နှောင်းခေတ်ကုန်သည်တွေရဲ့ ကုသိုလ်တော် ဗုဒ္ဓရုပ်ပွားတွေနဲ့ အကောက်တောင်

ထုံးဘိုမြို့နယ်ရှိ အကောက်တောင်ကို ဖေဖော်ဝါရီလဆန်းပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေထုံးဘိုမြို့နယ်ရှိ အကောက်တောင်ကို ဖေဖော်ဝါရီလဆန်းပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ပြည်မြို့ကနေ နဝဒေးတံတားကြီးကိုဖြတ်ပြီး နှစ်နာရီနီးပါးကားမောင်းပြီးတဲ့အခါ အာဇာနည်ခေါင်း
ဆောင်ကြီး သခင်မြမွေးရပ်မြေ ထုံးဘိုမြို့ကိုရောက်ရှိမှာပါ။

ထုံးဘိုမြို့ဟာ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းဒေသကြီးတို့ နယ်နိမိတ်ချင်းထိစပ်တဲ့နေရာမှာ တည်ရှိတာ
ဖြစ်ပါတယ်။ ထုံးဘိုလမ်းခွဲဆိုင်းဘုတ်အတိုင်း ချိုင့်ခွက်ထူထူ ခပ်ကျဉ်းကျဉ်းလမ်းအတိုင်း ဧရာဝတီ
မြစ်နံဘေးထိ အရောက်သွားရင်တော့ အကောက်တောင်ကို သွားရောက်နိုင်မယ့်မော်တော်ဆိပ်ကို
ရောက်ရှိမှာဖြစ်ပါတယ်။

စက်လှေဆိပ်ကနေ အကောင်တောင်ကို ကျပ်တစ်သောင်းခွဲပေးပြီး၊ စင်းလုံးငှားမော်တော်နဲ့သွား
ရောက်နိုင်သလို ခရီးသည်တင်မော်တော်နဲ့ လိုက်မယ်ဆိုရင်တော့ တစ်ဦးကျပ် ၁,၅ဝဝ နှုန်းကျသင့်
မှာဖြစ်ပါတယ်။ စင်းလုံးငှားမော်တော်နဲ့သွားမယ်ဆိုရင် ဧရာဝတီမြစ်ထဲကနေ ကျောက်တောင်နံရံ
တွေမှာထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်အဆူဆူကို ထူးခြားစွာဖူးတွေ့ရမှာပါ။ ခရီးသည်တင်ရေ
ယာဉ်နဲ့ဆိုရင်တော့ မြစ်ရေပြင်ကနေ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးတွေ့ရမှာမဟုတ်ပါဘူး။

ဧရာဝတီမြစ်ရေပြင်ကျယ်ကို ၁၅ မိနစ်ခန့်ကြာဖြတ်သန်းပြီးရင် တောင်ကမ်းပါးရံနှစ်ခုစလုံးမှာ ဗုဒ္ဓ
ရုပ်ပွားတော်တွေ ထွင်းထုထားတဲ့တောင်ကြီးနှစ်လုံးကို တွေ့ရမှာပါ။ ဒီတောင်ကြီးနှစ်လုံးက ပဲခူး
တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးကို ပိုင်းခြားထားတဲ့ နယ်နိမိတ်မျဉ်းလို့ဆိုရမှာပါ။

ထုံးဘိုဘက်အခြမ်းက တောင်နံရံမှာရော ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့အခြမ်းက တောင်နံရံ
တွေမှာပါ ဗုဒ္ဓရုပ်ပွားတော်အဆူဆူကို ရှေးကျတဲ့လက်ရာတွေနဲ့အတူ ဖူးတွေ့ရမှာပါ။ ဗုဒ္ဓရုပ်ပွားတော် တည်ရှိတဲ့ ကျောက်နံရံတွေပေါ်ကို စက်လှေကပ်ခွင့်မပေးပေမဲ့ အနားကိုရောက်ရင်တော့ ခရီးသွား
ဧည့်သည်တွေပူဇော်ခွင့်ရအောင် စက်လှေကို ခေတ္တခဏရပ်ပေးပါတယ်။

အဲဒီကနေ ခရီးဆက်ရင် အကောက်တောင် ဆရာတော်သီတင်းသုံးရာ  တောင်ပေါ်ကိုရောက်ရှိမှာ
ဖြစ်ပါတယ်။ တောင်ပေါ်မှာတော့ မြေကမ်းပါးရံမှာထွင်းထုထားတဲ့ ကွန်ကရစ်လှေကားကတစ်ဆင့်
တက်ရောက်ရမှာပါ။ တောင်ပေါ်မရောက်မီ ကျောက်နံရံမှာထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို အနီးကပ်ဖူးမျှော်ခွင့်ရမှာဖြစ်ပါတယ်။ တောင်တက်လမ်းတစ်လျှောက်ရှိ ကျောက်တောင်တွေရေရှည်
တည်တံ့ခိုင်မြဲရေးအတွက် ညောင်ပင်များကို တုတ်ထောက်ခြင်း၊ လမ်းလျှောက်တုတ်အသုံးမပြုရန်
မေတ္တာရပ်ခံချက်စာသားတွေလည်း တွေ့မြင်ရမှာပါ။

လက်ရှိ အကောက်တောင်ဆရာတော်လက်ထက်မှာ ဒီအကောက်တောင်စေတီပုထိုးတွေအကြောင်း
ပိုပြီးလူသိများလာတာမို့ သာသနိကအဆောက်အအုံ ပြုပြင်ထိန်းသိမ်းမှုတွေ ယခင်ကထက်ပိုပြီး တိုးတက်လာတာ တွေ့ရမှာပါ။ တောင်ပေါ်မှာတော့ စေတီကြီးတစ်ဆူနဲ့ စေတီငယ်တွေ၊ ထိုင်တော်
မူရုပ်ပွားတော်တွေ၊ သာသနိကအဆောက်အအုံတွေကို တွေ့ရပါတယ်။

သမိုင်းကြောင်းတွေအရ မင်းတုန်မင်းတရားကြီးလက်ထက်တော်က မြို့ဝန်ဦးကောက်ရကို ယခု
တောင်ခြေနေရာမှာ အခြေပြုပြီး ရေလမ်းခရီး အစုန်အဆန်သွားလာနေတဲ့ သမ္ဗန်၊ သဘောင်္တွေကို
အခွန်ကောက်ခံကာ နေပြည်တော်သို့ဆက်သဖို့ တာဝန်ပေးအပ်ခဲ့ရာက တောင်စွန်းအခြေမှာ ရုံး
စိုက်အခွန်ကောက်ခံတာကိုအစွဲပြု၍ အကောက်တောင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းအဆိုအရ ဗုဒ္ဓတစ်ထောင်၊ အကောက်တောင်လို့ဆိုတဲ့အတွက် ဗုဒ္ဓရုပ်ပွားတော် ၁,ဝဝဝ ခန့်
ရှိခဲ့တယ်လို့ဆိုနိုင်ပေမဲ့ ခေတ်ကာလ ရာသီဥတုထိန်းသိမ်းမှု အားနည်းခဲ့တာကြောင့် ယခုအခါ ဗုဒ္ဓ
ဆင်းတုတော်ပေါင်း ၃၇ဝ ခန့်ကိုသာ ဖူးတွေ့ရပါတယ်။ ကျောက်သားနံရံပေါ်မှာ ထွင်းထုထားတဲ့
လက်ရာအရ ထိုင်တော်မူဆင်းတု ၂၄၆ ဆူ၊ ရပ်တော်မူဆင်းတု ၁ဝ၉ ဆူနဲ့ လျောင်းတော်မူဆင်းတု
၁၅ ဆူခန့်သာကျန်ရှိပြီးတော့ ဒီဆင်းတုတော်တွေ ရေရည်တည်တံ့နိုင်ဖို့ အတွက် အကောက်
တောင်ဆရာတော်ဦးစီးတဲ့အဖွဲ့က ပြုပြင်ထိန်းသိမ်းနေပါတယ်။

လာရောက်တဲ့ ဘုရားဖူးတွေကိုလည်း ဆရာတော်က သက်သတ်လွတ်ထမင်းဟင်းမျိုးစုံနဲ့ ဧည့်ခံ
ကျွေးမွေးပါတယ်။ အပြန်ခရီးအတွက် လှေဆိပ်မှာ တိုကင်ပြားလေးတွေကိုပြရင်း ထုံးဘိုမြို့ကိုပြန်
နိုင်ပါတယ်။ အပြန်ခရီးမှာ ကျောက်ကမ်းပါးရံပေါ်မှာ ထွင်းထုထားတဲ့ အနုလက်ရာ ဗုဒ္ဓရုပ်ပွားတော်
လက်ရာတွေကို ထပ်မံဖူးတွေ့ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။