ဘဲဥ ဆလတ်ရွက်သုပ်နဲ့ ကြက်ဥဟင်း

ဒီတစ်ပတ်တော့ လွယ်လည်းလွယ်၊ စားလို့လည်းကောင်းမယ့် ကြက်ဥ၊ ဘဲဥ သုပ်လေးတွေကို
ရေးထားပါတယ်။

ဘဲဥကို ဆလတ်ရွက်လေးနဲ့ သုပ်စားပါမယ်။ ဒီနည်းလေးကို ရုံးတစ်ရုံးမှာ လုပ်အားပေးလုပ်စဉ်တုန်း
က ရထားတာပါ။

အနှစ် ၂၀ ကျော်လောက်ရှိပေမယ့် အခုထိကို မရိုးနိုင်သေးဘဲ အိမ်မှာအမြဲသုပ်စားတုန်းပါပဲ။

နည်းပေးခဲ့တဲ့အစ်မကြီးကိုတောင် မတွေ့တာအတော်ကြာပါပြီ။ မြန်မာတိုင်း(မ်)၊ ကြော်ငြာဌာန က
မမတွေကတော့ ဒီဘဲဥသုပ်ကို ပွဲတောင်းနေကြပြီး နိုင်ငံခြားထွက်သွားတုန်းကတောင်
တခုတ်တရနဲ့ ဒီနည်းလေးကို လှမ်းတောင်းကြသေးတာပါ။

အခုတော့ အားလုံးအတွက် ဘဲဥသုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

နောက်တစ်မျိုးကတော့ curry egg လို့ အသိ များကြတဲ့ ကြက်ဥကို mayonnaise၊ curry
powder တို့နဲ့ ချေထားပြီး အနှစ်လိုမျိုး လုပ်ပါတယ်။

ပြီးတော့ သူ့ကို ပေါင်မုန့်နဲ့ ညှပ်စားပါတယ်။ Curry powder က မဆလာလိုမျိုးပါပဲ။

ဒါပေမဲ့ အဲဒီလောက် အနံ့မပြင်းဘဲ နနွင်းလေးနည်းနည်းပါတော့ အရောင်ကလေးလည်း လှပါ
တယ်။

ကလေးတွေအတွက် အဆာပြေမုန့် အဖြစ် မြန်မြန်ဆန်ဆန် လုပ်ပေးလို့ ရသလို tea party တို့လို
ပွဲလေးတွေမှာလည်း တည်ခင်းလို့ ကောင်းပါတယ်။

ကရိကထ မများ လှဘူးပေါ့။

ဘဲဥ ဆလတ်ရွက်သုပ်
ပါဝင်ပစ္စည်း
(လေးယောက်စာ)

ဘဲဥ ငါးလုံး
ဆလတ်ရွက် ၃-၄ စည်း
ကြက်သွန်နီ နှစ်လုံး
ငရုတ်သီးစိမ်း/နီ တစ်တောင့် (ပိုထည့်လို့ရသည်)
သံပရာရည် စားပွဲစားဇွန်း နှစ်ဇွန်း
မြေပဲဆီ (ချက်ပြီးသား) (သို့) ပဲပိစပ်ဆီကောင်းကောင်း စားပွဲစားဇွန်း တစ်ဇွန်းခွဲ
ငရုတ်ကောင်းအနက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆား

ပြင်ဆင်ပုံ

ဘဲဥများကို ရေဆေးပြီးလျှင် အိုးတစ်လုံးထဲ တွင် ရေမြုပ်အောင်ထည့်ပြီး ပြုတ်ပါ။

၁၀ မိနစ်လောက်ပြုတ်ပြီးလျှင် ရေနွေးများကို သွန်ပစ်ကာ ရေအေးဖြင့် စိမ်ထားပါ။

ဘဲဥများအေးလျှင် အခွံသင်ပြီး အ၀ိုင်းလိုက် လှီးပါ။

ကြက်သွန်နီများကို ထိပ်ဖြတ်ပြီး ရေစိမ်ထားပါ။ အငွေ့များ ပြယ်သွားလျှင် အ၀ိုင်းလိုက်ပါးပါး လှီးပါ။

ဆလတ်ရွက်နုနုများကို ခြွေပြီး သဲစင်အောင် ဆေးကာ ရေခြောက်သည်အထိ စစ်ထားပါ။

Dressing အတွက် ပုလင်းအသေး (သို့) ဇလုံအသေး တစ်ခုထဲတွင် ဆီ၊ သံပရာရည်၊
ငရုတ်ကောင်းအနက်မှုန့်နှင့် ဆားတို့ကိုထည့်ကာ သမသွားအောင် လှုပ်ပြီးမွှေပေးပါ။

အပေါ့အငန်အတွက် ဆားကိုပဲသုံးပါတယ်။ ဒါမှ ဘဲဥလေးက ပိုပြီးစိမ့်ပါတယ်။

ပြီးလျှင် ဇလုံ တစ်လုံးထဲတွင် ဆလတ်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီများနှင့် ဘဲဥတို့ကိုထည့်ကာ
dressingကို နှံ့အောင်ဆမ်းပြီး ဖြည်းဖြည်းလေး နယ်ပါ။

အစပ်ကြိုက်တတ်ရင် ငရုတ်သီး စိမ်းလေးတွေကို ပိုထည့်လို့ ရပါတယ်။

တကယ်လို့ ဘဲဥအနှစ် ပျော့ပျော့လေး စားချင်တယ်ဆိုရင်တော့ ဘဲဥပြုတ်ချိန်ကို နှစ်မိနစ်လောက်
လျှော့ပြီးတော့ ပြုတ်ပါ။

ထမင်းဖြူ၊ အကင် စသဖြင့် တွဲစားလို့ အဆင်ပြေပါတယ်။

ကြက်ဥဟင်း (curry egg) sandwich
ပါဝင်ပစ္စည်း
(လေးယောက်စာ)

ကြက်ဥ လေးလုံး
Mayonnaise စားပွဲဇွန်း နှစ်ဇွန်း
Curry powder စားပွဲဇွန်း နှစ်ဇွန်း
မုန်ညင်းစေ့အနက် စားပွဲဇွန်း တစ်ဇွန်း
ငရုတ်ကောင်းအနက်မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
မုန်လာဥနီ တစ်ဝက်
ပေါင်မုန့်လေးထောင့် ၈-၁၀ ချပ်
ထောပတ်

ပြင်ဆင်ပုံ

ကြက်ဥများကို ရေဆေးပြီးလျှင် အိုးတစ်လုံး ထဲတွင် ရေမြုပ်အောင်ထည့်ပြီး ပြုတ်ပါ။

၁၀ မိနစ် လောက်ပြုတ်ပြီးလျှင် ရေနွေးများကို သွန်ပစ်ကာ ရေအေးဖြင့် စိမ်ထားပါ။

ကြက်ဥများအေးလျှင် အခွံသင်ပြီး အ၀ိုင်းလိုက် လှီးပါ။

ဇလုံတစ်ခုထဲတွင် ကြက်ဥများကိုထည့်ကာ ခက်ရင်းဖြင့် ခြေပါ။

နောက် mayonnaise၊ curry powder၊ မုန်ညင်းစေ့နှင့် ငရုတ်ကောင်းအနက်မှုန့်တို့ကို ထည့်ကာ
သမအောင်မွှေပြီး ထားပါ။

Sandwich လုပ်ဖို့အတွက် ပေါင်မုန့် နှစ်ချပ်ကို ထောပတ်ပါးပါးလေးသုတ်ပြီး ကြက်ဥအနှစ်များကို
စားပွဲဇွန်း တစ်ဇွန်းခွဲ (သို့) နှစ်ဇွန်းလောက် ထည့်ကာ သုတ်ပါ။

ဆလတ်ရွက် (သို့) rocket အရွက်များနှင့် မုန်လာဥနီခြစ်များကို ညှပ်စားနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။