ရန်ကုန်မြို့က အကောင်းဆုံး ကချင်စားသောက်ဆိုင် ဂျင်းဖောမြေ

ရန်ကုန်မြို့မှာ အစားအသောက်လည်း ကောင်းပြီး ဈေးလည်း သိပ်မကြီးတဲ့ စားသောက်ဆိုင်
အနည်းငယ်ရှိပါတယ်။

အဲဒီလိုဆိုင်မျိုးတွေကို ကျွန်တော် ခဏခဏ သွားစားချင်ပေမယ့်လည်း တစ်လမှာ တစ်ခေါက်
လောက်ပဲ သွားဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဆိုင်မျိုးတွေကို ရောက်တိုင်း စားကောင်းကောင်းနဲ့ ကိုယ့်စိတ်ကို
မထိန်းနိုင်ဘဲ စားနိုင်တဲ့ပမာဏထက် ပိုပြီးစားမိသွားတတ်လို့ပါ။

လူကို အစားကြီးသွားစေတတ်တဲ့ ဆိုင်တွေထဲက တစ်ဆိုင်ကတော့ ရန်ကုန်မြို့မှာ အကောင်းဆုံး
ကချင်စားသောက်ဆိုင်လို့ ပြောရမယ့် ဂျင်းဖောမြေ ကချင်စားသောက် ဆိုင်ပါ။

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းက ခွဲထွက်တဲ့ လမ်းမြှောင်လေးမှာရှိတဲ့ ဒီဆိုင်လေးဟာ ကျဉ်းပြီး
ခမ်းခမ်းနားနားကြီး မပြင်ဆင်ထားပါဘူး။

စားသောက်ခန်းထဲမှာ စားပွဲဝိုင်း အနည်းအကျဉ်းပဲရှိပြီး နံရံပေါ်မှာတော့ ကချင်ပြည်နယ်ရဲ့ ဓာတ်ပုံ
တွေကို ချိတ်ထားပါတယ်။

ဒါပေမဲ့ ဆိုင်ထဲ ၀င်လိုက်တာနဲ့ ရင်းနှီးခင်မင်တဲ့ အငွေ့အသက်ကို ခံစားရပါတယ်။

ဒီဆိုင်ရဲ့ အကောင်းဆုံးဆွဲဆောင်မှုကတော့ အစားအစာတွေပါပဲ။

အဓိက အစားအစာအဖြစ် ကျွန်တော် မှာစားဖြစ်ခဲ့တာကတော့ ကချင်ရိုးရာ ထမင်းရှတ်ဂျမ်
(ကျပ် ၁,၆၀၀) ပါ။

ဒါကတော့ ကချင်ဆန်ကို ကြက်သား၊ အသီးအရွက်တွေ၊ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက တင်သွင်း
လာတဲ့ အထူးဆေးဖက်ဝင် အပင်တွေနဲ့ အရသာရှိရှိ ချက်ထားတာပါ။

ရှတ်ဂျမ်ကတော့ ကျွန်တော်မှာလိုက်တဲ့ အစားအစာတစ်မျိုးပါပဲ။ ဒါပေမဲ့ ဒါက ကျွန်တော့်ကို
အစားလွန်ကျူးစေတဲ့သူ ဖြစ်စေတဲ့ အရာတော့ မဟုတ်နိုင်ပါဘူး။ ဟုတ်တယ်မလား။

ငှက်ပျောရွက်နဲ့ထုပ်ထားတဲ့ ငါးပေါင်း (ကျပ် ၁,၅၀၀) ကိုလည်း ကျွန်တော် မှာစားခဲ့ပါသေးတယ်။

ငါးကြင်းလို ငါးမျိုးကို ကင်ပွန်း ချဉ်ရွက်၊နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ မြေပဲဆီနဲ့
ပဲငါးပိစတာတွေနဲ့ နယ် နှပ်ထားပြီးမှ ငှက်ပျောရွက်နဲ့ ထုပ်ပြီး မိနစ် ၂၀ လောက် ပေါင်းထားတဲ့
ငါးပေါင်းဟာ မစားဘဲ မနေ နိုင်လောက်အောင် မွှေးကြိုင်လွန်းလှပါတယ်။

ဂျင်းဖောမြေမှာ ကြက်သွန်ဖြူနဲ့ ချင်းပါတဲ့ အမဲသားခြောက်ထောင်း (ကျပ် ၁,၅၀၀) ပဲဖြစ်ဖြစ်၊
ကြက်သွန်ဖြူအစိမ်းနဲ့ ငရုပ်သီးစိမ်းပါတဲ့ အမဲသားသုပ် (ကျပ် ၁,၅၀၀) ပဲဖြစ်ဖြစ် တစ်ခုခုကို
မှာစားဖို့လည်း ကျွန်တော်စဉ်းစားထားပါတယ်။

အမဲသားသုပ်ကတော့ အရသာပိုပြင်းပေမယ့် အစပ်ကြောက်ရင် ငရုပ်သီးစိမ်းတွေကို ဖယ်ပြီး
စားလို့ရပါတယ်။

အသီးအရွက်ပွဲအနေနဲ့ ကချင်အာလူးထောင်း (ကျပ် ၂,၅၀၀) ကို မှာစားဖြစ်ခဲ့ပါတယ်။
အာလူးထောင်းက ကောင်းပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံက အာလူးတွေလိုတော့ မပွပါဘူး။
ဒီက အာလူးတွေကတော့ စေးပြီး နည်းနည်းစားတာနဲ့တင် ပြည့်အင့်သွားပါတယ်။

နောက်တစ်မျိုး မတူတာကို စားကြည့်ချင်သေးတယ်ဆိုရင်တော့ ခရမ်းချဉ်သီးနဲ့ ကျောက်ဂျင်းသုပ်
(ကျပ်၂,၀၀၀) ကို မြည်းစမ်းကြည့်စေချင်ပါတယ်။

ဒါကတော့ ဆေးဖက်ဝင်တယ်ဆိုပေမယ့် အနံ့အရသာက တော်တော်စူးပါတယ်။ ဒီကျောက်ဂျင်း
တွေဟာ ကချင်ပြည်နယ်ရဲ့ ရေတစက်စက်ကျနေတဲ့ ကျောက်တုံးပေါ်မှာ သဘာဝအတိုင်းပေါက်
ရောက်ပါတယ်။ ကျောက်စက်ရေဟာ ကိုယ်ခံအားကောင်းစေပြီး အသက်ရှည် ကျန်းမာစေနိုင်
ကြောင်း၊ ရေမှာပါဝင်တဲ့ အက်ဆစ်နဲ့ အယ်လ်ကာလီအချိုးအစားလည်း မျှတတယ်လို့ ဒေသခံတွေ
က ပြောပါတယ်။

အင်္ဂလန်က ၀ိတိုရိယဘုရင်မကြီးတောင် ဒီအကြောင်းကိုကြားပြီး ကျောက်စက်ရေတွေ ပုလင်းနဲ့
ထည့်ပြီး အင်္ဂလန်ကို ယူလာစေတယ်လို့ ကချင်ရှေးလူကြီးတွေရဲ့အပြောအရ သိရပါတယ်။

ဂျင်းဖောမြေ စားသောက်ဆိုင်မှာ သောက်စရာ ယမကာကတော့ ရန်ကုန်က စားသောက်ဆိုင်တွေ
ထုံးစံအတိုင်း အချိုရည်နဲ့ ဘီယာ အပါအ၀င် ယမကာအမျိုးမျိုး ရနိုင်ပါတယ်။

ဒါပေမဲ့ တခြားစားသောက်ဆိုင်တွေထက် ထူးခြားတာကတော့ ပန်းနုရောင်အသွေးရှိပြီး ၀ါးဆစ်ခွက်
နဲ့ထည့်ပေးတဲ့ ကချင်ခေါင်ရည် (ကျပ် ၁,၂၀၀) ကိုရနိုင်တာပါ။

ဒီခေါင်ရည်ကတော့ ရှမ်းပြည်နယ် ဒါမှမဟုတ် တရုတ်စားသောက်ဆိုင်တွေက ဆန်အရက်တွေလို
မပြင်းပါဘူး။ နှစ်လိုဖွယ်ရာ အရသာရှိပြီး ကချင်အစားအစာတွေအားလုံးနဲ့ လိုက်ဖက်ပါတယ်။

ဂျင်းဖောမြေ
၂(ဘီ)၊ ကျွန်းတောလမ်း၊ စမ်းချောင်း မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း ၀၁ ၅၂၄ ၅၂၅။

Food: 10
Drink: 8
Service: 8
Atmosphere: 8
X-factor: 8
Value for money: 10

Total Score: 8.7/10

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။