ခရမ်းချဉ်သီးနှင့် ပဲလွန်း ချဉ်စပ်ဟင်းရည်

မိုးက ဆက်တိုက်ရွာပြီး အေးစိမ့်စိမ့်နဲ့မို့ ပူပူနွေးနွေး စားလို့ရပြီး အရည်သောက်ဆန်ဆန် ဟင်းလေး
တွေကို ချက်ဖို့ စီစဉ်ထားပါတယ်။

ဒီတစ်ပတ်မှာတော့ မက်ဆီကန်စတိုင် ပဲနှင့် ခရမ်းချဉ်သီးကို ချက်ပါမယ်။

ခရမ်းချဉ်သီးများများနဲ့ ပဲလွန်းကို သောက်ဆမ်းပုံဆမ်း အရည်လေးများများနဲ့ ချက်မှာပါ။

သက်သတ်လွတ်စားတဲ့ သူတွေအတွက်လည်း သင့်တော်ပါတယ်။

အသားလေးပါမှ စားချင်တယ် ဆိုရင်တော့ ကြက်သားဖြစ်ဖြစ်၊ ၀က်သားဖြစ်ဖြစ် ကြိတ်သားလေးကို
ဆီသတ်၊ ကြော်ပြီး ဟင်းရည်ထဲကို ထည့်စားလို့ရပါတယ်။

ဒါမှမဟုတ် ကြက်ရိုးလေးတွေနဲ့ ချက်လည်း ဖြစ်တာပါပဲ။

နောက် mustard အားလူးကို Dijon ရယ် mayonese ရယ်နဲ့ သုပ်ထားပါတယ်။
ရိုးရာသုပ်လေး လို့ ပြောရမှာပါ။

နောက်ပြီး ၀က်ပေါင်ခြောက်ကို ကြော်ပြီး သေးသေးလေးတွေ ညှပ်ထည့်ထားပါသေးတယ်။

အသား ကင်နဲ့ပဲစားစား၊ ရို့စ်လုပ်ထားတဲ့အသား တစ်ခုခုနဲ့ပဲ တွဲစားစား လိုက်ဖက်ပါတယ်။

ခရမ်းချဉ်သီးနှင့် ပဲလွန်း ချဉ်စပ်ဟင်းရည် (soup)
ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)

သံလွင်ဆီ စားပွဲဇွန်း နှစ်ဇွန်း
ကြက်သွန်နီ နှစ်လုံး (နုပ်နုပ်စဉ်းလျက်)
ခရမ်းချဉ်သီး ရှစ်လုံး
ပဲလွန်း (အစိမ်း) ၁/၂ ခွက်
Tabasco ငရုတ်ဆီ စားပွဲဇွန်းတစ်ဇွန်း
နံနံပင် လက်တစ်ဆုပ်စာ
Massel ဟင်းသီးဟင်းရွက်အရည် လေးခွက် (တစ်လီတာ) (Massel vegetable stock အမှုန့်
လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေ တစ်လီတာနှင့် ဖျော်သည်)
သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

ခရမ်းချဉ်သီးများကို ရေဆေးကာ ပြုတ်ပါ။

အခွံများ ကွဲထွက်ပြီဆိုသည်နှင့် မီးဖိုပေါ်မှချကာ အအေးခံထားပါ။

နောက် အခွံများကိုသင်ပြီး ခပ်ကြမ်းကြမ်း စဉ်းထားပါ။

နောက် ဒယ်အိုးထဲတွင် သံလွင်ဆီ ထည့်ပြီး မီးမပြင်းတပြင်းဖြင့် ကြက်သွန်နီများကို ဆီသတ်ပါ။

ကြက်သွန်နီများ အရောင်ပြောင်းပြီး ရွှေဝါရောင် သမ်းလာပြီ ဆိုလျှင် paprika ကို ထည့်ကာ
ဆီသတ်ပါ။

နောက် ခရမ်းချဉ်သီးများကို ထည့်ကာဆက်ကြော်ပါ။

၂-၃ မိနစ်လောက်ကြာလျှင် ပဲလွန်းများကို ထည့်ကာ ကြက်သားအရည် (သို့) ဟင်းသီးဟင်းရွက်
အရည် လေးခွက်နှင့် Tabasco ငရုတ်ဆီကို ထည့်၍ ပွက်လာသည်အထိ တည်ပါ။

ဟင်းရည်ဆူပြီဆိုလျှင် မီးကို လျှော့ကာ မီးအေးအေးလေးဖြင့် ၄၅ မိနစ် ခန့်တည်ပေးပါ။

နံနံပင်တစ်ဝက်ကို နုပ်နုပ်လေးညှပ်ပြီးထည့်ပါ။

အပေါ့အငန်အတွက် ဆားကို လိုသလောက်ထည့်ပါ။

စားခါနီးတွင် ကျန်နံနံပင်တစ်ဝက်ကို ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။

အစပ်ကြိုက် တတ်သူတွေအဖို့ Tabasco ငရုတ်ဆီ sauce လေးပါ တွဲချပေးနိုင်ပါတယ်။

Corn chips (သို့) roasted tortilla တို့ဖြင့် တွဲပြီး စားသုံးနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။