မက်ဆီကန်စတိုင် ကြက်သားကဘတ်နှင့် Tomatoes salsa

ဒီတစ်ပတ်လည်းပဲ မက်ဆီကန်စတိုင် ဟင်းလျာလေးတွေကို ဆက်ပြီး မျှဝေ လိုက်ပါတယ်။

ကြက်သားကဘတ်လိုမျိုး ချက်ထားတဲ့ ချက်နည်းလေးပါ။ ဒါပေမဲ့ သူက စပ်ပါတယ်။

ဒီဟင်းကို ချက်မယ်ဆိုရင် အိုးကို ဆီပူတိုက်ဖို့နဲ့ လက်သွက်ဖို့ လိုပါတယ်။ သူက ဟင်းခတ်အမွှေး
အကြိုင်တွေပါတော့ မီးပူပူမှာ မကျွမ်းသွားအောင်လို့ပါ။

နောက်အိုးပူချိန်မှာ ခပ်သွက်သွက် ချက်ပြီး မီးအပူအရှိန်ကို နည်းနည်း ကစားပေးဖို့လိုပါတယ်။

ချက်ရတာ လည်း မြန်တာမို့ မီးဖိုထဲတော့ သိပ်ပြီး အချိန်မကုန်ပါဘူး။ မက်ဆီကန်ဟင်း တွေက
စပ်လည်းစပ်တော့ မြန်မာ ပါးစပ်နဲ့ အစပ်အဟပ်တည့်လှပါတယ်။

အဆင်ပြေရင်တော့ ငရုတ်သီးစိမ်း အတောင့်ရှည်တွေကို အချဉ်တည်ပြီး ထည့်လည်းရပါတယ်။

မက်ဆီကန် ဟင်းတွေအတွက် အများဆုံးလိုအပ်တဲ့ ပဲ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ခရမ်းချဉ်သီး
အားလုံးလိုလိုကို ပြည်တွင်းမှာ ဈေးသက်သက်သာသာနဲ့ ရနိုင်တာမို့ ချက်စားလို့လွယ်သလို
အကုန် အကျလည်း သိပ်မများပါဘူး။

နောက်တစ်ပတ်ကြရင် ... အသုပ် ကလေးတွေ လုပ်စားကြရအောင်။

ပူလွန်းလို့ မီးဖိုထဲမှာ ကြော်လှော်ချက် ပြုတ်ရတာ မလွယ်ဘူးဟုတ် .....။

မက်ဆီကန်စတိုင် ကြက်သားကဘတ်
ပါဝင်ပစ္စည်းများ

ကြက်သွန်နီ (အလတ်) လေးလုံး
ကြက်သွန်မြိတ်ကြီးကြီး လေးပင်
ကြက်သွန်ဖြူ နှစ်မြွှာ
ကြက်ရင်ပုံ နှစ်ခု (၅၀၀ ဂရမ်) (အရေခွံမပါ)
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း လေးဇွန်း
ငရုတ်သီးစိမ်း အတောင့်ရှည် နှစ်တောင့်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးခြောက် စားပွဲဇွန်း တစ်ဇွန်း (အကြမ်းမှုန့်) (အစပ်ကြိုက်ရင်ပိုထည့်နိုင်ပါတယ်)
Paprika လက်ဖက်ရည်ဇွန်းတစ်ဇွန်း
အပေါ့အငန်အတွက် ဆားကို လိုသလောက် ထည့်ပါ
ဇီယာစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နံနံပင်အနည်းငယ်.. (ဟင်းအုပ်ရန်အတွက်)

ပြင်ဆင်ပုံ

ကြက်သားများကို အရေခွံဆုတ်၊ ရေဆေးပြီး စင်အောင် စစ်ထားပါ။

ပြီးလျှင် သုံးစင်တီမီတာ ပတ်လည်လောက်ရှိ အတုံးများ တုံးပါ။

ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး လှီးထားပါ။

ကြက်သွန်ဖြူများကိုတော့ ထောင်းပြီး ဖြစ်ဖြစ်၊ ညှစ်စက်ဖြင့် ညှစ်ထားပါ။

ကြက်သွန်မြိတ်များကို ထောင့်ဖြတ် ခပ်ပါးပါးလှီးထားပါ။

ငရုတ်သီး စိမ်းအတောင့်ရှည်ကိုလည်း ခပ်စောင်း စောင်းနဲ့ ပါးပါးလှီးထားပါ။

အားလုံးပြီးပြီဆိုရင် မတူးတဲ့ ဒယ်အိုးထဲထည့်ပြီး ဆီပူအောင်တည်ပါ။

ဆီအဆင်သင့်ဖြစ်ပြီဆိုလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။

ကြက်သွန်နီများ အရောင်ကြည်လာပြီ ဆိုလျှင် ကြက်သွန်မြိတ်နှင့် ငရုတ်သီး ခွဲကြမ်းမှုန့်တို့ကို
ထည့်ပြီး နှစ်မိနစ်လောက် ဆက်ပြီး ဆီသတ်ပါ။

ပြီးလျှင် ကြက်သားများကို ထည့်ကာ ကြော်ပါ။

ကြက်သားများ အပေါ်ယံအသား တင်းလာပြီဆိုလျှင် ဇီယာမှုန့်၊ ငရုတ်သီးမှုန့်၊ Paprika၊ နံနံစေ့မှုန့်၊
ငရုတ်သီး စိမ်းတောင့်ရှည်၊ ဆားနှင့် ငရုတ် ကောင်းမှုန့်တို့ကို ဖြူးကာ သမအောင် မွှေပါ။

ထို့နောက် အဖုံးအုပ်ကာ မီးကို လျှော့ပြီး ကြက်သားများနူးသည်အထိ ချက်ပါ။

ကြက်သားနူးပြီဆိုလျှင် ဆီပြန်အောင် မီးအနည်းငယ်ပြန်တင်ကာ ကြော်ချက် ချက်ပါ။

နောက် နံနံပင်များအုပ်ကာ စားနိုင်ပါပြီ။

ထမင်းနဲ့ပဲ တွဲစားစား၊ မက္ကဆီကန် စတိုင်ပေါင်မုန့်ပျော့ tortilla နဲ့ပဲ တွဲစားစား၊ နံပြားနဲ့ပဲ တွဲစားစား
အားလုံးနဲ့အဆင်ပြေပါတယ်။

ထမင်းနဲ့ တွဲစားရင်တော့ သူနဲ့တွဲစားဖို့အတွက် ခရမ်းချဉ်သီး ပန်ထွေဖျော်က လိုက်ဖက်ပါတယ်။

နံပြားနဲ့ဆိုရင်တော့ အာလူးပြုတ်ကြော်လေးက ပိုလိုက် ဖက်ပါတယ်။

မက္ကဆီကန်စတိုင် ခရမ်းချဉ်သီးသုတ်
(Tomatoes salsa)

Tomatoes salsa ကို အနီးစပ်ဆုံး ဘာသာပြန်ရရင်တော့ ခရမ်းချဉ်သီးသုပ်လို့ ပြောရမှာပါပဲ။

တကယ် တော့ပါတဲ့ အသီးအရွက်တွေကို နုပ်နုပ်လေးစင်းပြီး ရောသုပ်ထားတာပါ။

မက္ကဆီကန် ဟင်းပွဲတွေနဲ့ တွဲချလေ့ရှိ ပါတယ်။

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီးမှည့် လေးလုံး (နုပ်နုပ်လှီးလျက်)
ကြက်သွန်နီ တစ်လုံး (နုပ်နုပ်လှီးလျက်)
ငရုတ်ပွသီးအနီ အသေးတစ်လုံး (နုပ်နုပ်လှီးလျက်) (အနီမရရင်လည်း အစိမ်းကို ထည့်လို့ရပါ
တယ်)
နံနံပင် စားပွဲဇွန်း နှစ်ဇွန်း (နုပ်နုပ်စင်းလျက်)
သံပယိုသီး စားပွဲဇွန်း နှစ်ဇွန်း
သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်း
Balsamic vinegar လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (မထည့်လည်းရပါတယ်)
ဆားအနည်းငယ်

ပြင်ဆင်ပုံ

ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုထဲတွင် ရောကာ သမအောင်မွှေပါ။

လေလုံသော ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ နှစ်ရက်လောက် ထားလို့ရပါတယ်။

အရမ်းကြီး အရည်ရွှဲမနေအောင် ခရမ်းချဉ်သီးများကို အစေ့ထုတ်ပစ်ရင် ပိုကောင်းပါတယ်။

အရသာအတွက် ဆားကို ထည့်ပါ။

Next week : အသုပ် . . .

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။