အလုံလမ်းက အိန္ဒိယအစားအစာတွေ ရနိုင်တဲ့ Corriander Leaf

အလုံလမ်းပေါ်က Corriander Leaf ဆိုတဲ့ အိန္ဒိယစားသောက်ဆိုင်ကို ရောက်ရောက်ချင်း
အယ်ဒီတာတစ်ဦးအနေနဲ့ ကျွန်တော်အရင်ဆုံး လုပ်ချင်တာကတော့ ကျွန်တော့်ဆော့ပင်အနီရဲ့
အဖုံး ကိုဖွင့်၊ ဆိုင်းဘုတ်ပေါ်မှာရေးထားတဲ့ ဆိုင်အမည် Corriander ကပိုနေတဲ့ အက္ခရာ r တစ်လုံး
ကို ဖြုတ်ပေးလိုက်ချင်တာပါ။

ဒါပေမဲ့ ဗိုက်ဆာနေတော့လည်း အမှားပြင်ဖို့အရေးကို အသာထားပြီး ညနေခင်းလေနုအေးလေးကို
ခံစားရင်း ကျွန်တော့်ဇနီးနဲ့အတူ ညစာစားရ အောင် ဆိုင်အပြင်ဘက်က စားပွဲလေးဆီပဲ ဆက်သွား
လိုက်ပါတယ်။

ကျွန်တော်တို့ ထိုင်လိုက်တာနဲ့ ဆိုင်ဝန်ထမ်းမိန်းကလေးက စားစရာနဲ့ သောက်စရာမီနူးတွေကို
ချက်ချင်းပဲ လာချပေးပြီး ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ရွေးချယ်လို့ရအောင် ယဉ်ယဉ်ကျေး
ကျေးလေး နောက်ကိုနည်းနည်း လောက်ဆုတ်ပြီး ရပ်စောင့်နေပါတယ်။

ဒါပေမဲ့ သူ့ပုံစံက ကျွန်တော်တို့ မှာတာကို အဆင့်သင့် လိုက်မှတ်ဖို့ နိုးနိုး ကြားကြား ရှိနေတဲ့ပုံပါ။

ဒီစားပွဲထိုးမလေးကို ကြည့်ရတာ ၀န်ထမ်းသစ် ဖြစ်ပုံရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တခြားစားပွဲ
ထိုးတစ်ယောက် က သူ့နားကို ရံဖန်ရံခါလာပြီး ရင်းနှီး ဖော်ရွေပြီး တည်တည်ငြိမ်ငြိမ်လေးနဲ့ အပြစ်
ပြောစရာမရှိတဲ့ ၀န်ဆောင်မှုမျိုး ပေးနိုင်အောင် တိုးတိုးလေးသင်ပေးနေပုံကို သတိထားမိလိုက်တာ
ကြောင့်ပါ။

ဒီဆိုင်မှာ သောက်စရာအဖျော်ယမကာ အဖြစ် ကော့တေးအမျိုးမျိုးနဲ့ တခြား ယမကာတွေ ရနိုင်ပေ
မယ့်လည်း ကျွန်တော်ကတော့ ကျွန်တော့်အကြိုက် မြန်မာဘီယာပုလင်းကြီး (ကျပ် ၃,၀၀၀)
တစ်ပုလင်းမှာလိုက်ပါတယ်။

ကျွန်တော့် အမျိုးသမီးကတော့ သူကောင်းမယ်လို့ ထင်တဲ့ ၀ိုင်ဖြူ (ကျပ် ၄,၀၀၀) တစ်ခွက် မှာ
လိုက်ပါတယ်။

အများအားဖြင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဟင်းပွဲမျိုးတွေ ရနိုင်ပြီး တခြား ဒေသ တွေက ဟင်းပွဲမျိုး
တွေကိုလည်း ရနိုင်တာကြောင့် ရွေးချယ်စားရမယ့် ဟင်းပွဲ တွေက အများကြီးပါ။

အသားမပါတဲ့ ဟင်းပွဲတွေ ရွေးစရာအများကြီးရှိတာ ကြောင့် အသီးအရွက်ပဲ စားတဲ့သူတွေ
အကြိုက်တွေ့ကြမှာပါ။

ကျွန်တော်တို့နှစ်ယောက်စလုံးက အိန္ဒိယမြောက်ပိုင်းအစားအစာတွေကို ကြိုက်ကြပြီး စားတာများ
ရင် အီဆိမ့်နေမှာ စိုးတာနဲ့ သရေစာတွေ မမှာတော့ဘဲ အဓိကဟင်းပွဲအဖြစ် ပန်ချာပီဟင်းတွေ
ဖြစ်တဲ့ ပန်းဂေါ်ဖီကို ဒိန်ချဉ်ဆော့စ်နဲ့ ချက်ထားတဲ့ gobhi masala (တစ်ပွဲ ကျပ် ၄,၅၀၀)နဲ့
chicken  malai tikka (ကြက်သားကင်)(တစ်ပွဲ ကျပ် ၆,၅၀၀) ကိုပဲ မှာလိုက်ကြပါတယ်။

ပြီးတော့ garlic naan bread (ကြက်သွန်ဖြူ ပေါင်မုန့်) (ကျပ် ၁,၈၀၀) နဲ့ ထမင်းပေါင်း (ကျပ်
၎,၀၀၀) ကိုလည်း မှာလိုက်ပါတယ်။

မှာပြီး မကြာခင်မှာပဲ စားစရာတွေ လာချပေးပါတယ်။ ဒါကတော့ ဒီဆိုင်ရဲ့ ထူးခြားချက်ကို ဖော်ပြ
ပေးတဲ့အချက်ပါ။

အစားအစာတွေ ကောင်းဖို့လိုသလို စားစရာတွေ အလျင်အမြန်ချပေးနိုင်ဖို့ ဆိုတဲ့အချက်ကလည်း
စားသောက်ဆိုင်ဖွင့်ထားတဲ့သူတွေ နားလည်ထားသင့်တဲ့ အချက်တစ်ချက်ပါ။

ရန်ကုန်မှာ ဆယ်စုနှစ် တစ်စုစာ ကာလအတွင်း ကျွန်တော်စားခဲ့ဖူးတဲ့ တောင်အာရှပုံစံ အကောင်း
ဆုံး စားစရာ တွေထဲမှာ ဒီဟင်းက အရသာရှိပြီး စားရအဆင်ပြေဆုံးဟင်းပါပဲ။

Punjabi gobhi masala က အရသာရှိပြီး မအီပါဘူး။ ကြက်ကင်ကလည်း တော်တော်လေးကို
နူးပါတယ်။ နည်းနည်းတော့စပ်ပေမယ့် ချွေးပြန်လောက်အောင်တော့ ပူစပ် မနေပါဘူး။

ဒီတစ်ခါတော့ စားဖိုမှူးက တော်တယ် လို့ ကျွန်တော်ချီးကျူးလိုက်ပါတယ်။ မီနူးစာရင်းထဲက
ဟင်းအမယ် (အမည်) အတော်များများက ဈေးနှုန်းအသင့် အတင့် ဖြစ်နေပေမယ့် ထမင်းပေါင်း က
၎,၀၀၀ တောင် ကျတာ သတိထားမိကြမှာပါ။

ဒီဈေးနှုန်းအရဆို ထမင်းကို ရောဂါပျောက် စေတဲ့ရေတွေနဲ့ ချက်ထားပြီး ရွှေမှုန်တွေများ ထည့်ချက်
ထား လို့များလားလို့ ထင်ကြမှာပါ။

အမှန်တော့ ဘာမှမပါပါဘူး။ ကြည့်ရတာကတော့ ထမင်းနဲ့ ဟင်းအမယ်တွေ အားလုံးပေါင်း တန်ဖိုး
အရ ဆိုင်ရဲ့ဝင်ငွေမြင့်သွား အောင် လုပ်ထားတဲ့ပုံပါ။

Corriander Leaf

အလုံလမ်း၊ တိုက်(၁၂)၊ ရန်ကုန် အင်တာနေရှင်နယ်ဟိုတယ်ဝင်း၊ ဒဂုံမြို့နယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။