စိတ်ကျေနပ်မှုရခဲ့တဲ့ Union Bar and Grill

ရန်ကုန်က Union Bar and Grill စားသောက်ဆိုင်ဟာ အင်တာနက်လိုင်း ကောင်းကောင်း
သုံးချင်တဲ့၊ အနောက်တိုင်း အငွေ့အသက်လွှမ်းတဲ့ ပတ်ဝန်းကျင်လိုမျိုးမှာ ထိုင်ပြီး အစားအသောက်
ကောင်းကောင်းစားချင်နေတဲ့ နိုင်ငံခြားသားတွေအတွက် အဓိကနေရာတစ်ခု ဖြစ်လာနေပါပြီ။

ဒီစားသောက်ဆိုင်လေးဟာ သက်သောင့်သက်သာဖြစ်မှုကို ပေးစွမ်းနိုင်သလို အဆင့်အတန်းမြင့်တဲ့
နေရာတစ်ခုမှာ ရောက်နေတဲ့ ဆိုတဲ့ ခံစားမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးဖို့ အနားယူဖို့ ထိုက်သင့်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်။

အလွတ်သတင်းထောက်လုပ်နေတဲ့ အသိတွေ ဒါမှမဟုတ် နေ့ခင်းဘက် အနားယူရင်း အင်တာနက်
လာသုံးကြတဲ့ မိတ်ဆွေတွေ မဟုတ်ရင်လည်း နေ့လည်စာ စားရင် ဆွေးနွေးနေကြတဲ့ စီးပွားရေး
သမားတွေ တစ်ယောက်မဟုတ် တစ်ယောက်နဲ့တော့ ဒီဆိုင်မှာ ဆုံတတ်တာကတော့ မဆန်းတော့
ပါဘူး။

ဒီနေ့တော့ ကျွန်မ ထိုင်းအစားအစာတွေကို မြည်းစမ်းကြည့်ချင်နေပါတယ်။

ဒီဆိုင်မှာ အခုရက်ပိုင်းအတွင်း စီစဉ်ပေးထားတဲ့ ထိုင်းအထူးအစားအစာ ရက်သတ္တပတ်အတွက်
ထိုင်းအစားအစာတွေနဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက Isan စတိုင် အစားအစာတွေ ချက်ပြုတ်
ပေးဖို့ ထိုင်းစားဖိုမှူး နှစ်ယောက်ကို လေးရက်ခေါ်ထားတယ်ဆိုတဲ့ သတင်း ကျွန်မ ကြားထား
ပါတယ်။

ရွေးစရာ ဟင်းအမယ်တွေကတော့ ရိုးရိုးလေးတွေဖြစ်ပြီး အများကြီးလည်း မရှိပါဘူး။

ထိုင်းဟင်းပွဲ အကြီးတချို့ ရနိုင်တာတော့ တွေ့ရပါတယ်။

Larb moo (၀က်သားစဉ်းကော)၊ ဆန်စေးနဲ့ တုံယမ်းဟင်းတွေလည်း ရပါတယ်။

ဒါပေမဲ့ ကျွန်မကတော့ ဘဲကင်ဟင်း (ကျပ် ၁၃,၀၀၀) ကို အဓိက ဟင်းပွဲအဖြစ် မှာလိုက်ပါတယ်။

ဒါပေမဲ့ ကျွန်မနဲ့ အတူပါလာတဲ့ မိတ်ဆွေက အသီးအရွက်ပဲ စားတာဆိုတော့ သူ့အတွက် ရွေးစရာ
မရှိဖြစ်သွားပါတယ်။

ဒါကြောင့် artichoke လို့ခေါ်တဲ့ ဟင်းရွက်တစ်မျိုး၊ အာလူး၊ အညိုနုရောင်ထောပတ်နဲ့ ဆိတ်နို့က
ထုတ်လုပ်တဲ့ pecorino ချိစ်တို့ ပါတဲ့ အီတလီခေါက်ဆွဲတစ်မျိုးဖြစ်တဲ့ ravioli (ကျပ် ၅ယ၇၀၀)
ကိုပဲ မှာလိုက်ရပါတယ်။

ဒါကတော့ အထူးအစီအစဉ်မှာပါတဲ့ ဟင်းပွဲမဟုတ်ပါဘူး။

ဒီစားသောက်ဆိုင်မှာ အရသာရှိလှတဲ့ ပေါင်မုန့်လတ်လတ်ဆတ်ဆတ်ကို အတွဲအဖက် အစားအစာ
အဖြစ် ချပေးပါတယ်။

ပုံမှန်ဆို အဓိကဟင်းပွဲ မရခင်မှာ အဖြည့်ပွဲကို ကျွန်မ စားပစ်လိုက်တတ်ပေမယ့် ဒီတစ်ခါတော့
အဓိကဟင်းပွဲကိုဘဲ စောင့်နေလိုက်ပါတယ်။

ချယ်ရီခရမ်းချဉ်သီး နီနီလေးတွေ၊ ငရုပ်ပွသီး စိမ်းစိမ်းလေးတွေ၊ ကျွန်မအကြိုက် ပဲစိမ်းစေ့
(bitter green peas) နဲ့ နာနတ်သီး စိတ်လေးတွေ ပါဝင်တဲ့ ဘဲသားဟင်းကတော့ လှလှပပ
အရောင်အသွေး စုံစုံလင်လင်နဲ့ ကျွန်မ ရှေ့ကို ရောက်လာပါပြီ။

နာနတ်သီးစိတ်ကတော့ ထိုင်းအစားအစာတွေမှာ ထည့်ပေးနေကျပါ။

နာနတ်သီးရဲ့ အချိုက ဟင်းပွဲမှာပါတဲ့ အစပ်အရသာကို ထိန်းပေးပြီး ပဲစိမ်းရဲ့ ခါးသက်တဲ့ အရသာကို
လည်း ပြေသွားစေပါတယ်။

ကျွန်မအကြိုက် အုန်းနို့နည်းနည်းလေး ပိုပျစ်ဖို့ လိုတာကလွဲလို့ ဒီဟင်းပွဲက အားလုံးကောင်းပါ
တယ်။

Ravioli ကို မကြာခဏ မှာစားလေ့ရှိတဲ့ ကျွန်မမိတ်ဆွေကတော့ စားနေကျအတိုင်း ပါစတာက
စိတ်ကျေနပ်စရာကောင်းလောက်တဲ့ အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။

အထူးပွဲတွေကို မြည်းစမ်းခွင့်ရတာ စိတ်လှုပ်ရှားစရာကောင်းပေမယ့် စိတ်မကောင်းစရာ အချက်
တစ်ချက်က စီစဉ်ပေးထားတဲ့ရက်က နည်းနေပါတယ်။

နောက်တစ်ခါဆိုရင်တော့ ရက်ပိုကြာကြာ စီစဉ်ပေးနိုင်ဖွယ်ရာ ရှိနိုင်သလို အသီးအရွက်သမားတွေ
အတွက်လည်း တစ်မျိုးလောက် စီစဉ်ပေးမယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်။

Union Bar and Grill
(၄၂)၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်။

သီရိမင်းထွန်းဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။