Rice spaghetti noodle and grilled pork salad

ဗီယက်နမ်စတိုင် ကော်ပြန့်လိပ်အပြီးမှာတော့ နန်းကြီးဖတ်ကို သုံးပြီး သုပ်ထားတဲ့ ဗီယက်နမ်ဆန်
ခေါက်ဆွဲသုပ်ကို သုပ်စားမှာဖြစ်ပါတယ်။

ဝက်သားကို သုံးပြီး သုပ်ထားပေမယ့်လည်း ပင်လယ်စာ၊ သို့မဟုတ် ကြက်သားတို့နဲ့ အစားထိုးပြီး
သုပ်စားနိုင်ပါတယ်။

ဖြိုးက ဗီယက်နမ် နန်းကြီးသုပ်လို့ တင်စားပြီးပြောပေမယ့် တကယ်တော့ မြီးရှည်လိုမျိုးနဲ့ ပိုတူတယ်
လို့ ပြောလို့ရပါတယ်။

မြေပဲဆန်ရယ်၊ ချဉ်ဖတ်လေးရယ်၊ ချို၊ ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ အချဉ်ရည်နဲ့ သုပ်ထားလို့ပါ။

ဒီချက်နည်းမှာပါတဲ့ ၀က်သားကင်ကို ကောက်ညှင်းပေါင်းလေးနဲ့ တွဲစားလို့ လည်း ရပါတယ်။

ရာသီဥတုပူလာလို့ အစားပျက်နေသူတွေအတွက် ဒီခေါက်ဆွဲသုပ်လေးက ချို၊ ချဉ်၊ ငံ၊ စပ် အရသာ
နဲ့ ခံတွင်းပြန်တွေ့စေမှာ သေချာပါတယ်။

ဝက်သားကင် (Thit nuong)

ပါဝင်ပစ္စည်းများ

ဝက်အသားသက်သက် (ဂုတ်သားဆိုလျှင် ပိုကောင်းပါသည်) ၅၀၀ ဂရမ်
စပါးလင် (နုပ်နုပ်စင်းလျက်) ၁/၄ ခွက်
ကြက်သွန်ဖြူ ၂-၃ မြွှာ (ညက်ညက်ထောင်းလျက်)
သကြား စားပွဲဇွန်း နှစ်ဇွန်း
ငံပြာရည် စားပွဲဇွန်း လေးဇွန်း
ငရုတ်ကောင်းမှုန့် (ချက်ချင်းကြိတ်ပြီးထည့်ပါမယ်) လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း သုံးဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း သုံးဇွန်း
ပျားရည် စားပွဲဇွန်း တစ်ဇွန်း
နှမ်းလှော် စားပွဲဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

ခပ်နုတ်နုတ်လှီးထားသော စပါးလင်၊ ကြက်သွန်ဖြူထောင်း၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းဖြူ၊
နှမ်းလှော်ဆီ၊ နှမ်းလှော် တို့ကို ဖန်ဇလုံတစ်လုံးတည်းတွင် ထည့်ပြီး သမအောင်မွှေပါ။

ပြီး ၀က်သားများကို အမြှောင်းလိုက် လှီးကာ ထိုဖန်ဇလုံထဲတွင် စပ်ထားသော အနှစ်များဖြင့်
သမအောင်နယ်ပြီး အနည်းဆုံး နှစ်နာရီမျှ နှပ်ထားပါ။

ရေခဲသေတ္တာထဲတွင် ထည့်ထားနိုင်လျှင် ထည့်ထားပါ။ ၀က်သားများ အဆင်သင့်ဖြစ်ပြီ ဆိုလျှင်
၎င်းတို့ကို မီးဖိုပေါ်၌ အကင်စင်လေးများထိုးပြီးဖြစ်ဖြစ်၊ အကင်ညှပ် ဖြင့် ညှပ်၍ပဲဖြစ်ဖြစ် ကင်ပါ။

အသားပြားများကို စုပ်တံဖြင့် ဆီအနည်းငယ်မျှ သုပ်ပေးကာ တစ်ဖက်လျှင် မိနစ်အနည်းငယ်မျှ
ကင်ပြီးလှည့်လှည့်ပေးပါ။

ကင်ပြီးသား အသားများကို မအေးသွားအောင် အလူမီနီယံပြားဖြင့် ဖုံးအုပ်ပြီး ထားပါ။

ခေါက်ဆွဲအတွက်

နန်းကြီးခေါက်ဆွဲဖတ်အစို တစ်ကီလိုဂရမ် (လူတစ်ယောက်လျှင် ၁၅၀-၂၀၀ဂရမ်)
ကြက်သွန်နီကြော် စားပွဲဇွန်း ငါးဇွန်း
မြေပဲလှော် စားပွဲဇွန်း လေးဇွန်း
ပူစီနံ နှစ်စည်း (အရွက်များချွေထားပေးပါ)
ဆလပ်ရွက် တစ်စည်း
Asian basil (ပင်စိမ်းရွက်) နှစ်စည်း (အရွက်များချွေထားပေးပါ)
ပဲပင်ပေါက် ၃၀ ဂရမ် သခွားသီး တစ်လုံး (အချောင်းလေးများဖြစ်အောင် လှီးပါ)
ငရုတ်သီးအနီတောင့်ရှည် နှစ်တောင့် (ပါးပါးလှီးပါ)
ဗီယက်နမ်ငံပြာရည် dressing (Nuoc Cham) (ရှေ့အပတ်က ဖော်ပြပြီး)
မုန်လာဥဖြူနီ ချဉ်ဖတ်

ပြင်ဆင်ပုံ

မုန့်ဖတ်အခြောက် (မြီးရှည်ဖတ်)ကို သုံးမည်ဆိုရင် အထုပ်တွင်ပါသည့် အတိုင်း ပြင်ဆင်ပါ။

ဟင်းသီးဟင်းရွက်စိမ်းများကို ရေစင်အောင် ဆေးပြီးလျှင်စစ်ထားပေးပါ။

မုန့်ပြင်ရန်အတွက် ပန်းကန်တစ်လုံးထဲတွင် နန်းကြီးဖတ်များကို တစ်ယောက် စာထည့်ကာ
ဝက်သားကင်ပြား (ညှပ်၍)၊ ကြက်သွန်နီကြော်၊ မြေပဲထောင်းတို့ကို တစ်ခုခြင်းဆီထည့်ပါ။

ထို့နောက် ငံပြာရည်ဖြင့် ဖျော်ထားသော Nuoc Cham dressing ကို ဆမ်းထည့်ကာ သမအောင်
မွှေပြီး စားနိုင်ပါပြီ။

အရည်များ မုန့်ဖတ်ထဲသို့ စိမ့်ဝင်သွားအောင် ၁-၂ မိနစ်မျှ စောင့်ပြီးစားပါက ပိုကောင်းပါတယ်။

ပါးပါးလှီးထားတဲ့ ဆလပ်ရွက်များ၊ ပဲပင်ပေါက်စိမ်းများ၊ ပူစီနံရွက်များ၊ basil ရွက်များ၊ ငရုတ်သီးနီ၊
မုန်လာချဉ် တို့ကို စိတ်ကြိုက်ထည့်ကာ အားလုံး နယ်ဖတ်ပြီးစားရင် ပိုပြီးစားလို့ ကောင်းပါတယ်။

ဗီယက်နမ်ငံပြာရည် Dressing

ပါဝင်ပစ္စည်းများ

ငံပြာရည် ၁/၂ ခွက် (၁၂၀ မီလီမီတာ)
ရှလကာရည်အဖြူ (white vinegar) ၁/၂ ခွက်(၁၂၀ မီလီမီတာ)
သံပရာရည် စားပွဲဇွန်း ငါးဇွန်း
သကြား စားပွဲဇွန်း ငါးဇွန်း ကြက်သွန်ဖြူခြောက်မြွှာ (ညက်ညက်ထောင်းလျက်)
ငရုတ်သီးအနီတောင့်ရှည်နှစ်တောင့် (သေးသေးနုပ်နုပ်စဉ်းလျက်)
ရေတစ်ခွက်

သကြားကို ရေထဲတွင် အရင်ပျော် အောင် ဖျော်ပြီး ငရုတ်သီးမှလွဲ၍ ကျန်ပစ္စည်းများအားလုံးကို
ထည့်ကာ ခွက်တစ်ခွက်ထဲတွင် သမအောင် မွှေပါ။

ပြီးလျှင် ငရုတ်သီးများကို ဖြူးပါ။

မုန်လာဥနီဖြူချဉ်ဖတ် (Do Chua)

မုန်လာဥနီ တစ်ဥ (အခွံနွှာပြီးအချောင်းလေးများ ဖြစ်အောင် လှီးထားပါ)
မုန်လာဥဖြူ တစ်ဥ (အခွံနွှာပြီး အချောင်းလေးများ ဖြစ်အောင် လှီးထားပါ)
သကြား စားပွဲဇွန်း တစ်ဇွန်းခွဲ
ဆား စားပွဲဇွန်း တစ်ဇွန်း
ရေနွေး နှစ်ခွက်
ပေါင်းခံထားသော ရှာလကာရည် သို့မဟုတ် ဆန်ရှာလကာရည် စားပွဲဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

ချဉ်ဖတ်တည်မည့် ပုလင်းကို သန့်ရှင်းအောင်ဆေး၍ ရေဖြင့်ပြုတ်ကာ ပိုးသတ်ပါ။

ပြီးရင် ရေနွေးအိုးတည်ကာ ခပ်နွေးနွေးဖြစ်သည်အထိ အအေးခံပါ။

နောက် မုန်လာဥများမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများကို ဖန်၊ သို့မဟုတ် ကြွေပန်းကန် တစ်ခုတည်းတွင်
ရောမွှေပါ။

သကြားနှင့် ဆားများပျော်သည်အထိ မွှေပေးပါ။

နောက် မုန်လာဥခြစ်များကို ပုလင်းထဲသို့သေချာသိပ်ထည့်ကာ ဖျော်ထားသော အချဉ်ရည်ကို
လောင်းထည့်ပါ။

ပုလင်းအပြည့်ထိမထည့်ပဲ လည်ပင်းဝလောက်အထိသာထည့်ပါ။

နောက်အဖုံးကို လေလုံအောင် ပိတ်ပြီးလျှင် အေးပြီးမှောင်သောနေရာ၌ တစ်ရက်မျှထားပါ။

သို့မဟုတ် ရေခဲသေတ္တာထဲ ၌ ၂-၃ ရက်မျှထားပါက ရပါပြီ။

TIPS

ဝက်သားကို ကင်ရင် အကြာကြီး မကင်ပါနဲ့။

ပျားရည်နဲ့ စိမ်ထားတဲ့အတွက် တူးလွယ်လို့ပါ။

အသားကို ပါးပါးလှီးထားရင် ပိုပြီး မြန်ဆန်စွာ ကျက်ပါတယ်။

ပုဇွန်၊ သို့မဟုတ် ကြက်သား ပေါင်သား၊ သို့မဟုတ် ရင်ပုံသားကို လည်း အစားထိုးနိုင်ပါတယ်။

ပုစွန်အတွက်ဆိုရင်တော့ ပျားရည် နှင့် သကြားကို ချန်ထားခဲ့ပါက ပိုပြီး ကောင်းပါတယ်။

ခေါက်ဆွဲခြောက်ထုပ်ကို သုံးရင် ခေါက်ဆွဲပြုတ်ရာ၌ ဟင်းသီး ဟင်းရွက်ဆီ စားပွဲဇွန်း နှစ်ဇွန်းကို
ရေနွေးဆူဆူထဲ သို့ထည့်ပြုတ်ပါ။

ရေစစ်ချသည့်အခါ ခေါက်ဆွဲများ စေးကပ်မနေတော့ပါ။

Dressing ဖျော်စပ်နည်းဟာ မိမိအကြိုက် ချဉ်၊ ငံ၊ စပ် အရသာ ကို လိုသလိုပြင်ပြီး စားသုံးနိုင်ဖို့
အခြေခံအညွှန်းမျှသာဖြစ်ပါတယ်။

မုန်လာဥချဉ်ကို ပဲပင်ပေါက်၊ ပန်းဂေါ်ဖီတို့နဲ့ တွဲ၍လည်းကောင်း၊ အစားထိုး၍လည်းကောင်း အချဉ်
တည်နိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။