Monday, April 24, 2017

ပြီးခဲ့သည့်နှစ်တွင် တရုတ်ခရီးသွားဧည့်သည် ငါးသိန်းနီးပါး ၀င်ရောက်ခဲ့

၂၀၁၆ ခုနှစ်တွင် တရုတ်ခရီးသွားဧည့်သည် စုစုပေါင်း ၄၉၈၆၅၆ ဦး ၀င်ရောက်ခဲ့ကြောင်း
ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က
မတ်လ ၁ ရက်နေ့က ပြောကြားသည်။

အဆိုပါနေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ပြုလုပ်သည့်
ပထမအကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ၄င်းက
အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်များအနက် တရုတ်နိုင်ငံသားများဟာ
ဒုတိယအများဆုံးဖြစ်ပါတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။

တရုတ်နိုင်ငံသည် ထိုင်း၊ ဂျပန်၊ ကိုရီးယားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံ၏ အဓိကခရီးသွားလုပ်ငန်း
ဈေးကွက်ဝင် နိုင်ငံဖြစ်ကြောင်း ၄င်းက ဆိုသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသားများ လာရောက်လည်ပတ်နိုင်ရန် မြန်မာ- တရုတ်နယ်စပ်ဝင်ပေါက်များ
ဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနှင့် မိုင်းလားစသည်ဖြင့်
ခြောက်ခုရှိသည့်အနက် တရုတ်လူမျိုးအမျာဆုံး ၀င်ရောက်သော နယ်စပ်ဂိတ်မှာ မူဆယ်ဖြစ်သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ၂၀၀၀ ပြည့်နှစ်က
လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရေး၊ နယ်စပ်ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးတွဲခရီးသွားထုတ်ကုန်များ မြှင့်တင်ကြော်ငြာရေးအတွက် အမှန်တကယ်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၁၅ ခုနှစ်က တရုတ်ခရီးသွားဧည့်သည် ဦးရေ ၈၂၂၈၇၈ ရှိသည့်အနက် အထက်ပါဝင်ပေါက်များမှ
၆၇၄၉၀၁ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ အာရှ-ပစိဖိတ်ဒေသတွင် ၂၀၃၀ ခုနှစ်၌
ကမ္ဘာလှည့်ခရီးသည် ၅၄၀ သန်းရောက်ရှိရန် မျှော်မှန်းပြီး ကမ္ဘာ့ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းခန့်
ရှိမည်ဟု ခန့်မှန်းထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား