ဆီတို့ဟူး

ဆီတို့ဟူးဆိုရင် ရှမ်းအစားအစာတစ်မျိုးလို့ သိကြပြီးသားပါ။ ငရုတ်သီးဆီထဲမှာ စိမ်ထားတဲ့ တို့ဟူး
ချဉ်ကို မြီးရှည်ခေါက်ဆွဲလုပ်ရာမှာပဲဖြစ်ဖြစ်၊ ထမင်းနဲ့တို့မြှုပ် စားတာပဲဖြစ်ဖြစ် သုံးလေ့ရှိကြပါတယ်။

ဒီတစ်ပတ်တော့ ဆီတို့ဟူးကိုသုံးပြီး ရှမ်းရိုးရာအစားအသောက်တွေကို အတုယူအားကျပြီး ချက်
ထားတဲ့ ဟင်းနဲ့အသုပ်ကို မျှဝေဖော်ပြသွားပါ့မယ်။

တချို့ကလည်း အရသာနဲ့အနံ့ပြင်းလို့ သိပ်မကြိုက်ကြပါဘူး။ ဒါပေမဲ့ ဆီတို့ဟူး ဟာ အရသာကို
လေးနက်ထူးခြားစေတာအမှန်ပါ။

အသုပ်ထဲမှာ ထည့်သုံး လို့ရသလို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာမှာ လည်း သုံးလို့ရပါတယ်။

ဆီတို့ဟူးကို ဆီ လေးနဲ့ဖျော်၊ ကြက်သွန်ဖြူလေးထောင်းပြီး ရောလိုက်ရင်တောင် အတို့အမြှုပ်
အတွက် ဟင်းတစ်ပွဲဖြစ်သွားပါတယ်။

ဖြိုးရဲ့ အမျိုးသားပူဆာလွန်းတဲ့ ရှမ်းဟင်းများကို ဆီတို့ဟူးနဲ့ ကြံဖန်ချက်ပြုတ်ရာကနေ အခုဖော်ပြ
မယ့် ဟင်းလေးတွေကို ချက်ဖြစ်သွားတာပါ။

ရှမ်းစတိုင် ထမင်းဟင်း စားချင်ပြီး မိတ်ဆွေများကို ကြွားလုံးထုတ်ချင်တဲ့ အမျိုးသားက ရှမ်းစတိုင်
ထမင်းဟင်းချက်ပေးဖို့ ပြောလွန်း တော့ အဲဒီအချိန်က ဆစ်ဒ်နီ မှာ ပဲပုပ်တို့၊ မုန်ညင်းချဉ်တို့ လိုက်ရှာ
လိုက်တာ ဆီတို့ဟူးပဲ တွေ့တာနဲ့ ရှမ်းဟင်းတွေကို အားကျပြီးချက်တဲ့ ရှမ်းဟင်းဆိုပြီး ထွင်လိုက်
တာပေါ့။

သူတို့တွေလည်း ဆီတို့ဟူးကို စွဲသွားတော့တာပေါ့။ ငါးကြင်း ကြော်နှပ်ကို ဆီတို့ဟူးလေးနဲ့ ပြန်နှပ်
ထားတဲ့ ငါးကြော်နှပ်ကတော့ အားပေးခံရဆုံးပေါ့။

ဆီတို့ဟူးနှင့်ငါးကြော်နှပ်

ပါဝင်ပစ္စည်းများ (လေးယောက်စာ)

ငါးကြင်း ဂရမ် ၅၀၀ ဟင်းသီးဟင်းရွက်ဆီ ၁/၃ ခွက်
ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ဆီတို့ဟူး စားပွဲဇွန်း တစ်ဇွန်း (ရေ ၁/၄ ခွက်တွင် ချေပြီး ဖျော်ထားပါ)
ကြက်သွန်မိတ် ၈-၁၀ ပင် (အဖြူရောင်ထိပ်ပိုင်းနှင့် အရွက်နု များကို ထောင့်ဖြတ်လှီးထားပါ)
ရှမ်းကြက်သွန်ဖြူချဉ် စားပွဲဇွန်း နှစ်ဇွန်း
ရေ ၁/၂ ခွက် (၁၂၅ မီလီလီတာ)

ပြင်ဆင်ပုံ

ငါးကြင်းကို ဆေးကြောပြီး အနေတော် အရွယ်ခုတ်ကာ ပဲငံပြာရည်နဲ့ နယ်ပြီး အနည်းဆုံး မိနစ် ၃၀
လောက် နှပ်ထားပါ။

နောက် ဆီတို့ဟူးကို ရေ ၁/၄ခွက်ဖြင့် ကျေအောင်ဖျော်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ကာ ငါးတွေကို
ရွှေဝါရောင် သမ်းလာတဲ့အထိ ကြော်ပါ။

ပြီးရင် ငါးတွေကို ဆယ်ထားပါ။ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ကြက်သွန် ဖြူချဉ်တို့ကို တစ်ခုပြီးတစ်ခု
ထည့်ကာ ဆီသတ်ပါ။

ကြက်သွန်မြိတ်တွေ နွမ်းစ ပြုရင် ငါးကြော်တွေကို အိုးထဲ ပြန်ထည့်ကာ မွှေပါ။

ပြီးရင် ဆီတို့ဟူး ရေကို လောင်းထည့်ကာ ရေ ၁/၂ ခွက် ထပ်ထည့်ပါ။

နောက် မီးကို လျှော့ကာ ရေများပွက်လာသည်အထိ တည်ပါ။

ဟင်းရည်ပွက်ပြီး ၃-၄ မိနစ်မျှကြာရင် မီးကိုပိတ်ကာ အဖုံးအုပ်ပြီး နောက်ထပ် ငါးမိနစ်လောက် နှပ်
ထားပါ။

ထမင်းဖြူနဲ့ စားရင် ပိုမိုလိုက်ဖက်ပါတယ်။

အနောက်တိုင်းစတိုင် ဟင်းရွက်သုပ်နှင့် ဆီတို့ဟူး dressing

ပါဝင်ပစ္စည်းများ (လေးယောက်စာ)

ဆီတို့ဟူး စားပွဲဇွန်း တစ်ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း တစ်ဇွန်း
နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးအနီအရှည်တောင့် တစ်တောင့် (ပါးပါးလှီးပါ)
သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သွန်ဖြူကြော် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပဲရွက် တစ်စည်း

ပြင်ဆင်ပုံ

ပဲရွက်တွေကို အရွက်နု လေးတွေနဲ့ အညွန့်လေးများ ခူးကာ ရေဆေးပါ။

ပြီးရင် ဆားအနည်းငယ် ထည့်ထားတဲ့ ရေနွေးဆူဆူထဲ ၂-၃ မိနစ်မျှ ရေနွေးဖျောပြီး ရေခဲ ရေထဲသို့
ချက်ချင်းထည့်ကာ စိမ်ထားပါ။

နောက် ရေစင်အောင် စစ်ကာထားပါ။

ဒယ်အိုးပြားလေးထဲမှာ ဆီကိုထည့်ကာ မီးမပြင်း တပြင်းနဲ့ အပူပေးပြီး ဆီတို့ဟူးကို ဖြည်းဖြည်းချင်း
ဖျော်ကာ ကြော်ပါ။

နောက် သကြားနဲ့ ငရုတ်သီးတို့ကို ထည့်ကာမွှေပါ။

ဒါမှမဟုတ် မိုက်ခရိုဝေ့ဖ် ထဲတွင် ၁၀ စက္ကန့်လောက် အပူပေး ပါ။ နောက် အားလုံးကို သမအောင်
မွှေပြီးရင် နောက်ထပ် ၁၀ စက္ကန့်မျှ အပူပေးပါ။

ပါဝင်ပစ္စည်းများအားလုံး ပေါင်းစပ်ပြီး အနှစ်ကဲ့သို့ ပျစ်ပျစ်နှစ်နှစ်လေး ဖြစ်နေပါစေ။

နောက် ပဲရွက်တွေကို ပန်းကန်ပြားပေါ် ခင်းပြီးရင် dressing ကို အရွက်တွေပေါ်မျှအောင် လောင်းချ
ကာ ကြက်သွန်ဖြူကြော်တွေကို ဖြူးကာ စားသုံးနိုင်ပါတယ်။

အပူချိန်နွေးနွေးလေးရှိမယ့် အချိန်မှာ စားသုံးဖို့အကောင်းဆုံးဖြစ်ပါတယ်။

Tips

ဆီတို့ဟူးကို ဆီနစ်အောင် ပုလင်းထဲ ထည့်ကာ ရေခဲသေတ္တာထဲမှာ ထားလို့ ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။