အင်းလျားလမ်းက တော်ဝင်သဇင် စားသောက်ဆိုင်

အင်းလျားလမ်းထဲမှာ တည်ရှိတဲ့ တော်ဝင်သဇင် စားသောက်ဆိုင်ဝင်းထဲ ၀င်လာတဲ့အခါ စိတ်ထဲမှာ
ပျော်ရွှင်ကြည်နူးမှုကို ခံစားလိုက်ရပါတယ်။

သေသေချာချာ ပြုစုထားတဲ့ မြက်ခင်းပြင် လှလှလေးရဲ့ တစ်ဖက်မှာ မူလအပြင်အဆင်အတိုင်း
ပြန်လည်ထိန်းသိမ်းထားတဲ့ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံကို မီးရောင်တထိန်ထိန်နဲ့
တွေ့လိုက်ရတာဟာ ဒီစားသောက်ဆိုင်လေးကတော့ စားကောင်းမယ်ဆိုတဲ့ အရိပ်အမြွက်လေး
ပါပဲ။

ကျွန်မတို့ အိန္ဒိယ အစားအစာတွေ စားကြမှာလို့ ပြောလိုက်တဲ့အခါ စားပွဲထိုးလေးတစ်ဦးက
နည်းနည်းလေးထပ်သွားရတဲ့ တခြားအဆောင်ဖက်ကို ဦးဆောင်ခေါ်သွားပေးပါတယ်။

စားသောက်ဖွယ်စာရင်းမှာ တွေ့ရတဲ့ တိုရှည်နဲ့ ပဲဟင်းကို ကျွန်မတို့ မှာလိုက်တဲ့အခါ မရနိုင်ဘူးလို့
ပြောလာတဲ့အတွက် ကျွန်မတို့လည်း garlic naan bread ကို မှာလိုက်ပါတယ်။

ဒါပေမဲ့ အဲဒါလည်း မရနိုင်ပါဘူးတဲ့။ (တုံးအလိုက်တဲ့ ကျွန်မပါ။ အိန္ဒိယ စားသောက်ဆိုင်တိုင်းမှာ
naan bread ကို အပိုသိမ်းထားလိမ့်မယ်လို့ ထင်နေပါတယ်။)

နောက်ဆုံးတော့ ကျွန်မတို့လည်း ကြက်သား အိန္ဒိယချက် chicken vindaloo (ကျပ် ၂,၅၀၀)၊
ထောပတ်ထမင်း (ကျပ် ၁,၅၀၀)၊ ဆိတ်သားကီးမား (ကျပ် ၃,၀၀၀) နဲ့ ပဲတောင့်ရှည်ကြော်
(ကျပ် ၁,၅၀၀)တို့နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဆိတ်သားကီးမားကို ဒိန်ချဉ်နဲ့ နှပ်ထားတဲ့ သခွားချဉ်လေးနဲ့ လာချပေးပါတယ်။

ကရဝေးရွက်တွေ၊ ဖာလာစေ့တွေ ထည့်ချက်ထားတဲ့ ထောပတ်ထမင်းကလည်း ဆီနည်းနည်းလေး
များတာကလွဲရင် အရသာရှိပါတယ်။

ငရုတ်သီးခြောက်ကြော်လေးပါ ထည့်ပေးထားတဲ့ ကြက်သား အိန္ဒိယချက် ရောက်လာတဲ့အခါ
ဟင်းမှာပါတဲ့ ဆီတွေနဲ့ အနေတော်ဖြစ်အောင် ထမင်းဖြူပဲ မှာသင့်တယ်ဆိုတာ ကျွန်မတို့ သဘော
ပေါက်သွားပါတယ်။

ပဲတောင့်ကြော်ကလည်း ဆီများပါတယ်။ ဆိုင်က ဟင်းတွေဟာ အိန္ဒိယစတိုင်ဟင်းတွေနဲ့ မတူဘဲ
မြန်မာဟင်းတွေနဲ့ပဲ ပိုတူနေပါတယ်။

ဒီဆိုင်လေးရဲ့ ၀န်ဆောင်မှုနဲ့ အစားအစာက သာမန်လောက်သာဖြစ်ပေမယ့် စုစုပေါင်း ကျသင့်ငွေ
ကျပ် ၁၄,၀၀၀ တောင် ပေးလိုက်ရပါတယ်။ (မြန်မာဘီယာတွေက တစ်ပုလင်းကို ကျပ် ၂,၅၀၀
တောင် ဈေးသတ်မှတ်ထားလေရဲ့) ခြုံပြီးပြောရရင် ကျွန်မတို့ ထူးထူးခြားခြား ကောင်းတာမျိုး
မစားခဲ့ရပေမယ့် ငွေကတော့ တော်တော်လေး ကုန်သွားပါတယ်။

တော်ဝင်သဇင် စားသောက်ဆိုင်
အမှတ် (၉၆)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

မြန်မာ၊ တရုတ်နဲ့ ဥရောပ အစားအစာတွေကို ခန်းမကြီးမှာ စီစဉ်ပေးပြီး အိန္ဒိယအစားအစာတွေကို
တော့ တခြားအဆောင်မှာ စီစဉ်ပေးထားပါတယ်။

Food : 6
Drink : 7
Service : 6
Atmosphere : 6
Xfactor : 6
Value for money : 7

Score : 6/10

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။