Garbanzo Bean နှင့် မော်ရိုကိုစတိုင် ဟင်းများ

ဒီလမှာတော့ မြေထဲပင်လယ်ဒေသက အစားအစာလေးတွေကို အဓိကထားပြီးချက်ပြုတ်သွား
ပါမယ်။ တကယ်တော့ မြေထဲပင်လယ်ဒေသ အစားအစာတွေဟာ မြန်မာပါးစပ်နဲ့ တကယ်ကို
အစပ်အဟပ် တည့်လှပါတယ်။

ခရမ်းချဉ်သီးများများ၊ ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်တွေကို ဦးစားပေး
ပြီး ချက်တာမို့ ချဉ်၊ ငံ၊ စပ်အရသာ တည့်တဲ့အပြင် သိပ်ပြီးမအီလှသလို အဆီအဆိမ့်တွေလည်း
သိပ်မများလှပါဘူး။

ဒီမြေထဲ ပင်လယ်အစားအစာထဲမှာ အသုံးများတဲ့ ဟင်းချက်ပစ္စည်း တစ်မျိုးကတော့ garbanzo
beans ပဲ ပါ။ သူက chickpea မျိုးဝင်ပဲ ဖြစ်ပြီး မြန်မာလိုတော့ ကုလားပဲလုံးလို့ ခေါ်ကြပါတယ်။

Garbanzo Beans မှာ ပရိုတိန်းဓာတ် အများဆုံး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

မြေထဲပင်လယ်ဒေသမှာ နိုင်ငံများစွာ ပါဝင်သော်လည်းပဲ မော်ရိုကိုနိုင်ငံက ဟင်းချက်နည်းလေး
တွေကို မျှဝေပေးသွားပါမယ်။

Garbanzo Beans ကို မော်ရိုကို စတိုင်လေးသုပ်စားပါမယ်။

သူက လွယ်လွယ်ကူကူ သုပ်စားလို့ ရပြီး သက်သတ်လွတ်သမားများ အတွက်လည်း သင့်တော်
ပါတယ်။

နောက်ပြီး သူ့ကို မော်ရိုကိုစတိုင် ခရမ်းချဉ်သီးအနှစ် များများနဲ့ ပဲဟင်းလိုမျိုးချက်ပြီး couscous
(ကွစ်စကွစ်) နဲ့တွဲစားပါမယ်။

Couscous ဆိုတာ မြန်မာလို ရွှေခြည်လို့ သိကြတဲ့ semolina လို့ ခေါ်တဲ့ ဂျုံတစ်မျိုးပါ။

သူ့ကို မြေထဲပင်လယ် ဒေသအတော်များများမှာ အဓိက စားသုံးကြပါတယ်။

ဖြိုးကတော့ သူ့ကို အသုပ်ပြုလုပ်ရင်ပဲဖြစ်ဖြစ်၊ ဟင်းတစ်မျိုးမျိုးနဲ့ တွဲစားချင်ရင်ဖြစ်ဖြစ် ချက်လေ့
ရှိပါတယ်။

အရသာကတော့ ခပ်ဆိမ့်ဆိမ့်ပါပဲ။

Garbanzo Beans ပဲသုပ်ချဉ်ဆိမ့်လေး
ပါဝင်ပစ္စည်းများ
(လေးဦးစာ)

Garbanzo Beans ဘူး နှစ်ဘူး
သံလွင်ဆီ စားပွဲဇွန်း သုံးဇွန်း
သံပရိုရည် စားပွဲဇွန်း သုံးဇွန်း
သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ခရမ်းချဉ်သီး သုံးလုံး
ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးလျက်)
Rocket အရွက် ၅၀ ဂရမ်
ကုလားလေးမဆာလာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

ပဲဘူးကိုဖောက်ပြီး ရေများကို ဆန်ခါနှင့်စစ်ကာ ရေဖွေးဖွေးလေးဖြင့် အသာလေးလှုပ်ပြီးဆေးပါ။

နောက်ရေစင်အောင် စစ်ထားပါ။

ခရမ်းချဉ်သီးများကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး မထူမပါးလှီးပါ။

နောက်ကြက်သွန်နီ ကိုလည်း ပါးပါးလှီး ရေစင်အောင် ဆေးပြီးစစ်ထားပါ။

Rocket အရွက်များကိုလည်း ရေဆေးပြီး စစ်ထားပါ။

နောက် ပန်းကန်ထဲတွင် သံလွင်ဆီကို ထည့်ကာ ပဲများကို ဆား၊ ငရုတ် ကောင်း အနည်းငယ်နှင့်
မဆလာထည့်ပြီး နှံ့အောင်မွှေကာနှပ်ထားပါ။

အနည်းဆုံး ၄၅ မိနစ်လောက်ကြိုလုပ်ထားရင် ပဲတွေထဲ အရသာတွေ စိမ့်ဝင်သွားတော့
ပိုစားကောင်းတာပေါ့။

စားကာနီးပြီဆိုတော့မှ လှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ အရွက်နှင့် သံပုရိုရည်တို့ကို
ထည့်ကာ နှံအောင် မွှေလျက်သုပ်ပါ။

အပေါ့အငံအတွက် ဆားကို လိုသလောက်ထည့်ပါ။

ပြီးလျှင် ချက်ချင်းစားပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။