ပုဂံဒေသကို လာရောက်သည့် ခရီးသွားများ အဆင်ပြေရန် လမ်းပြမြေပုံ ထုတ်မည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစေရန်
အတွက် ဇုန်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် လမ်းပြမြေပုံထုတ်ရန် စီစဉ်နေကြောင်း
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေးအေးဂျင်စီ (JICA) မှ ပုဂံဒေသခရီးသွားဖွံ့ဖြိုးတိုးတက်ရေး
လက်ထောက်စီမံချက်တာဝန်ခံ ဒေါ်ယုယုလင်း က ယခုလ ၉ ရက်နေ့ကပြောသည်။

"လမ်းပြမြေပုံ ထုတ်ပြန်ဖို့အတွက် အခု ကွင်းဆင်းပြီး လေ့လာဆောင်ရွက်နေပါတယ်။ လမ်းပြမြေပုံမှာ
မြစ်ကမ်းဘေးကနေ ရှုခင်းအလှတွေ ထိုင်ကြည့်လို့ရတဲ့ နေရာတွေပါမယ်။ ရိုးရာလက်မှုလုပ်ငန်းတွေကို
တွေ့နိုင်တဲ့ ကျေးရွာတွေကို ညွန်ပြထားတာတွေပါမယ်။ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာဆိုရင်လည်း
ဘုရားပေါ် တက်ရောက်စရာမလိုပဲ ရှုခင်းတွေ ကြည့်လို့ရမယ့် နေရာတွေကို ထည့်သွင်းထားမှာ
ဖြစ်ပါတယ်"ဟု ဒေါ်ယုယုလင်းက ပြောသည်။

အဆိုပါလမ်းပြမြေပုံ ထုတ်ရန်အတွက် လတ်တလော အခြေအနေတွင် ကွင်းဆင်းလေ့လာနေဆဲ
ဖြစ်သည့်အတွက် မြေပုံထုတ်မည့်အချိန်ကို သတ်မှတ်ထားနိုင်ခြင်း မရှိသေးကြောင်းနှင့်
ရှုခင်းကြည့်နိုင်မည့် နေရာများနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုလည်း
လက်ကမ်းစာစောင်များ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဒေါ်ယုယုလင်းထံမှ သိရသည်။

"လူတော်တော်များများက နာမည်ကြီးဘုရားတွေပဲ သိထားကြတယ်။ တစ်ချို့ဘုရားတွေမှာဆိုရင်
ရှုခင်းကြည့်လို့ရတဲ့ နေရာတွေ ရှိတယ်။ မကြာခင်ထုတ်မယ့် လမ်းမြမြေပုံမှာဆိုရင် နာမည်မကြီးပေမယ့်
ရှုခင်းကြည့်လို့ရတဲ့ ဘုရားတွေကို ထည့်သွင်းသွားမှာဖြစ်ပါတယ်"ဟု ဒေါ်ယုယုလင်းက ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွက် ရည်ရွယ်ပြီး ထုတ်ပြန်မည့် လမ်းပြမြေပုံပြီးစီးပါက
အများပြည်သူထံ ဖြန့်ရာတွင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။

"ပုဂံတစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့် မြေပုံဆိုတော့ ကောင်းပါတယ်။ တစ်ချို့ခရီးသွားတွေဆိုရင်
ဘယ်ဘုရားက ဘယ်နားမှာလဲဆိုတာ မသိဘူး။ ပြီးရင် ညနေခင်းအချိန်တွေဆိုရင် နေ၀င်ချိန်ကြည့်လို့
ရမယ့် ဘုရားတွေအနားမှာဆိုရင် လူတွေက ပြုံနေကြတာ။ ဘုရားတွေ ပြိုကျမှာတောင် စိုးရိမ်ရတယ်။
အခြားဘုရားအနီးအနားကနေ နေ၀င်ချိန်ကြည့်လို့ရမယ့် လမ်းညွန်တွေ ပါလာရင်တော့
ကောင်းပါတယ်။ ဘုရားပေါ်တက်စရာမလိုတဲ့အတွက် ဘုရားတွေရဲ့ ကြံ့ခိုင်ရေးကိုလည်း
စိတ်ချပြီးသားဖြစ်တာပေါ့"ဟု ညောင်ဦးမြိုခံ ဦးစိုးဝင်း ကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား