Monday, April 24, 2017

မဲဆောက်မြို့သို့ အလည်တစ်ခေါက်

ဟိန္ဒူလူမျိုးများ ကိုးကွယ်သည့် ရှေးဟောင်းနဂါးဘုရားကျောင်း။ တိုးဝေအောင် / မြန်မာတိုင်း(မ်)ဟိန္ဒူလူမျိုးများ ကိုးကွယ်သည့် ရှေးဟောင်းနဂါးဘုရားကျောင်း။ တိုးဝေအောင် / မြန်မာတိုင်း(မ်)

မိတ်ဆွေအပေါင်းအသင်းတွေကို ပြည်တွင်းအပန်းဖြေခရီးလည်းဖြစ်သလို အိမ်နီးချင်းနိုင်ငံရဲ့
ဓလေ့စရိုက်နေထိုင်မှုတွေ ရက်နည်းနည်းနဲ့သွားရောက်လေ့လာနိုင်တဲ့ မြဝတီ-မဲဆောက်ခရီးစဉ်ကို
ကျွန်တော်နဲ့အတူ ဒီတစ်ပတ်မှာ ခေါ်ဆောင်သွားချင်ပါတယ်။

မွန်းကျပ်နေတဲ့ ရန်ကုန်မြို့ကနေ ည ၁ဝ နာရီလောက်ထွက်မယ်ဆိုရင် ရန်ကုန်-နေပြည်တော်အမြန်
လမ်းအတိုင်း ဘုရားကြီးလမ်းခွဲကနေ မော်လမြိုင်၊ ဘားအံမြို့တွေနဲ့ အကွေ့အကောက်များလှတဲ့
ဒေါနတောင်တန်းကြီးကို ဖြတ်သန်းပြီးနောက် နံနက်ဝေလီ ဝေလင်းအချိန်မှာ မြန်မာနိုင်ငံရဲ့ကုန်
သွယ်ရေးနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့လေးကို ရောက်ရှိမှာဖြစ်ပါတယ်။

မြဝတီမြို့ပေါ်က နာမည်ကြီးအိန္ဒိယအစားအစာနဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ နံနက်စာစားသုံးရ
မှာဖြစ်ပါတယ်။ စားသောက်လို့မပြီးခင်မှာပဲ မြဝတီမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မဲဆောက်မြို့ကို
လည်ပတ်ဖို့ ကားတွေအဆင်သင့်ဖြစ်နေပါပြီ။ ကားတစ်စီးကို လူခြောက်ဦးလိုက်ပါနိုင်ပြီး နယ်စပ် တံတားဖြတ်သန်းဖို့အတွက်ကိုတော့ ကားဆရာတွေကပဲ အစအဆုံးစီစဉ်ပေးပါတယ်။

မဲဆောက်မြို့ကို သွားရောက်လည်ပတ်တဲ့အခါမှာ အသုံးပြုနိုင်ဖို့အတွက် ထိုင်းနိုင်ငံသုံးဘတ်ငွေကို
လဲလှယ်ဖို့လိုအပ်တာမို့ တံတားအောက်မှာဖွင့်ထားတဲ့ ငွေလဲကောင်တာတွေဆီကို ကားဆရာတွေ
က ခေါ်ဆောင်သွားပေးကြပါတယ်။ မဲဆောက်မြို့ကိုဝင်ရောက်ပြီး မဲဆောက်မြို့လမ်းတစ်လျှောက်
စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းပြီးချိန်မှာတော့ ကြက်အရုပ်ထောင်ပေါင်းများစွာရှိတဲ့ ဦးအောင်
ဇေယျနတ်ကွန်းလို့အခေါ်များတဲ့ ဖဝေါဘုရားကို ရောက်မှာပါ။ အတိုက်အခိုက်တွေကို ကာကွယ်
ပေးတဲ့ဒီနတ်ရုပ်တုရှေ့မှာတော့ ထိုင်းလူမျိုးအများစုက အမွှေးနံသာနဲ့ ဖယောင်းတိုင်တွေ၊ ကြက်ရုပ်
တုတွေ လှူ ဒါန်းပြီး ဆုတောင်းမှုပြုလုပ်ကြတာ တွေ့ရပါတယ်။

ဖဝေါဘုရားကနေခရီးဆက်လို့ နဂါးဂူ၊ ရွှေကျောင်းနဲ့ သံလိုက်စက်ကွင်းမိတဲ့နေရာတွေကိုသွား
ရောက်ပြီးတဲ့အချိန်မှာ ထမင်းစားချိန်ဖြစ်တဲ့အတွက်ကြောင့် မဲဆောက်မြို့ ကနာမည်ကျော် 
ROBINSON ကုန်တိုက်က စားသောက်ဆိုင်တစ်ခုမှာ စီစဉ်ပေးထားပါတယ်။ ဒီကုန်တိုက်မှာတော့
မြန်မာဘက်ကမ်းကလာပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအများကြီးကို တွေ့ရပါ
တယ်။

ထမင်းစားပြီးရင်တော့ ကုန်တိုက်ထဲမှာ လိုချင်တာတွေ ဝယ်နိုင်ဖို့ အချိန်ရပါတယ်။ ရေပူရေစမ်း
ထွက်တဲ့ထုံးကျောက်တောင်နဲ့ ရေတံခွန်တည်ရှိတဲ့နေရာကို ဆက်သွားခဲ့ပါတယ်။ ရေပူရေစမ်း
ထွက်တဲ့နေရာမှာ ကျဉ်းမြောင်းတဲ့အုတ်မြောင်းမှာခြေချပြီး ရေပူစိမ်နိုင်တဲ့နေရာတွေပြုလုပ်ပေးထား ပါတယ်။ ရေချိုးချင်တဲ့သူတွေအတွက် ရေချိုးခန်းငယ်လေးတွေလည်း စီစဉ်ထားပါတယ်။ ဒီနေရာမှာ
ခြေချပြီးရေစိမ်ရတာ တစ်မျိုးနေလို့ကောင်းပါတယ်။

အဲဒီကနေခရီးဆက်ပြီးတော့ ဟိန္ဒူလူမျိုးတွေရဲ့နတ်ရုပ်တွေ ကိုးကွယ်ထားရှိတဲ့ ဟိန္ဒူ နဂါးဘုရား
ကျောင်းကိုသွားခဲ့ပါတယ်။ ဒီနေရာမှာ ဓာတ်ပုံရိုက်ဖို့အကွက်အကွင်းနဲ့ ရိုးရာလက်မှုပညာတွေ၊ မီးပုံး၊
ရောင်စုံထီး၊ ရောင်းစုံပန်းလိပ်မျိုးစုံတွေနဲ့ အလှဆင်ထားပြီး သက်သတ်လွတ် အစားအသောက်တွေ
ကိုလည်း အခမဲ့ကုသိုလ်ယူ ကျွေးမွေးပါတယ်။ အဲဒီနေရာက ခရီးဆက်ခဲ့ရင် မဲဆောက်ညဈေးတန်း
ကို ရောက်မှာပါ။ ဈေးလည်းဖြစ် အစားအသောက်တွေလည်း အစုံအလင်ရှိတာကြောင့် တစ်နေရာ
တည်းမှာ အစားအစာစားရင်း လက်ဆောင်ပစ္စည်းတွေ ဝယ်ယူလို့ရမှာပါ။

ညဈေးတန်းမှာ လိုချင်တာတွေဝယ်၊ Lotus ကုန်တိုက်မှာ ညစာစားသောက်ပြီး ညအိပ်တည်းခိုမယ့်
မြဝတီဘက်ကဟိုတယ်ကို ပြန်ခဲ့ပေမဲ့ တံတားတစ်စင်းသာခြားပြီး လူနေမှုအဆင့်အတန်းကွာလှတဲ့
မြဝတီ-မဲဆောက်မြို့နဲ့ ရာဇဝင်ထဲက သမိုင်းကြောင်းတွေကို တွေးတောပြီး နောက်တစ်နေ့ မြဝတီ
မြိုထဲလည်ပတ်ဖို့ တစ်နေ့တာပင်ပန်းသမျှ အနားယူခွင့်ရခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား