လွမ်းနေပါဦးမည် အန်ဟွေးဆီ

 

anhui.jpg - 55.89 KBanhui.jpg - 55.89 KB

အေးမြတဲ့ ဆောင်းရာသီနံနက်ခင်းရဲ့ အငွေ့အသက်လေးတွေနဲ့အတူ ယန်ဇီမြစ်နဲ့
ဟိုက်ရီမြစ်တို့ ပေါင်းဆုံရာမှာ တည်ရှိတဲ့ တရုတ်နိုင်ငံရဲ့ သမိုင်းဝင် အန်းဟွေးပြည်နယ်လေးဆီကို
အန်ဟွေးပြည်နယ် အစိုးရရဲ့ ဖိတ်ကြားမှုနဲ့အတူ တစ်ပတ်ကြာသွားရောက်လည်ပတ်ခွင့်
ရခဲ့ပါတယ်။

အပူချိန် ၁ဝ၊ ၁၅ ဒီဂရီဆဲလ်စီးယပ်စ် အတွင်းရှိတဲ့ အန်ဟွေးဟာ အနည်းငယ် အအေးပိုပေမဲ့
သာယာလှပတဲ့ တောတောင်ရှုခင်းများနဲ့တကွ နေချင့်စဖွယ် ရေမြေသဘာဝ တောတောင်တွေကို
ပိုင်ဆိုင်ထားတဲ့ ပြည်နယ်လေးတစ်ခု ဖြစ်တယ်။ ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အန်းချင့်မြို့နဲ့
ဟွေကျိုးမြို့နှစ်မြို့ရဲ့ နာမည်ကို ပေါင်းစပ်ပြီး ခေါ်ဝေါ်ရာကနေ အန်ဟွေးဆိုတဲ့ အမည်နာမ
ပေါ်ပေါက် လာတယ်လို့ သိရပါတယ်။ စတုရန်းမီတာ ၁၄ဝ,ဝဝဝ ကျယ်ဝန်းပြီး ဟန်လူမျိုးအများစု
နေထိုင်ကြတယ်။ ဒါ့ပြင် ရာသီဥတုကောင်းမွန် မျှတခြင်းကြောင့်လည်း အန်ဟွေးပြည်နယ်ရဲ့
စီးပွားရေးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လျက်ရှိပါတယ်။

ပြည်နယ်တွင်းမှာရှိတဲ့ ဒေသအကျိုးပြု နည်းပညာစင်တာတွေ၊ အသံလွှင့်ဌာနတွေကို အာဆီယံ
သတင်းသမားတွေနဲ့အတူ လေ့လာကြည့်ရှုခွင့်ရခဲ့သလို အန်ဟွေးရဲ့ ရေမြေတောတောင်
အလှအပတွေကို မှင်တက်ရှုမော ခံစားခွင့်ရခဲ့ပါတယ်။ လေ့လာခွင့်ရခဲ့သလောက်
အန်ဟွေးပြည်နယ်ရဲ့ စီးပွားရေး၊စိုက်ပျိုးရေးနဲ့ နည်းပညာတွေကို ကြည့်ရတာအန်ဟွေးဟာ
တရုတ်ပြည်ရဲ့ အရေးပါတဲ့သမိုင်းဝင် ပြည်နယ်တစ်ခုအနေနဲ့ တည်ရှိနေတာကို ရိပ်စားမိခဲ့ပါတယ်။

ပြည်နယ်မြို့တော် ဟီးရ်ဖေးနဲ့ ကပ်လျက် တည်ရှိနေတဲ့ ဖူးယန်းမြို့ဟာ ပြည်နယ်ရဲ့အကြီးဆုံး
မြို့ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အလှအပကို ခံစားချင်သူတွေအတွက် အန်ဟွေးဟာ ပြယုတစ်ခုအဖြစ်
အမြဲတမ်းရှိနေသလိုပါပဲ။ စားသောက်မှုပုံစံမှာ တရုတ်နိုင်ငံရဲ့ တခြားပြည်နယ်တွေနဲ့ သိပ်ပြီး
ကွာခြားမှုမရှိပေမဲ့ စိုက်ပျိုးစီးပွားရေးစနစ်ပိုင်းမှာကတော့ ရှေ့နောက်မီ နည်းစနစ်တွေနဲ့
စိုက်ပျိုးထုတ်လုပ်နေပြီး သစ်သီးဝလံအစုံအလင်၊ နာမည်ကျော် လက်ဖက်ခြောက်၊ အရက်ဖြူ၊
အရက်နီ စတဲ့ ဒေသထွက်ကုန်တွေကိုလည်း ပြည်တွင်းပြည်ပနိုင်ငံများကို လှိုင်လှိုင်
တင်ပို့နေပါတယ်။

သဘာဝ တွင်းထွက်ပစ္စည်းအနေနဲ့ ကြည့်မယ်ဆိုရင် သတ္ထုအမျိုးပေါင်း ၁၆ဝ ကို
ရှာဖွေတွေ့ရှိထားပြီး နိုင်ငံတွင်း မြို့တွေထက်စွမ်းအင်ရရှိမှုပိုင်းမှာ ရှေ့ရောက်နေတော့
စွမ်းအင်အရင်းအမြစ် အဓိကအခြေပြုရာ၊ ကုန်ကြမ်း အဓိကရရှိရာ ပြည်နယ်တစ်ခုအဖြစ်
အန်ဟွေးကို တဖြည်းဖြည်း ရုပ်လုံးပေါ်လာစေပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံရဲ့ စီးပွားရေးမဟာဗျူဟာဖြစ်တဲ့ 'One Belt and One Road (B & R)'
ဗျူဟာအရ ဥရောပကို ဆက်သွယ်ထားတဲ့ ပိုးလမ်းမကြီးနဲ့ ရေကြောင်းလမ်းကနေတစ်ဆင့်
အာဆီယံဒေသတွေ ဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်အစရှိတဲ့ နိုင်ငံတွေနဲ့
အတူ ခိုင်မာတဲ့ စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးစားနေတဲ့ ပြည်နယ်တစ်ခုလို့ ပြောရင်
မမှားနိုင်ပါဘူး။ ပြည်တွင်းက မြို့တော်တွေ ဖြစ်တဲ့ ပေကျင်း၊ ရှင်းကျင်း၊ ဟူးဘေးတို့နဲ့ စီးပွားရေး
ချိတ်ဆက်ညှိနှိုင်းမှုတွေ ရှိတဲ့အပြင် ယန်ဇီမြစ်တစ်လျှောက် စီးပွားရေးဇုန်တစ်ခု ဖွံ့ဖြိုးလာဖို့ကိုလည်း
အပြည့်အဝ ပုံဖော်နေပါတယ်။

သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာလည်း အညွန့်တလူလူတက်နေတဲ့ အန်ဟွေးဟာ နိုင်ငံတွင်းမှာသာ
မကဘဲ ကမ္ဘာမှာပါ ရှေ့တန်းရောက်နေတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။ ပြည်နယ်အတွင်းစက်မှု
လုပ်ငန်းတွေဖြစ်တဲ့ ကားအစိတ်အပိုင်း ထုတ်လုပ်ရေး၊ အီလက်ထရွန်းနစ် အပိုပစ္စည်းများ၊
ဓာတုစိုက်ပျိုးရေး နည်းသစ်များ၊ မျိုးရိုးဗီဇ ပြောင်းလဲမှုများ၊ လမ်းပန်းဆက်သွယ်ရေးနဲ့
ပြည်သူပြည်သားလုံခြုံရေး နည်းစနစ်သစ် သုတေသန ပြုလုပ်မှုတွေကို ဖန်တီး ထုတ်လုပ်နေ
တာကိုလည်း အန်ဟွေးမှာ တွေ့နိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ သမိုင်းဝင် လူသိများတဲ့ နိုင်ငံရေးအတွေးအခေါ်ပညာရှင် ကွမ်ကျုံး (Guan Zhong)၊
ဥာဏ်ရည် ထက်မြက်တဲ့ ကဗျာဆရာတစ်ဖြစ်လဲ စစ်သူကြီးချောင်ချောင် (Cao Cao)၊
ဇိုင်းဇိ (Zhaung Zi)၊ ဟောင်းရှင်းကျီ (Tao Xingzhi) စတဲ့ ပညာရှင်တွေ ပေါ်ထွန်းရာ
သမိုင်းဝင်နယ်မြေတစ်ခုဖြစ်ပြီး ခရီးသွား လုပ်ငန်းမှာလည်း နိုင်ငံခြားဧည့်သည်တွေ
စိတ်ဝင်စားလာနိုင်တဲ့ ရေခံမြေခံ သဘာဝအလှတရားတွေပေါကြွယ်ဝတဲ့ နေရာတစ်ခုလို့
သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော် သွားရောက် လည်ပတ်ခွင့်ရခဲ့တဲ့ ရက်သတ္တတစ်ပတ်ကြာ
ကာလဟာ တိုတောင်းလှပေမဲ့ သာယာလှပတဲ့ အန်ဟွေးပြည်နယ်ကိုတော့ မေ့နိုင်တော့မည်
မထင်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား