မြောက်ဦးက အမေ့လျော့ခံ ရှေးဟောင်းအမွေအနှစ်များ

 မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်ကြီးကို ဖေဖော်ဝါရီလလယ်ပိုင်းအတွင်းက တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်ကြီးကို ဖေဖော်ဝါရီလလယ်ပိုင်းအတွင်းက တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

ရခိုင်ပြည်နယ် မြောက်ဦးဒေသဟာ ၁၄ ရာစုက ဗိသုကာလက်ရာတွေနဲ့ ရှေးဟောင်းဘုရား
စေတီပေါင်း ၁,၅ဝဝ ကျော်ရှိနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနစ် နယ်မြေဖြစ်ပေမဲ့
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအကြား လူသိနည်းနေသေးတယ်လို့ ဒေသခံတွေက
ဆိုပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် တစ်နှစ်
ပတ်လုံးမှာ မြောက်ဦးဒေသကိုနိုင်ငံတကာခရီးသွားဧည့်သည် ၄,ဝဝဝ ခန့်သာ လာရောက်
ခဲ့ပေမဲ့ ပုဂံဒေသကို ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၂၈ဝ,ဝဝဝ ကျော် လာရောက်ခဲ့ပါတယ်။

ပုဂံဒေသက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာတွေဟာ ၁၁ ရာစုက ဖြစ်ပြီး
မြောက်ဦးဒေသကတော့ ၁၄ ရာစုမှာ ပေါ်ပေါက်ခဲ့တာပါ။ နှစ်ပေါင်း ၈ဝဝ ကျော်သက်တမ်းရှိ
မြောက်ဦးဒေသ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာတွေဟာ မိုးရေချိန်လက်မ ၂ဝဝ ကျော်ရှိတဲ့
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ယနေ့ထက်တိုင် အခိုင်အမာ တည်ရှိနေပါတယ်။ ရခိုင်ဘုရင်တွေရဲ့
ကောင်းမှုဖြစ်တဲ့ မြောက်ဦးဒေသက ရှေးဟောင်းလက်ရာဗိသုကာ အမွေအနှစ်တွေကို
ယနေ့အချိန်ထိ အခိုင်အမာတွေ့မြင်နိုင်ပါတယ်။

ကျောက်သားနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းဗိသုကာ လက်ရာတွေကြောင့် မြောက်ဦးကို
ကျောက်တုံးမြို့တော် (Stone City)လို့ တင်စားခေါ်လေ့ ရှိပါတယ်။ မြောက်ဦးဒေသက
ရှေးဟောင်းဘုရားတွေဟာ လူနေထိုင်ရာဧရိယာအတွင်း တည်ရှိနေတဲ့အတွက်
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့်
မြောက်ဦးဒေသခရီးသွားလုပ်ငန်းတွေ များစွာထိခိုက်ခဲ့ရတယ်လို့ ဒေသခံခရီးသွား
လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက
မြောက်ဦးဒေသနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့ပေမဲ့ မြောက်ဦးဒေသက
ဟိုတယ်လုပ်ငန်းရှင်တွေကို နိုင်ငံခြားဧည့်လက်ခံခြင်းမပြုဖို့ ၂ဝ၁၂ ခုနှစ်အတွင်းမှာ
သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီညွှန်ကြားစာရဲ့ အကြိုးဆက်ကြောင့်
မြောက်ဦးဒေသ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက
ဆိုပါတယ်။

မြောက်ဦးမြို့နယ် ကုန်းချောင်းကျေးရွာအနီး လေးမြို့မြစ်အတွင်း ရေခပ်ဆင်းနေသည့် ချင်းအမျိုးသမီးကြီးတစ်ဦး။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)မြောက်ဦးမြို့နယ် ကုန်းချောင်းကျေးရွာအနီး လေးမြို့မြစ်အတွင်း ရေခပ်ဆင်းနေသည့် ချင်းအမျိုးသမီးကြီးတစ်ဦး။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)

''မြောက်ဦးဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းက အခြေခံအဆောက်အအုံပိုင်း အားနည်းခဲ့ပေမဲ့
အခုအခါမှာ တော်တော်လေး ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းဈေးကွက်
အရောင်းမြှင့်တင်ရေးပိုင်း အားနည်းနေဆဲဖြစ်တဲ့အတွက် မြောက်ဦးကို လူတိုင်း
မသိကြသေးပါဘူး'' လို့ မြောက်ဦးဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြောက်ဦးဒေသမှာ နိုင်ငံခြားသား
ဧည့်သည်တွေကို လက်ခံခြင်းမပြုဖို့ သက်ဆိုင်ရာက ညွှန်ကြားခဲ့သည့်နည်းတူ သက်ဆိုင်ရာ
နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေကလည်း လုံခြုံရေးအခြေအနေကြောင့်
ရခိုင်ပြည်နယ်ကို ခရီးသွားလာခြင်းမပြုဖို့ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ တင်ခဲ့တဲ့
အတွက်လည်း မြောက်ဦးဒေသခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့ပါတယ်။

''မြောက်ဦးခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် သတင်းအမှားတွေ ထွက်မသွားဖို့
အရေးကြီးတယ်။ မြောက်ဦးကို လူတိုင်း မသိသေးဘူး။ အဲဒါကို ပိုသိလာအောင် လုပ်ပေးဖို့
လိုတယ်။ မြောက်ဦးက ခရီးသွားတွေ အတွက် လုံခြုံတယ်ဆိုတာ ဧည့်သည်တွေကိုယ်တိုင်
သိမြင်ဖို့လိုပါတယ်။ အဲဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ၊
ခရီးသွားကုမ္ပဏီတွေ အကုန်လုံးက ရင်းနှီးချစ်ကြည်ရေးခရီးစဉ်တွေ များများလုပ်ပေးဖို့ လိုတယ်။
ကိုယ်တိုင်မြင်မှပဲ သူတို့လည်း ယုံယုံကြည်ကြည် ပို့ပေးနိုင်မှာပါ'' လို့ ရခိုင်ဟိုတယ်
လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဒေါ်ဥမ္မာခင်က ပြောပါတယ်။

မြောက်ဦးယဉ်ကျေးမှုဒေသကို ၁၉၉၆ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ် လျာထားစာရင်း
(UNESCO Candidate Lists) တင်သွင်းခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော်
ဆောင်ရွက်မှုဖို့ အားနည်းခဲ့ပါတယ်။

မြောက်ဦးမြို့ ကိုးသောင်းဘုရားအတွင်းရှိ ရှေးဟောင်းဆင်းတုတော်များ။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)မြောက်ဦးမြို့ ကိုးသောင်းဘုရားအတွင်းရှိ ရှေးဟောင်းဆင်းတုတော်များ။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

ယခုနှစ်အစောပိုင်းမှာတော့ မြောက်ဦးဒေသကို ယူနက်စကိုက ဗိသုကာပညာရှင် ၁ဝ ဦးခန့်
လာရောက်လေ့လာခဲ့ပြီး ကမ္ဘာ့အမွေအနစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အဓိကကျတဲ့
3D(သုံးဘက်မြင်) မြေပုံတိုင်းတာတာတွေ ဆောင်ရွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မြောက်ဦးဒေသကို ၂ဝ၁၈ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက်
သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ယူနက်စကိုပညာရှင်တွေ
ဖေဖော်ဝါရီလအတွင်းမှာ တွေ့ဆုံဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရာမှာ နည်းပညာလိုအပ်ချက်တွေကြောင့်
မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေအနှစ်တွေကို မှားယွင်းတဲ့ပြုပြင်မှုတွေ ရှိခဲ့ပါတယ်။
ဒါ့ပြင် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်နဲ့ လူနေအိမ်တွေ
အလွန်နီးကပ်စွာ တည်ရှိနေပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက်
မိမိတို့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးရမလားဆိုပြီး ဒေသခံတွေက စိုးရိမ်နေပါတယ်။

''ဒေသခံတွေက တခြားနေရာရွှေ့ပြောင်းပေးရမှာကိုစိုးရိမ်နေတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာက
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ဒေသခံတွေနဲ့ အရင်တွေ့ဆုံပြီး သူတို့တင်ပြတဲ့
အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစား ပေးစေလိုတယ်။ ကမ္ဘာ့အမွေအနှစ်နဲ့ ပတ်သက်ပြီး
ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာမျိုး အသိပညာပေးစေချင်ပါတယ်'' လို့
မြောက်ဦးဒေသခံ ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးကျော်လှမောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ ဒေသကို ရေလမ်းခရီးနဲ့သာမက ကုန်းလမ်းခရီးနဲ့လည်း
သွားရောက်နိုင်ပါတယ်။ ကားလမ်း ကောင်းမွန်နေပြီဖြစ်တဲ့အတွက် စစ်တွေမြို့ကနေ
အချိန်သုံးနာရီအတွင်းမြောက်ဦးကို ရောက်နိုင်ပါတယ်။ ခရီးသည်တွေ အလွယ်တကူ
လာရောက်လည်ပတ်နိုင်ရေးအတွက် မြောက်ဦးလေဆိပ်ကို အကောင်အထည်ဖော်
ဆောင်ရွက်နေသည်မှာလည်း နှစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

မြောက်ဦးဒေသမှာ လူသိများထင်ရှားတဲ့ ရှေးဟောင်းဗိသုကာလက်ရာတွေကတော့
ရှစ်သောင်းနဲ့ ကိုးသောင်းပုထိုးတော်ကြီးတွေ၊ ထုကံ္ကသိမ်၊ နန်းတော်ဟောင်း၊ ကျုံးမြို့ရိုးနဲ့
အခြားရှေးဟောင်း ဗိကုကာလက်ရာ စေတီပုထိုးတွေကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။
မြောက်ဦးကနေ တစ်ဆက်တည်းသွားရောက်နိုင်တဲ့ နေရာကတော့ ချင်းရွာဖြစ်ပါတယ်။
သာယာလှပတဲ့ လေးမြို့မြစ်အတွင်း ဆန်တက်သွားမယ်ဆိုရင် မျက်နှာပြင် အပြည့်ပါးရဲတွေ
ထိုးထားတဲ့ ချင်းလူမျိုးတွေ နေထိုင်ရာ ချင်းရွာကို ရောက်မှာ ဖြစ်ပါတယ်။

အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေ၊ သဘာဝအတိုင်းလှပနေတဲ့ အလှတရားတွေနဲ့
ပြည့်နှက်နေဆဲ လူသူအရောက်အပေါက်နည်းပါးနေဆဲ ရခိုင်ပြည်နယ် မြောက်ဦးဒေသဟာ
ခရီးသွားလုပ်ငန်း အလားအလာ ကောင်းတွေရှိနေပေမဲ့လည်း လက်ရှိအချိန်ထိ အမေ့လျော့ခံ
ဒေသတစ်ခုဖြစ်နေဆဲပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား