ငရုတ်ကောင်း ပြည်ကြီးငါး ဆားလှော်ကြော်

ဒီလမှာ ပင်လယ်စာလေးတွေကို ချက်ဖို့စီစဉ်ထားပါတယ်။ ပထမဦးဆုံးတော့ ဖြိုးတို့ မိသားစု
အကြိုက် salt and pepper squid လို့ခေါ်တဲ့ ပြည်ကြီးငါးကို ငရုတ်ကောင်း၊ ဆားနိုင်းချင်းတို့နဲ့
ကြော်ထားတဲ့ အကြော်ဟင်းလျာကို ချက်ပါမယ်။

ဆစ်ဒ်နီမှာတော့ တရုတ်စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ အရှေ့တိုင်းအရသာကို ပေါင်းစပ်ချက်တဲ့
ခေတ်သစ် ဩစတြေးလျံ ဟင်းလျာရောင်းတဲ့ဆိုင်တွေမှာပဲဖြစ်ဖြစ် အမြဲတစေ မီနူးပေါ်မှာ
ထည့်လေ့ရှိတဲ့ ဟင်းပါ။

ဖြိုးအမျိုးသား က ကြက်ဥတွေ၊ ဂျုံမှုန့်ရေတွေ၊ အကြော်မှုန့်တွေနဲ့ ထူထူကြီးကြော်ထားကို
မကြိုက်တော့ သူစိတ်ကြိုက်စမ်းပြီး ကြော်ကြည့်ကြမယ်ဆိုရာကနေ အခုဖော်ပြပေးလိုက်တဲ့
နည်းကို နောက်ဆုံးရွေးပြီး ကြော်စားနေကျတာ အခုထိပါပဲ။

အားလုံးလည်း ကြိုက်မယ် ထင်ပါတယ်။ ကင်းမွန်ကို ကြော်စားလည်းဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ငရုတ်ပွသီးများ (peppers) ကို မီးကင်ပြီး ဆီစိမ်ထားတဲ့ မြေထဲပင်လယ်
ဒေသက အရန်ဟင်းလျာလေးပါ။

ချက်ရတာ လွယ်သလို ဖြိုးတို့ မြန်မာပါးစပ်နဲ့အရသာတွေ့စေမှာပါ။ အခုနည်းကတော့ အီတာလျံ
နည်းလေးပါ။

တစ်ခါချက်ထားပြီး ပုလင်းထဲ ထည့်ကာ ရေခဲသေတ္တာထဲထားရင် နှစ်ပတ်လောက် ကောင်းကောင်း
လေးခံပါတယ်။

အရန် ဟင်းအနေနဲ့ပဲစားစား၊ အသုပ်ထဲပဲ ထည့်စားစား၊ ပေါင်မုန့်ထဲမှာ အသားတွေနဲ့ပဲ ညှပ်စားစား
အဆင်ပြေစေမယ့် ဟင်းလျာတစ်မျိုးပါ။

အကင်များနဲ့ အလွန်ပဲလိုက်ဖက်ပါတယ်။

ငရုတ်ကောင်း ပြည်ကြီးငါး ဆားလှော်ကြော်
ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)

ပြည်ကြီးငါး သုံးကောင်
ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
Chinese five spice/ တရုတ်မဆာလာ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
စီချွမ် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့)
ငရုတ်ကောင်းအနက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဂျုံမှုန့် ၁/၂ ခွက်
ကြက်သွန်ဖြူ လေးမြွှာ
နံနံပင် ၃-၄ ပင်
ဟင်းသီးဟင်းရွက်ဆီ တစ်ခွက်

ပြင်ဆင်ပုံ

ပြည်ကြီးငါးများကို ဗိုက်ဖွင့်ကာ အထဲက အညစ်အကြေးများထုတ်ပြီး ရေပြောင်အောင် ဆေးပါ။

လက်တံများကိုလည်း ဖြတ်ပြီး ရေဆေးပါ။ ပြီးလျှင် ရေစင်အောင် သေချာစစ်ထားပါ။

ရေခြောက်လျှင် မီးဖိုချောင်သုံး တစ်ရှူးစက္ကူနဲ့ တစ်ခုချင်းစီကို ခြောက်အောင်သုတ်ပါ။

ပြည်ကြီးငါးများခြောက်သွေ့နေမှသာ ဂျုံမှုန်များကပ်လွယ်ပြီး ကြော်တဲ့အခါအရောင်လှသလို
စားလို့လည်းပိုကောင်းမှာ ဖြစ်ပါတယ်။

ပြည်ကြီးငါး ကိုယ်ထည်များကို ဓားဦးပါး လေးနဲ့ ဟိုဘက်ဒီဘက် ထောင့်ဖြတ် မွှန်းပါ။

နောက် ၄ စင်တီမီတာပတ်လည် အတုံးလေး များဖြစ်အောင် လှီးပါ။

လက်တံများကိုတော့ အနေတော်ကိုက်စားဖို့ အဆင်ပြေမယ့်အရွယ် ဖြတ်ထားပါ။

နောက် ခြောက်သွေ့တဲ့ ဇလုံကြီးကြီး တစ်ခုထဲမှာ ဂျုံမှုန့်၊ ငရုတ်ကောင်းမှုန့်၊ တရုတ် မဆလာနှင့်
ဆားတို့ကိုထည့်ကာ သမအောင် မွှေပါ။

နောက် ပြည်ကြီးငါးများကို ထည့်နယ်ပါ။

အကြော်ကြော်ရန် ဟင်းသီးဟင်းရွက်ဆီများကို ဒယ်အိုးနက်နက်ထဲထည့်ကာ ဆီပူအောင်
မီးပြင်းပြင်းဖြင့်တည်ပါ။

ဆီပူမပူကို တူ (သို့) ယောင်းမပြား အဖျားလေး ဖြင့်ထည့်ကာစမ်းပါ။

ဆီပူလျှင် တူအဖျားလေးပတ်လည်မှာ ပူစီဖောင်းလေးတွေ တက်လာတာကို တွေ့ရပါမယ်။

ဒါဆိုရင် ကြော်ရန်အဆင်သင့်ဖြစ်ပါပြီ။

ဆီပူပြီ ဆိုရင် မီးအနည်းငယ်လျှော့ကာ ဂျုံမှုန့်များဖြင့် နယ်ထားသည့် ပြည်ကြီးငါးဖတ်များကို
ပိုနေသောအမှုန်များ ကွာကျသွားစေရန် ဆယ်ယူကာ အသာအယာလေးခါပါ။

ပြီးရင် ဆီပူပူမှာ ထည့်ကြော်ပါ။

ပြည်ကြီးငါးဖတ်များ ရွှေဝါရောင် သန်းလာပြီဆိုရင် ရပါပြီ။ အကြာကြီး မကြော်ပါနှင့်။

ပြည်ကြီးငါးဖတ်များ မာသွားပြီး စားလို့မကောင်းဖြစ်တတ်ပါတယ်။

နောက် ဆီအရမ်းပူလျှင် မီးကိုအလျှော့အတင်း လုပ်ပေးပါ။

ကျက်၍ ဆယ်ထားသော အကြော်များကို မီးဖိုချောင်သုံး တစ်ရှူးစက္ကူပေါ်တွင် တင်ကာ
ဆီစင်အောင် စစ်ထားပါ။

ပြီးလျှင်တော့ ကြက်သွန်ဖြူများကို ကျန်နေသော ဆီထဲတွင် ရွှေဝါရောင်သန်းပြီး ကြွပ်လာသည်
အထိ ကြော်ပါ။

ကြက်သွန်ဖြူကြော်များကိုလည်း ဆီစစ်ပါ။

အစပ်ကြိုက်တတ်သူများအတွက် ငရုတ်သီးအနီတောင့်ကို ခပ်ကြမ်းကြမ်းလေးစဉ်းကာ
ကြက်သွန်ဖြူ အရောင်ပြောင်းစမှာ ထည့်ကာ ကြော်ပါ။

နောက် ပန်းကန်ပြားပေါ်တွင် ပြည်ကြီးငါးကြော်များကို စီကာ ကြက်သွန်ကြော် လေးဖြူးပြီး နံနံပင်
လေးအုပ်ကာ စားသုံး နိုင်ပါပြီ။

တို့စားဖို့ အရည်ကိုတော့ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို ဖျော်ပြီး စားသုံးနိုင်ပါတယ်။

ရောင်စုံ ငရုတ်ပွသီး အကင်နှင့် ကြက်သွန်ဖြူနှပ်

ငရုတ်ပွသီးအနီ နှစ်ခု
ငရုတ်ပွသီး အ၀ါ နှစ်ခု
ကြက်သွန်ဖြူ ငါးမြွှာ

ငရုတ်ပွသီးများကို ထိပ်ဖြတ်၊ ထက်ခြမ်းခြမ်းကာ အစေ့ထုတ်ပါ။ နောက်အတွင်းပိုင်းကို အပြားလိုက်
ထားကာ လက်ဖနောင့်ဖြင့် ပြားသွားအောင် အပေါ်မှ ဖိချပါ။

ပြီးလျှင် အခွံများကို အပေါ်ဘက်မှာထားလျက် မှောက်ပြီး စီကာ အောက်တွင် ကင်ပါ။

သို့မဟုတ် မီးဖိုပေါ်မှာ အသားကင်စားတဲ့ အပြားကိုတင်ပြီး အခွံများဘက်မှကင်ပါ။

မီးဖိုပေါ်မှာ တိုက်ရိုက်တင်ပြီး ကင်လည်းရပါတယ်။ ဒါပေမဲ့ အခွံဘက်က ကင်ရပါမယ်။

အပူကြောင့် အခွံများဖောင်းလာပြီး ပွလာသည်အထိ ကင်ပေးပါ။

အနည်းဆုံး ၁၀ မိနစ်မျှလိုအပ်ပါတယ်။

စက်ဖြင့်ကင်လျှင် အပူချိန်ကို ၁၄၀-၁၆၀ ဒီဂရီ စင်တီဂရိတ်အထိ ထားပါ။

အခွံများဖောင်းပွပြီး ငရုတ်ပွသီးများ ပျော့ဖတ်လာလျှင် အအေးခံပါ။

အေးသွားလျှင် အခွံများကို ဆွဲခွာပြီး အသားများကို ပန်းကန်းပြားထဲတွင် စီပြီးထည့်ပါ။

နောက် ကြက်သွန်ဖြူများကို ညက်အောင်ထောင်းပြီး (သို့) ညှစ်ပြီး အပေါ်မှဖြူးပါ။

သံလွင်ဆီကို အနှံ့ဆမ်းပါ။

ရောင်စုံ ငရုတ်ပွသီး အကင်နှင့် ကြက်သွန်ဖြူနှပ်လေး ရပါပြီ။

ကြာကြာထားပြီး သိမ်းလိုလျှင် ပုလင်းထဲသို့ ငရုတ်ပွသီးများစီထည့်ပြီး သံလွင်ဆီမြှုပ်အောင်
ဆီစိမ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းလို့ရပါတယ်။

ပိုတဲ့ သံလွင်ဆီကို salad လုပ်စားရာမှာ သုံးလို့ရပါတယ်။

အရန်ဟင်းအဖြစ် အကင်နဲ့ တွဲစားလို့ရသလို ပါစတာနဲ့လည်း တွဲစားလို့ရပါတယ်။

sandwich ထဲမှာလည်း ထည့်စားလို့ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။