ရုံးပိတ်ရက်ရှည်မှာ ပျော်ပျော် ပါးပါးသွားနိုင်မယ့် ခရီးစဉ်များ

သင်္ကြန်ပွဲတော်မှာ အပြည့်အ၀ ပါဝင်ဆင်နွှဲပြီး ကျန်နေသေးတဲ့ ပိတ်ရက်တွေမှာ ခရီးသွားမယ့်
သူတွေက အများအပြားဖြစ်ပြီး ပြည်တွင်းရော၊ ပြည်ပရော အစီအစဉ်ဆွဲထားနိုင်ကြပါတယ်။

သင်္ကြန်အားလပ်ရက် ပြည်တွင်းခရီးစဉ် တွေထဲကမှ အများစု စိတ်ဝင်စားနေကြတာကတော့
တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလောခရီးစဉ်၊ပုဂံ (စွယ်တော်လေးဆူ)၊ ပုပ္ပားခရီးစဉ်၊
မန္တလေး-ပြင်ဦးလွင်-စစ်ကိုင်း-မုံရွာ-အလောင်းတော်ကဿပခရီးစဉ်၊ ပုဂံ (စွယ်တော်လေးဆူ)
ပုပ္ပား-ပခုက္ကူခရီးစဉ်၊ ရွှေစက်တော်-ပုဂံ (စွယ်တော်လေးဆူ) ပုပ္ပားခရီးစဉ်၊ တောင်ကြီး-အင်းလေး
ပင်းတယ-ကလော-လွိုင်ကော်ခရီးစဉ် စတဲ့ ခရီးစဉ်တွေပဲ ဖြစ်ပါတယ်။

အဲဒီခရီးစဉ်တွေက ခရီးစဉ်တစ်ခုစီအလိုက် နေရာစုံပါပြီး ကြိုက်နှစ်သက်တဲ့ဒေသ အများစုပါတဲ့
ခရီးစဉ်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

တချို့ခရီးစဉ်က သုံးညအိပ် လေးရက်ခရီးဖြစ်သလို တချို့ခရီးစဉ်က လေးညအိပ် ငါးရက်၊ ငါးညအိပ်
ခြောက်ရက်၊ ခြောက်ညအိပ် ခုနစ်ရက်ဆိုပြီး ရွေးချယ်တဲ့ခရီးစဉ် ဒေသအနည်းအများအပေါ်
ရက်ကွာခြားသွားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေ အနေနဲ့လည်း ရွေးချယ်တဲ့အပေါ်မူတည်ပြီး တစ်ဦးကို အနည်းဆုံး ကျပ်တစ်သိန်းကျော်က
စလို့ ကျပ်နှစ်သိန်းကနေ သုံးသိန်းကြား ကုန်ကျမှာဖြစ်ပါတယ်။

အဲဒီခရီးစဉ်တွေက ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အတွင်း စီစဉ်ထားတာတွေ ပါဝင်ပါတယ်။

ပြည်ပခရီးသွားလိုသူတွေ လတ်တလော စိတ်ဝင်စားနေတာကတော့ ဗီယက်နမ်၊ ဗုဒ္ဓဂယာ၊
မော်လ်ဒိုက်ကမ်းခြေ၊ ဖူးခက်ကမ်းခြေ၊ ဘာလီကျွန်းတို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဂယာဘုရားဖူးမယ့် သူတွေအတွက် သံဝေဇနိယ လေးဌာန၊ အ၀ိဇဟိတ သုံးဌာန၊
ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီ၊ ပတ္တနား၊ ရှင်သာရိပုတ္တရာစေတီရှိရာ နာလန္ဒာတက္ကသိုလ်၊
ရာဇဂြိုဟ်၊ ဥရုဝေလတော စတဲ့နေရာတွေကို သွားရောက်မယ်ဆိုရင် ခုနစ်ညအိပ် ရှစ်ရက်ခရီးနဲ့
သွားရောက်နိုင်မှာဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျငွေ မြန်မာကျပ် ဆယ်သိန်း ၀န်းကျင်လောက်
ရှိနိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံ သွားမယ့်သူတွေအတွက် ဟနွိုင်း၊ ဟလောင်းဘေး၊ နမ်ဘင်းခရီးစဉ်နဲ့
ဗီယက်နမ်တောင်ပိုင်းက ဟိုချီမင်း၊ မိုနဲ (Mui Ne) သဲကန္တရနဲ့ ကမ်းခြေခရီးစဉ်တွေကို
သွားရောက်နိုင်မှာဖြစ်ပြီး လေးညအိပ် ငါးရက်ခရီး သွားရောက်နိုင်မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်က
ဒေါ်လာသုံးရာကနေ ငါးရာကြား ရှိနိုင်ပါတယ်။

မော်လ်ဒိုက်ကမ်းခြေကတော့ ပင်လယ်ပြာပြာရယ်၊ ကျောက်တန်းတွေရယ်၊ အဖြူရောင်
သဲသောင်ပြင်တွေရယ်နဲ့ ထန်းပင်တွေရယ်က ကမ်းခြေရဲ့ အလှအပတရားတွေအဖြစ်
အဓိကဆွဲဆောင်နေပါတယ်။ အားလပ်ရက်ရှည် ရတဲ့အတွက် ကမ်းခြေမှာ အနားယူပြီး
ဒေသခံတွေရဲ့နေထိုင်မှုတွေနဲ့ သဘာဝတရားတွေကို လေ့လာဖို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ရာနဲ့ထောင်နဲ့ ချီတဲ့ငါးတွေကို သန္တာကျောက်တန်းပတ်လည်မှာ တွေ့မြင်ရမှာဖြစ်ပြီး ပေအနည်းငယ်
အကွာဝေးကနေ မြင်နိုင်တာဖြစ်လို့ အလွန်ပဲ နှစ်သက်စရာကောင်းပါတယ်။ မော်လ်ဒိုက်ကျွန်းကို
သွားရောက်လည်ပတ်မယ်ဆိုရင် တစ်ယောက်ကို ခန့်မှန်းခြေကုန်ကျမှာက အမေရိကန်ဒေါ်လာ
၁,၈၀၀ က နေ ၂,၅၀၀ ကြား ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖူးခက်ကမ်းခြေကတော့ လူကြိုက်များပြီး သွားရောက်လည်ပတ်တဲ့သူလည်း များပါတယ်။
လည်ပတ်သူ တွေများပေမဲ့ ကမ်းခြေရဲ့သဘာဝအလှအပ ပျက်စီးသွားခြင်း မရှိအောင်
ထိန်းသိမ်းထားနိုင်ပါတယ်။ ကတာကမ်းခြေဟာလည်း ဖူးခက်ရဲ့ကျွန်းတစ်ကျွန်းအဖြစ်
တည်ရှိနေပါတယ်။ အရိပ်ရတဲ့ အပင်တွေအောက်မှာ အနားယူနိုင်တဲ့ ကမ်းခြေတစ်ခုလည်း
ဖြစ်ပါတယ်။ ဖူးခက်ကမ်းခြေကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ တစ်ယောက်ကို
အမေရိကန်ဒေါ်လာ ၈၀၀ ကနေ ၁,၅၀၀ ကြား ကုန်ကျ မှာဖြစ်ပါတယ်။

ဘာလီကျွန်းကတော့ လှပစိုပြည်တဲ့ ကျွန်းတွေနဲ့ ၀န်းရံထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဘာလီမှာ
သဲအဖြူ၊ သဲအမည်းရောင်တွေကို တွေ့ရှိနိုင်မှာဖြစ်ပြီး ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေနဲ့အတူ
ရေကစားနိုင်မှာဖြစ်ပါတယ်။ ကူတာဆိုတဲ့ ကမ်းခြေက ဘာလီကျွန်းရဲ့ အကောင်းဆုံးကမ်းခြေတစ်ခုပါ။
ညဘက် ကူတာကမ်းခြေပါတီတွေလည်း ရှိနေတတ်ပါတယ်။ ဘာလီကျွန်းကို သွားရောက်
လည်ပတ်ချင်တယ်ဆိုရင် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၇၀၀ ကနေ ၁,၅၀၀ ကြား
ကုန်ကျမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား