖြူ တစ်မွှာ (ထောင်းလျက်)
သကြားတစ်တို့စာ
အပေါ့အငံအတွက် ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်

ပြင်ဆင်ပုံ

ဘိုစားပဲတွေကို ဆားအနည်းငယ်ခတ်ထားတဲ့ ရေနွေးဆူဆူထဲမှာ ၃-၄ မိနစ်ခန့် ပြုတ်၍ ဆယ်ပြီး
လျှင် ရေခဲရေထဲတွင် ချက်ချင်းစိမ်ထားပါ။

ပြီးမှ ရေစင်အောင် စစ်ထားပါ။ Dressing အတွက် သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ white vinegar၊
wholegrain mustard၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းအနက်မှုန့်တို့ကို ထည့်ကာ သမအောင်
လှုပ်ပြီးပါ။

ပြီးနောက် ဘိုစားပဲများနှင့် ဇလုံတစ်လုံးထဲမှာ သမအောင် ရောနယ်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။