ကွန်စတန်တီနိုပယ် (သို့) အစ္စတန်ဘူလ်

အစ္စတန်ဘူလ်မြို့ရှိ နာမည်ကျော် အမိုးပြာဗလီကို တွေ့ရစဉ်။အောင်ရှင် / မြန်မာတိုင်း(မ်)အစ္စတန်ဘူလ်မြို့ရှိ နာမည်ကျော် အမိုးပြာဗလီကို တွေ့ရစဉ်။အောင်ရှင် / မြန်မာတိုင်း(မ်)

လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့သို့ ခေတ္တရောက်
ဖြစ်ခဲ့သည်။

ရာဇ၀င်သမိုင်းစာများတွင် ကွန်စတန်တီနိုပယ်ဟု ထင်ရှားကျော်ကြားသော
အစ္စတန်ဘူလ်မြို့သည် တူရကီနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးနှင့် ယဉ်ကျေးမှုအရ
အရေးပါသော မြို့တော်ကြီး ဖြစ်သည်။

အစ္စတန်ဘူလ်မြို့ရှိ ဘောရပ်စ်ရေလက်ကြား မြေထဲပင်လယ်နှင့် ပင်လယ်နက်ကို
ဆက်သွယ်ထားသည်။

အာရှတိုက်နှင့် ဥရောပတိုက်နှစ်ခုစလုံးတွင် ပါဝင်သော အစ္စတန်ဘူလ်မြို့တွင်
တရားဝင်စာရင်းများ အရ လူဦးရေ ၁၇ သန်းနေထိုင်သည်ဟု ဆိုသော်လည်း
လူဦးရေသန်း ၂၀ နီးပါးမျှ ရှိမည်ဟု ဒေသခံများက ဆိုသည်။

ဥရောပနှင့် အာရှဒေသဆုံရာနေရာတွင် တည်ရှိသည့် အစ္စတန်ဘူလ်မြို့သည် ကမ္ဘာ့
သမိုင်းတွင်အရေးပါသော အခန်းကဏ္ဍမှ ဖြတ်သန်းခဲ့သည့် နေရာဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ တစ်လှည့်စီဝင်ရောက်ကြီးစိုးခဲ့ရာ
နေရာလည်း ဖြစ်သည်။

ယနေ့ခေတ်တွင် တူရကီနိုင်ငံ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ နိုင်ငံဖြစ်ပြီး၊
အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်သည့် ရှေးဟောင်းအဆောက်အအုံများစွာလည်း
တည်ရှိသည်။

အစ္စတန်ဘူလ်မြို့သည် ယနေ့ခေတ်တွင် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်သည့်
နေရာတစ်ခုဖြစ်နေသည်။ ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများနှင့် ဆက်စပ်နေသည့်
အတွက် နိုင်ငံရေးနှင့် စီးပွား ရေးအရ အရေးပါပြီး၊ ကမ္ဘာ့မြေပုံပေါ်တွင် မဟာဗျူဟာကျသော
နေရာဒေသဖြစ်သည်။ အစ္စတန်ဘူလ်မြို့ လေဆိပ်သည် အလွန် အလုပ်များသော နိုင်ငံ
တကာလေဆိပ်ကြီး တစ်ခုဖြစ်သည်။ လေဆိပ်ထဲတွင် အမျိုးမျိုးသော နိုင်ငံများမှ ခရီးသွားများ
ဥဒဟိုသွားလာ လှုပ်ရှားလျက်ရှိသည်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာများတွင်
တန်းစီစောင့်ဆိုင်းနေ သော ခရီးသွားဧည့်သည်များလည်း များပြားလှသည်။

အစ္စတန်ဘူလ်မြို့တွင် လက်ရှိလည် ပတ်လျက်ရှိသော နိုင်ငံတကာလေဆိပ် နှစ်ခုရှိပြီး၊
လေကြောင်းခရီးစဉ်များ များပြားလွန်းသည့်အတွက် လေဆိပ်သစ်တစ်ခုကိုလည်း
ထပ်မံတည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။ တူရကီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်
နိုင်ငံတစ်ခု မဟုတ်သော်လည်း ဥရောပ စီးပွားရေးဇုန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည်။

အမေရိကန်တစ်ဒေါ်လာလျှင် တူရကီငွေ သုံးလိုင်ရာသာ ရှိသဖြင့် ဈေးနှုန်း ကြီးမြင့်သည့်နိုင်ငံ
တစ်ခု ဖြစ်သည်။

အစ္စတန်ဘူလ်မြို့တွင် အများသုံးဘတ်စ် ကား၊ မြေပေါ်မြေအောက် မီးရထားလိုင်းနှင့်
အငှားယာဉ်များကို အလွယ်တကူအသုံးပြု နိုင်သဖြင့် သွားရေးလာရေးလွယ်ကူသည်ဟု
ဆိုနိုင်သော်လည်း လူဦးရေထူထပ်သဖြင့် အဓိကလမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ
ဖြစ်ပွားနေသည်ကိုလည်း ကြုံတွေ့ခဲ့ရသည်။

အိမ်နီးချင်း အီရတ်နှင့် ဆီးရီးယားနိုင်ငံ များတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများတွင်
တူရကီနိုင်ငံ ပါဝင်ပတ်သက်နေခြင်း၊ မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှုနှင့်
ဗုံးဖောက်ခွဲမှုများကြောင့် အစ္စတန်ဘူလ်မြို့ နေရာအနှံ့အပြားတွင်း သတိအနေအထားဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရှိရသည်။

သို့သော်လည်း အစ္စတန်ဘူလ်မြို့တော်၏ ရှေးဟောင်းမြို့တော်နေရာ အနှံ့အပြားတွင်
ကမ္ဘာလှည့်ခရီးသွားများနှင့် စည်ကားလျက်ရှိသည်။ ဧက ၈၀၀ ကျော်မျှကျယ်ဝန်းသော
အော်တိုမန်အင်ပိုင်ယာခေတ် စူလ်တန် ဘုရင်များ၏ နန်းတော်၊ ဆက်လျက်တည်ရှိသည့်
ဆူဖီရာဘုရားကျောင်း၊ အမိုးပြာဗလီ၊ စူလ်တန်အာမက်ဗလီနှင့် ဂရမ်းဘဇားဟု နာမည်ကျော်သော
ကမ္ဘာ့ရှေးအကျဆုံး ဈေး ကြီးတစ်ဝိုက်တွင် မြို့သူမြို့သားများ၊ ကမ္ဘာ လှည့်ခရီးသွားများနှင့်
ပျားပန်းခတ်မျှ စည်ကားလျက်ရှိသည်။ ထောင်ပေါင်းများစွာ သော လူများ၊ ဈေးဆိုင်တန်းများနှင့်
စိတ်ဝင်စားဖွယ် ရှေးဟောင်းအဆောက်အအုံများ၊ လမ်းမများနှင့် အစ္စတန်ဘူလ်မြို့က
အသက် ၀င်လျက်ရှိသည်။

နိုဝင်ဘာလဆန်းပိုင်း ရောက်လာပြီဖြစ် သဖြင့် အစ္စတန်ဘူလ်မြို့ ရာသီဥတုက အအေးဘက်
လုနေသည်။ ရောက်စရက်တွင် အပူချိန် ၁၅ ဒီဂရီမှ ၁၀ ဒီဂရီအတွင်းရှိသည့်အတွက် အပူပိုင်းဒေသမှ
လာသူအဖို့ အတော်ပင် ချမ်းအေးသည့် ရာသီဥတုဖြစ်သည်။ အစ္စတန်ဘူလ်မြို့သူမြို့သားများ၏
ဝတ်စားဆင်ယင်မှုနှင့် နေထိုင်မှုပုံစံမှာ ဥရောပဒေသနှင့် များစွာတူညီလှသည်။

သွားလာလှုပ်ရှားမှု ပုံပန်းသဏ္ဌာန်များမှာ လည်း ပေါ့ပါးသွက်လက်လျက်ရှိသည်။ ဥရောပနှင့်
တူရကီရိုးရာ အစားအသောက် များကို အများဆုံး စားသောက်ကြသည်။ အရေးပါသော
သမိုင်းကြောင်း၊ အချက် အချာကျသော နေရာဒေသ၊ လှပကြည်နူးစရာ ရှုခင်းများ၊
အဆောက်အအုံများနှင့် ပေါ့ပါး သွက်လက်သော နေထိုင်မှုဘ၀ပုံစံများကြောင့်
အစ္စတန်ဘူလ်မြို့ကို နောက်တစ်ကြိမ်လည်ပတ် လိုစိတ်များ ဖြစ်ပေါ်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား