ဟဲဟိုးက ရေပြာအိုင် (သို့) အင်းခေါင်းရေထွက်

ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ်အတွင်းရှိ အင်းခေါင်းရေပြာအိုင်။ အိအိသူ / မြန်မာတိုင်း(မ်)ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ်အတွင်းရှိ အင်းခေါင်းရေပြာအိုင်။ အိအိသူ / မြန်မာတိုင်း(မ်)

ဟဲဟိုးမြို့လေးက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေကြား ထင်ရှားကျော်ကြားတဲ့အင်းလေးကန်
နဲ့ ခြေလျင်တောင်တက်ခရီးစဉ်နဲ့ လူသိများတဲ့ ကလောမြို့အကြားတည်ရှိပေမဲ့ ခရီးသွားတွေအတွက်
လည်ပတ်စရာနေရာ သိပ်မများတာမို့ ကွက်ကျော်မြို့လေးလို ဖြစ်နေပါတယ်။

တကယ်က အသီးအနှံမျိုးစုံနဲ့ ပန်းပေါင်းစုံထွက်ရှိတဲ့ ဟဲဟိုးမှာ သွားရောက်လေ့လာသင့်တဲ့နေရာ
များစွာရှိပါတယ်။ ထိုအထဲမှာ အင်းခေါင်းရေထွက်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အင်းခေါင်းရွာ
အနီးမှာတည်ရှိတဲ့ အင်းခေါင်းရေထွက်ကနေထွက်ရှိတဲ့ ကြည်လင်စိမ်းမြနေတဲ့ မြေအောက်ရေတွေက
အင်းခေါင်းဆည်ထဲကို တိုက်ရိုက်ရောက်ပါတယ်။

အင်းခေါင်းဆည်ကနေ ဟဲဟိုးတစ်မြို့လုံး သောက်သုံးရေနဲ့စိုက်ပျိုးမြေဧက ၃,ဝဝဝ ကျော်အတွက်
လုံလောက်တဲ့ရေပမာဏကို တစ်နှစ်ပတ်လုံး ဖြန့်ဖြူးပေးပါတယ်။ စိမ်းစိုအုပ်ဆိုင်းတဲ့ သစ်ပင်ကြီးတွေ
အုပ်မိုးထားတဲ့ ရေကန်လေးရဲ့နက်ရှိုင်းတဲ့ မြေအောက်ကနေ အဆက်မပြတ်ထွက်ရှိနေတဲ့ မြေအောက်
ရေတွေက အင်းခေါင်းဆည်ရေ အမြဲပြည့်နေစေပါတယ်။

ရေကန်အတွင်း ကူးခပ်သွားလာနေတဲ့ ငါးကလေးတွေသာမက အောက်ခြေအထိ အတိုင်းသားမြင်နေ
ရပါတယ်။ စိတ်မကောင်းစရာအနေနဲ့ကတော့ ဝင်ရောက်လေ့လာတဲ့ ခရီးသွားများက စွန့်ပစ်ထားတဲ့
အမှိုက်အချို့ကို ကန်ပေါင်နားဝန်းကျင်နဲ့ ရေကန်ထဲအထိ မြင်တွေ့ခဲ့ရပါတယ်။ ကန်ပေါင်အနီးမှာ
ဒေသခံတွေရဲ့ယုံကြည်မှုအရ ဆောက်လုပ်ပူဇော်ထားတဲ့ နတ်ကွန်းသုံးခုခန့် ရှိပါတယ်။ အဲဒီနတ်ကွန်း
တွေမှာ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ ထွန်းညှိပူဇော်မယ်ဆိုရင် ကြီးမားတဲ့ငါးကြီးတွေ ကန်အတွင်းပေါ်
လာတတ်တယ်လို့ အနီးနားက ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒါပေမဲ့ ရေကန်အတွင်း ငါးဖမ်းခြင်းနဲ့ရေကူးခြင်းကိုတော့ တားမြစ်ထားပါတယ်။ အင်းခေါင်းရေထွက်မှာ
စိတ်ကြိုက်လေ့လာပြီးပြီဆိုရင် ရေကစားချင်တဲ့ခရီးသွားများအတွက် အင်းခေါင်းဆည်မှာ ရေကူးလို့ရပါ
သေးတယ်။ ဆည်ရေလွှဲကနေ တဝေါဝေါနဲ့ ထွက်ကျလာတဲ့ရေတွေက ရေတံခွန်ငယ်လေးသဖွယ်ဖြစ်
နေပြီး ရေလွှာလျှောစီးနေကျတဲ့ ခရီးသွားတွေလည်းရှိပါတယ်။ အထူးသဖြင့် ပွဲတော်ရက်များဖြစ်တဲ့
သင်္ကြန်ရက်အတွင်း လာရောက်ရေကစားသူတွေနဲ့ စည်းကားလှတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေကစားပြီးလို့မောသွားရင် အနားယူရင်း စားသောက်နိုင်တဲ့ အကြော်ဆိုင်လေးတွေ အင်းခေါင်းဆည်
အနီးမှာပဲရှိပါတယ်။

ဒေသထွက်ခေါင်ရည်နဲ့ အင်းခေါင်းဆည်ထဲကရရှိတဲ့ ပုစွန်ကြော်၊ ကဏန်းကြော်နဲ့ ခရုစွပ်ပြုတ်တို့ကို
စားသောက်ရင်း လေတဖြူးဖြူးနဲ့ အပန်းဖြေလို့ရပါသေးတယ်။ အဲဒီမှာလည်း ကြည်လင်တဲ့ဆည်ရေကို
အရုပ်ဆိုးအကျည်းတန်စေတာကတော့ ဆည်မြောင်းတစ်လျှောက် ပြန့်ကျဲနေတဲ့ စွန့်ပစ်အမှိုက်တွေပဲ
ဖြစ်ပါတယ်။ ပလတ်စတစ် အမှိုက်များအပြင် အဝတ်စတွေပါ မြောင်းထဲပစ်ချထားတာကို
စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါတယ်။

အင်းခေါင်းရေထွက်နဲ့ အင်းခေါင်းဆည်က အနီးအနားက ဒေသခံပြည်သူတွေလာရောက်အပန်းဖြေ
ရာနေရာဖြစ်ရုံသာမက ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများစွာရှိတဲ့နေရာ
လည်းဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်တောင်ပိုင်း ရွာငံမှာရှိတဲ့ ရေပြာအိုင်နီးနီး စိမ်းပြာနေတဲ့၊
တစ်မြို့လုံး ရေပေးဝေရေးအတွက် အရေးပါလှတဲ့ အင်းခေါင်းရေထွက်နဲ့ အင်းခေါင်းဆည်ကို
ထိန်းသိမ်းရေးလုပ်ငန်းတွေ စတင်အကောင်ထည်ဖော် ဆောင်ရွက်သင့်နေပါပြီ။

ဒါ့ပြင် ချမ်းအေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်စွာ ရေပူစမ်းအပန်းဖြေစခန်းလည်းရှိပါသေးတယ်။ ရေပယ်ရွာ
အကျော်က သဘာဝအတိုင်းထွက်ရှိနေတဲ့ ရေပူစမ်းမှာ ရေပူစိမ်လို့ရပါတယ်။ အငွေ့တထောင်းထောင်း
ထနေတဲ့ ရေပူစမ်းက ကြက်ဥတစ်လုံးကျက်တဲ့အထိ အပူချိန်ရှိပါတယ်။ ရေပူစမ်းမှာ ရေချိုးပြီးရင်
ဈေးဆိုင်ခန်းလေးတွေမှာ ဒေသစာလေးတွေရဲ့အရသာကို မြည်းစမ်းကြည့်နိုင်ပါတယ်။

ရေပူအပန်းဖြေစခန်းက အင်းလေးကန်အသွားလမ်းဘေးနေရာမှာတည်ရှိတာမို့ အင်းလေးကန်သွားရင်း
အပြန်ခရီးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါ့ပြင် ရှမ်းပြည်တောင်ပိုင်းရဲ့ နာမည်ကြီး ငါးရက်တစ်ဈေး
ဖြစ်တဲ့ဟဲဟိုးဈေးနေ့နဲ့ ကြုံကြိုက်မယ်ဆိုရင် အနယ်နယ်အရပ်ရပ်က လာရောက်ရောင်းချတဲ့ ဒေသထွက်
အသီးနှံ၊ ပန်းမျိုးစုံ၊ အစားအသောက်နဲ့ သားငါးဈေးတန်းစတာတွေကို ဝင်ရောက်လေ့လာနိုင်ပါသေး
တယ်။ ဟဲဟိုးမြို့ကို ကားလမ်းနဲ့သာမက လေကြောင်းလိုင်း၊ ရထားလမ်းနဲ့လည်း အလွယ်တကူသွား
ရောက်နိုင်တာမို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့မြို့လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား