အမ်ဒမန်ပင်လယ်ထဲက နာမည်ကျော် ကျွန်းလေးကျွန်းဆီသို့ နေ့ချင်းပြန်ခရီး

စာရေးသူ အသက် နှစ်ဆယ်ဝန်းကျင်မှာ မြန်မာနိုင်ငံ တောင်ဖျားစွန်းက အပြာရောင်လဲ့နေတဲ့
ပင်လယ်ရေအောက်ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ပြီး နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ ကျောက်ခတ်
ကျောက်ဆောင်တွေ၊ အသက်ရှင်သန်နေတဲ့ ငါးကလေးတွေကို သွားကြည့်ဖြစ်ခဲ့မယ်လို့
ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။

နေရာအသစ်အဆန်း ကို သွားလေ့လာတာတွေ၊ စွန့်စားမှုတွေကို နှစ်သက်ပေမဲ့လည်း
ကုန်ကျစရိတ်က အဟန့်အတားသဖွယ် တားဆီးနေတာကြောင့်လည်း စိတ်မကူးခဲ့မိတာ
ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ အမ်ဒမန်ပင်လယ်ထဲက ဇာဒက်ကြီးကျွန်း၊ အသည်းပုံကျွန်း (ခေါ်) ကြက်မောက်ကျွန်း၊
မြင်းခွာကျွန်း နဲ့ စေတန်ကျွန်း လေးကျွန်းစလုံး (ကော့သောင်းသို့ နေ့ချင်းပြန်ခရီးစဉ်)ကို
မတ်လနောက်ဆုံးပတ်မှာ ရုတ်တရက် သွားရောက်လည်ပတ်ခွင့် ရခဲ့ပါတယ်။

ခရီးစဉ် ပထမဆုံးနေ့အဖြစ် မနက် ၈ နာရီမှာ ကော့သောင်းလှေဆိပ်ကနေ သူဌေးကျွန်းဘက်ကို
ကူးဖို့ speed boat က စောင့်ကြိုလို့နေပါတယ်။

နားနေဆောင်မှာ ရေထဲဆင်းဖို့ အ၀တ်အစားလဲစေပြီး မုန့်နဲ့အအေးစားပြီး ကျွန်းတွေကို ထွက်ခွာမယ့်
လှေကို စောင့်နေခဲ့ပါတယ်။

များမကြာမီ ခရီးစဉ်နဲ့ ပတ်သက်သမျှ ခရီးစဉ်ဦးဆောင်သူတွေက ရှင်းပြပြီး ထွက်ခွာခဲ့ကြပါတယ်။

စာရေးသူတို့လည်း တစ်ခါမှ မကြုံဖူးသေးတဲ့ ပင်လယ်ရေအောက်ခရီးစဉ်အတွက် ရင်ခုန်သံတွေနဲ့ပါ။

မနက် ၁၀ နာရီလောက်မှာ speed boat နဲ့ စထွက်ခွာခဲ့ကြပြီး ၄၅ မိနစ်လောက်အကြာမှာ
ပထမဆုံးကျွန်းအနေနဲ့ မြင်းခွာကျွန်းကို ရောက်ရှိခဲ့ပါတယ်။

ကျွန်းပေါ် မဆင်းမီ ခရီးလမ်းညွှန်တွေ ပထမဆုံး သတိပေးတာကတော့ ခရုခွံလုံးဝ မကောက်ဖို့ပါ။

ပုံမှန်ဆို ကိုယ်ကောက် လာတဲ့ ခရုခွံက အမှတ်တရအလှပြပစ္စည်းတစ်ခုသာ ဖြစ်သွားမှာဖြစ်ပြီး
သဘာဝအတိုင်း တည်ရှိနေပါက ရေအောက်ကမ္ဘာရဲ့ ဂေဟစနစ်အတွက် အထောက်အကူ
အများကြီးဖြစ်ကြောင်း ရှင်းပြပါတယ်။

ကျွန်းတွေမှာ ကမ်းခြေမှာ မရပ်ဘဲ ရေလယ် (သူတို့ သတ်မှတ်ထားတဲ့ ရေအောက်ငုပ်နိုင်မယ့်
နယ်နိမိတ်) ရေအောက်ငုပ်ဖို့အတွက် ရေအောက်မှာ ပိုက်နဲ့အသက်ရှူတတ်အောင် မြင်းခွာကမ်းခြေမှာ
ဂိုက်တွေက လေ့ကျင့်ပေးပါတယ်။

ရေကူးတတ်ရင် ပိုကောင်းပေမဲ့ ရေမကူးတတ်သူတွေအဖို့လည်း စိတ်ပူစရာမရှိပါဘူး။ ရေအောက်မှာ
ပါးစပ်ကို ပိုက်တပ်ပြီး အသက်ရှူဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။ မေ့မေ့ပြီး နှာခေါင်းနဲ့ ရှူဖို့
ကြိုးစားမိလိုက်၊ ရှူလို့မရလိုက်၊ မွန်းပြီးထမတ်တတ်ရပ်မိလိုက်နဲ့၊ ဆံပင်ရှည်သူတွေအဖို့ ဆံပင်တွေ
ရေထဲမကျအောင် တတ်နိုင်သလောက် စုစည်းထားစေလိုပါတယ်။ နှာခေါင်းပေါက်အထိပါ
ရေလေလုံတဲ့မျက်မှန်ကြား ဆံခြည်မျှင်ကတစ်ဆင့် ရေစိမ့်ပြီး ဆားငန်ရေတွေ နှာခေါင်းထဲ
ဝင်တတ်လို့ပါ။

ခရီးစဉ်မှာ လိုက်ပါလာသူတိုင်း ရေအောက်မှာ ပိုက်နဲ့ အသက်ရှူနိုင်ပြီလို့ ယူဆတဲ့ အချိန်မှာတော့
လှေပေါ်ခဏတက်ပြီး ရေနက်တဲ့နေရာကို ရွှေ့လာခဲ့ကြပါတယ်။

ရေကူးတတ်သူ ဖြစ်ပေမဲ့လည်း ရေသေမှာသာ ကူးဖူးသူမို့ ပင်လယ်ရေထဲခုန်ချဖို့ ချီတုံချတုံ
ဖြစ်မိတာကတော့ အမှန်ပါပဲ။

ဒါပေမဲ့ အသက်ကယ်အင်္ကျီ ၀တ်ထားသည်ကတစ်ကြောင်း၊ ဂိုက်တွေက ရေပေါ်မှာ ဖော့ပြားတွေနဲ့
စောင့်နေတာက တစ်ကြောင်းကြောင့် မျက်စိမှိတ်ပြီး ခုန်ချလိုက်တယ်။

ပထမဆုံး ပင်လယ်ရေအေးအေးလေးနဲ့ ရေစီးကြောင်းတွေကို အထိအတွေ့ကတစ်ဆင့်
ခံစားလိုက်မိပါတယ်။

ရေမကူးတတ်သူတွေကိုတော့ ငါးယောက်တစ်စု၊ ဖော့ပြားတစ်ခု၊ ဂိုက်တစ်ယောက်နှုန်းနဲ့
ပင်လယ်ရေပြင်အနှံ့ခေါ်သွားပြီး ဘယ်ငါးက ဘာအမျိုးအစားဖြစ်ကြောင်း၊ ဘာအပင်မျိုးတွေလဲဆိုတာ
ဂိုက်တွေက ရေအောက်ထဲထိ ဆင်းပြီး ရှင်းပြကာ လိုက်ပြခဲ့ပါတယ်။

ရေကူးတတ်သူတွေအဖို့ အားသာတဲ့အချက်ကတော့ ပင်လယ်ထဲ မိမိဘာသာ လွတ်လွတ်လပ်လပ်
ကူးခတ်နိုင်တာပါပဲ။

ဒါပေမဲ့ ဂိုက်တွေဘေးနား ကပ်လိုက်ဖို့လည်း အကြံပေးချင်ပါတယ်။ ကိုယ့်ဘာသာကိုယ်ကြည့်တော့
ငါးဆိုရင်လည်း ဘာငါးမှန်းမသိ၊ အပင်ဆိုလည်း ဘာအပင်မှန်းမသိ ဖြစ်တတ်ပါတယ်။

နာရီဝက်လောက် ရေငုပ်ပြီးနောက်မှာတော့ နေ့လယ်ခင်း ထမင်းစားဖို့ စေတန်ကျွန်းကို
ထွက်လာခဲ့ကြပါတယ်။

ဒီကျွန်းမှာ ထမင်းစားပြီးတစ်နာရီလောက် နားကြမှာဖြစ်တဲ့အတွက် စာရေးသူနဲ့ ခရီးသွားဖော်
သူငယ်ချင်းကတော့ ဒီစေတန်ကျွန်းမှာ မှတ်တမ်းအနေနဲ့ ဓာတ်ပုံ တ၀ရိုက်ခဲ့ကြပါတယ်။

ထမင်းကိုတော့ ကမ်းခြေနဲ့ ၁၇ ပေအကွာလောက်က တဲလေးထဲမှာ ထိုင်းဟင်းလျာနှစ်သက်သူတွေ
အကြိုက်တွေ့ စေနိုင်မယ့် ထိုင်းစာတွေကို ဘူဖေးစနစ်နဲ့ စားရပါတယ်။

ဓာတ်ပုံအပီအပြင်ရိုက်ဖို့ မှန်းထားတဲ့အတွက် ခပ်မြန်မြန် လက်စသတ်ပြီး ကမ်းခြေကို
ဆင်းလာခဲ့ပါတယ်။

အမှိုက်တစ်စက်မှ မရှိတဲ့ကမ်းခြေက သဲဖြူဖြူတွေ၊ ပြာလဲ့လဲ့ပင်လယ်ရေတွေက မြန်မာနိုင်ငံ
ပိုင်နက်ထဲကလို့ သိရပါတယ်။

လမ်းညွှန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ၁၀ နှစ်အတွေ့အကြုံရှိတဲ့ ကိုရဲဇော်က ထိုင်းတွေပိုင်တဲ့
ကျွန်းတွေထက် မြန်မာပိုင်တွေမှာရှိတဲ့ ရေအောက်က သယံဇာတတွေက ပိုပြီးလှပပေမဲ့ ထိုင်းတွေက
ခရီးသွားတွေကို ပိုပြီးဆွဲဆောင်နိုင်တယ်လို့ စာရေးသူတို့ကို ရှင်းပြပါတယ်။

သူထောက်ပြတဲ့ အချက်တွေထဲက တစ်ချက်ကတော့ ထိုင်းတွေက သူတို့ကျွန်းပေါ်မှာ
အရက်ဆိုင် (ဘား) ဖွင့်တယ်ဆိုရင် ဆိုင်အပြင်အဆင်ကို ပင်လယ်ထဲမျောလာတဲ့ ပစ္စည်းလေးတွေနဲ့
သဘာဝကျကျပြင်ဆင်တဲ့ အချိန်မှာ မြန်မာတွေကတော့ အခန်းလုံထဲမှာ အဲကွန်းတပ်ပေးထားပါတယ်။

"ကျွန်းကို လာလည်တဲ့ခရီးသွားရဲ့ အိမ်မှာလည်း အဲကွန်းက ရှိတယ်။ သူတို့ ဘာကြောင့်
ဒီကိုလာသလဲ။ သဘာဝလေ၊ သဘာဝတရားကို ခံစားချင်လို့ပေါ့" လို့ သူကဆိုပါတယ်။

ခဏအကြာမှာတော့ အပေါ်စီးကကြည့်ရင် အသည်းပုံ ပုံပေါ်နေတဲ့ကျွန်းကလေး အသည်းပုံကျွန်း (ခေါ်)
ကြက်မောက်ကျွန်းကို ထွက်ခွာခဲ့ပါတယ်။

ဒီကျွန်းမှာကတော့ ရေအရမ်းတက်နေတာတို့၊ ကျနေတာတို့ဆိုရင် ကျွန်းရဲ့ တစ်ပေါက်တည်းရှိတဲ့
ရေ၀င် ပေါက်ကြီးကတစ်ဆင့် အသည်းပုံရေထဲဝင်လို့ အဆင် မပြေပါဘူး။

စာရေးသူတို့ရောက်သွားချိန်က ရေအရမ်းလည်းမတက် အရမ်းလည်းမကျပေမဲ့ ကျောက်ဆောင်
ဂူပေါက်ကို ဖြတ်ကူးချိန်မှာတော့ ခေါင်းမထောင်ဖို့ ကျောက်ဆောင်အပေါ်နံရံသားကို မကိုင်မိဖို့
(ကျောက်သားမှာ ခရုခွံတွေ ကပ်နေတဲ့အတွက် ရှမှာစိုးလို့) သတိအတော်ထားပြီး ဖြတ်ကူးခဲ့ရပါတယ်။

အသည်းပုံရေရဲ့ အောက်ကြမ်းပြင်ကမ္ဘာကတော့ သိပ်အထူးခြားကြီး မရှိပေမဲ့ နာမည်ကြီးနေတဲ့
အသည်းပုံကျွန်းရေပြင်ကို ကူးခတ်ခဲ့တယ်ဆိုတဲ့အတွေးက စာရေးသူရဲ့စိတ်ကို ကြည်နူးစေခဲ့ပါတယ်။

ရေအောက်ထဲမှာ ဆူးချွန်ပတ်လည်နဲ့ ကိုယ်ထည်ကို တည်ဆောက်ထားတဲ့ အမည်းရောင်
သံပခြုပ်အများအပြားကို တွေ့ခဲ့ရပြီး ရေအောက်က ကျောက်ဆောင်ကြီးတွေပေါ် ခြေထောက်
မထောက်ဖို့ ဂိုက်တွေက သတိပေးပါတယ်။ (နှစ်ပေါင်းများစွာကြာမှ ဖြစ်တည်လာတဲ့
ကျောက်သားကျောက်ဆောင်တွေ ပဲ့ထွက်သွားမှာ မလိုလားတဲ့အတွက်လို့ သိရပါတယ်။)

တချို့နေရာတွေကတော့ ပေ၂၀ လောက် နက်တယ်လို့ ဂိုက်တွေက ဆိုပါတယ်။ ပြန်အထွက်မှာလည်း
သတိထားပြန်ထွက်ပြီး သွားခဲ့ ပြီးတဲ့ကျွန်းတွေကထက် ရေအောက်ရှုခင်းအလှဆုံးဆိုတဲ့
နောက်ဆုံးကျွန်းဖြစ်တဲ့ ဇာဒက်ကြီးဆီကို လှမ်းလာခဲ့ပါတော့တယ်။

အဲဒီအချိန်မှာတော့ ပင်လယ်ရေထဲ ဆင်းကူးလိုက် speed boat ရဲ့လှေဦးထိပ်နေပူပူမှာ
ပင်လယ် ရှုခင်းတွေကြည့်လိုက် ပင်လယ်လေမိလိုက်ဖြစ်နေတဲ့ စာရေးသူရဲ့ အသားအရောင်ကတော့
အညိုရင့်ရောင်ဘက်သို့ သန်းလို့လာခဲ့ပါပြီ။

တခြားကျွန်းတွေ သွားတုန်းကထက် ရေအနည်းငယ် ပိုကျနေလို့လားတော့ မသိ၊
ပင်လယ်ရေအောက်ထဲက မှိုပွင့်အကြီးကြီးတွေ၊ ကျောက်ဆောင်တွေ၊ သံပခြုပ်ကြီးတွေ၊
ကာတွန်းကားထဲမှာပဲ တွေ့ဖူးခဲ့တဲ့ နီမိုငါးကလေးတွေ၊ တခြားပင်လယ်ငါးတွေကို အစုလိုက်အပြုံလိုက်
တွေ့လိုက်ရတဲ့အတွက် အံ့ဩလို့မဆုံးနိုင်ပါဘူး။

အဲဒီ ကျွန်းက ကမ်းခြေပေါ် တက်ခွင့်ပြုမထားဘဲ ရေငုပ်ဖို့သာ ခွင့်ပြုထားပါတယ်။

သဘာဝအလှတရားတွေထဲ နစ်မြုပ်နေချိန်မှာ ပြန်ရတော့မယ်ဆိုတော့လည်း နီမိုငါးကလေးတွေကို
နောက်တစ်ခါ ဆက်ဆက်လာပါ့မယ်လို့ နှုတ်ဆက်ပြီး ပြန်လှည့်ခဲ့ကြရတော့တယ်။

နောက်ဆုံး စတင်ထွက်ခွာရာ သူဌေးကျွန်းကို ပြန်ဆိုက်ရောက်လာပြီး ကျွန်းမှာရှိတဲ့ တောင်ပေါ်က
တစ်ခုတည်းသော ဟိုတယ်ဆီသို့ ကြိုပို့ကားနဲ့ သွားခဲ့ကြပါတယ်။

ဟိုတယ်မှာ ရေကူး၊ ချွေးထုတ်ခန်းဝင်၊ gym ဆော့၊ ရေချိုး၊ (ထိုင်းဟင်းလျာ) ညစာဘူဖေးစားတာ
တွေက ခရီးစဉ်ထဲမှာ ပါပြီးသားတွေပါ။

ဟိုတယ်ကနေ စာရေးသူတို့တည်းတဲ့ ကော့သောင်းဘက်နဲ့ ထိုင်းနိုင်ငံ ရနောင်းဘက်ကို
ကြို၊ပို့သင်္ဘောလေးတွေက ည ၁၁ နာရီအထိ အခေါက်ခေါက်အခါခါ ပြေးဆွဲပေးနေတဲ့အတွက်
စာရေးသူတို့လည်း သူဌေးကျွန်းဟိုတယ်မှာ အေးအေးဆေးဆေး လည်ပတ်စားသောက်ပြီး
နောက်ဆုံးသင်္ဘောလေးနဲ့ ဒီဘက်ကမ်းကို ပြန်ကူးလာခဲ့ပါတယ်။ (မြန်မာပိုင်ဖြစ်သော်လည်း
ဘတ်ငွေသာ အသုံးပြုပါတယ်။ ဧည့်ကြိုကောင်တာမှာ ငွေလဲအသုံး ပြုနိုင်ပါတယ်။)

ကျွန်းလေးကျွန်း နေ့ချင်းပြန် (ကော့သောင်းအထိ) ခရီးစဉ်အတွက် ဘတ် ၄,၀၀၀ (သို့) မြန်မာငွေ
ကျပ် ၁၆၀,၀၀၀ (ယနေ့ပေါက်ဈေး တစ်ဘတ်ကို မြန်မာကျပ် ၄၀ ဖြင့် တွက်သည်) ကျသင့်ပြီး
တန်တယ်လို့လည်း ခံစားခဲ့ရပါတယ်။

ကျွန်းတွေကို သွားဖို့ နေကာမျက်မှန်၊ ဦးထုပ်၊ နေကာခရင်မ်၊ ရေကူးဝတ်စုံ (သို့) ရေထဲဆင်းဖို့
ပေါ့ပေါ့ပါးပါးဝတ်စုံ၊ ရေချိုးပြီးရင်လဲဖို့ အပိုဝတ်စုံတစ်စုံနဲ့ ရေအောက်ထဲရိုက်တဲ့ ကင်မရာ မဖြစ်မနေ
ယူသွားဖို့ အကြံပြုလိုက်ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။