ထီးခီးနယ်စပ်စခန်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သူ များပြားလာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြဘုရားအတွင်း လာရောက်လည်ပတ်သူများအား တွေ့ရစဉ်။ ဆန်းဦး/မြန်မာတိုင်း(မ်)ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြဘုရားအတွင်း လာရောက်လည်ပတ်သူများအား တွေ့ရစဉ်။ ဆန်းဦး/မြန်မာတိုင်း(မ်)

မြန်မာဘုရားဖူးခရီးသွားများသည် ထိုင်းနိုင်ငံ ဘန်ကောက်၊ အယုဒ္ဓယနှင့် ကန်ချာနာဘူရီမြို့များသို့
ထားဝယ်မှ မိုင်း ၁၀၀ အကွာရှိ ထီးခီးနယ်စပ်မှတစ်ဆင့် ကားလမ်းဖြင့် သွားရောက်
လည်ပတ်ရာတွင် ပုံမှန်ခရီးစားရိတ်ထက် တစ်ဝက်ခန့် သက်သာသောကြောင့် ပိုမိုစိတ်ဝင်စားကြပြီး
သွားရောက်သူများကြောင်း ၂၀၁၄ ဧပြီလမှ ကား ခုနစ်စီးသာသွားရာမှ ၂၀၁၅ ဧပြီမှာ ကားအစီး
၃၀ ကျော်သွားရသည်ဟု သုခမိန် ပြည်တွင်း ဘုရားဖူးခရီးသွား ပို့ဆောင်ရေးပိုင်ရှင် ဦးမျိုးက
မြန်မာတိုင်း(မ်)ကိုပြောသည်။

"နယ်စပ်ကနေ ကားနဲ့သွားမယ်ဆိုရင် တစ်ဦးကို ကျပ်နှစ်သိန်းခွဲပဲ ကုန်ပါတယ်။ နိုင်ငံကူးလက်မှတ်
မရှိသူတွေလည်း သွားရောက်နိုင်တာမို့ နောက်ပိုင်းသွားလည်မယ့် သူတွေ များလာမယ်လို့
ထင်ပါတယ်"ဟု ၎င်းက ပြောသည်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းတွင် အကြံပေးဆောင်ရွက်နေသော ၎င်းက
လမ်းကြောင်းအသစ်အနေနှင့် ခြောက်ညအိပ် ခုနစ်ရက်ကြာသည့် ဘန်ကောက်ခရီးစဉ်ကို
၂၀၁၄ ခုနှစ်၊ သင်္ကြန်တွင် လူ ၄၅ ဦးဆံ့ ကားခုနစ်စင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ထိုင်းနိုင်ငံက တရားဝင်ဖွင့်လှစ်ထားတဲ့ ခရီးသွားကုမ္ပဏီတွေနဲ့ အရင်ချိတ်ဆက်ထားရပါတယ်။
အဲဒါမှ ဘန်ကောက်နဲ့ အယုဒ္ဓယမြို့တို့ကို အလွယ်တကူ သွားရောက်လည်ပတ်နိုင်မှာပါ။
ထီးခီး နယ်စပ်လူဝင်မှုကြီးကြပ်ရေးကနေ ခုနစ်ရက်ဗီဇာနဲ့ သွားရောက်နိုင်တာမို့ နိုင်ငံကူးလက်မှတ်
မရှိတဲ့ ၀န်ထမ်းတွေအတွက် အဆင်ပြေပါတယ်"ဟု ၎င်းက ပြောသည်။

ထီးခီးနယ်စပ်စခန်းမှာ ထားဝယ်မြို့မှ အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသော ထားဝယ် ကန်ချာနာဘူရီ
လမ်းပေါ်တွင် တည်ရှိကာ ၂၀၁၃ ခုနှစ်၊ မေလအတွင်းက စတင် အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။

ထိုင်းနိုင်ငံ၌ ခြောက်ညအိပ် ခုနစ်ရက် နေထိုင်နိုင်သည့် ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်ကို
ထုတ်ပေးနေသည်။

ခရီးသွားများသည် ထားဝယ်၊ မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့များကို အရင်သွား ရောက်ပြီးနောက်
ထိုင်းနိုင်ငံသို့ဆက်လက် လည်ပတ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက်ပါက ကြိုတင်ချိတ်ဆက်ထားသည့် ခရီးသွားကုမ္ပဏီမှ တာဝန်ယူပို့ဆောင်ပေး
သောကြောင့် အခက်အခဲမရှိ လည်ပတ်နိုင်သည်ဟု ဦးမျိုးက ပြောသည်။

မြန်မာပြည်တွင်းခရီးသွားများကို ပြည်တွင်းဘုရားဖူးနေရာများအပြင် ပြည်ပ အတွေ့အကြုံ
အသစ်အဆန်းများရစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်သင်္ကြန်တွင် ဘန်ကောက်ခရီးစဉ်
စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါင်းမင်းခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းနိုင်က ပြောသည်။

"ပြည်တွင်းပဲ အသွားများနေတော့ လမ်းကြောင်းအသစ် ဖွင့်တဲ့အနေနဲ့ စမ်းကြည့်တာပါ။
ဈေးနှုန်းကလည်း သက်သာပါတယ်။ ခရီးစဉ်တစ်လျှောက် တောတောင်၊ တိရစ္ဆာန်၊
သစ်ပင်ကြီးတွေနဲ့ နယ်စပ်ဖြတ်ကျော်ရတဲ့ အတွေ့အကြုံရပါတယ်။ တဖြည်းဖြည်းနဲ့
စိတ်ဝင်စားသူတွေ များလာမယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းကဆိုသည်။

ထားဝယ် - ဘန်ကောက်ခရီးစဉ်ကို ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော်နောက်ပိုင်း
ခရီးစဉ်များ ပြန်လည်စတင်မည်ဟု ၎င်းကပြောသည်။

"ပြည်တွင်းပဲ လည်ဖူးတာကြောင့် နိုင်ငံခြားခရီးစဉ် သွားရတာပျော်ပါတယ်။ ကိုယ် နိုင်ငံနဲ့
ကွာခြားတာတွေကိုလည်း လေ့လာခွင့်ရပါတယ်။ လမ်းဘေးဈေးဆိုင်တွေကအစ သပ်သပ်ရပ်ရပ်
ရှိပြီး ကားလမ်းတွေကလည်း စည်းကမ်းတကျ ရှိပါတယ်"ဟု ကားလမ်းမှတစ်ဆင့်
သွားရောက်လည်ပတ်ခဲ့သည့် ဒေါ်ခင်နွဲ့ရီက ပြောသည်။

ပြည်တွင်းဘုရားဖူးပို့ဆောင်ရေး ကုမ္ပဏီ ခြောက်ခုခန့်သည် ထားဝယ် - ဘန်ကောက် ခရီးစဉ်ကို
ပို့ဆောင်ပေးနေပြီး ပြီးခဲ့သည့် ဧပြီလကုန်ထိ ကားအစီး ၄၀ ခန့် သွားရောက်ခဲ့ပြီးဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား