နီပေါမှာ ခုနစ်ရက်တာ

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့ကို အပေါ်စီးက တွေ့မြင်ရစဉ်။ မြတ်ငြိမ်းအေး/ မြန်မာတိုင်း(မ်)နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့ကို အပေါ်စီးက တွေ့မြင်ရစဉ်။ မြတ်ငြိမ်းအေး/ မြန်မာတိုင်း(မ်)

ဧဝရက်တောင်၊ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ သဘာဝ အလှအပတွေနဲ့
နာမည်ကျော်ကြားလှတဲ့ နီပေါနိုင်ငံကို မတ်လလယ်ပိုင်းက တစ်ပတ်ကြာ ရောက်ဖြစ် ခဲ့ပါတယ်။
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့နဲ့ ရန်ကုန်မြို့ကို တစ်ပတ်မှာတစ်ရက် တိုက်ရိုက်ပြေးဆွဲမယ့်
Himalaya လေကြောင်းလိုင်းကို ဖေဖော်ဝါရီလအတွင်း စတင်ပြေးဆွဲခဲ့ပါတယ်။ Himalaya
လေကြောင်းလိုင်းနဲ့ နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (Nepal Tourism Board) တို့ပူးပေါင်းပြီး
မြန်မာနိုင်ငံက သတင်းမီဒီယာနဲ့ ခရီးသွားဘလော့ဂါတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

အရင်က နီပေါနိုင်ငံဟာ မြန်မာနိုင်ငံကနေခရီးအရောက်အပေါက်နည်းခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး
ခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ် မရှိလှပါဘူး။ အဓိကအကြောင်းရင်းတစ်ခုကတော့
မြန်မာနိုင်ငံကနေ နီပေါနိုင်ငံကို တိုက်ရိုက်လေကြောင်းလိုင်း မရှိတဲ့အတွက် ဖြစ်ပါတယ်။
လူအများစုက ဗုဒ္ဓဂယာကို ဘုရားဖူးသွားရင်း ဘုရားပွင့်တော်မူရာ နီပေါနိုင်ငံ လုမ္ဗိနီဒေသကို
ကုန်းလမ်းခရီးနဲ့ သွားကြတာပဲရှိပါတယ်။

တကယ်တမ်းဆို နီပေါနိုင်ငံက သာယာလှပပြီး ခရီးသွားနေရာတွေ အများအပြားရှိတဲ့ နိုင်ငံပါ။
ထူးခြားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်သလို ရှေးကျတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို
မြင်တွေ့နိုင်မယ့်အပြင် အပန်းဖြေအနားယူနိုင်တဲ့ နေရာတွေလည်း အများအပြားရှိပါတယ်။
အထူးခြားဆုံးကတော့ ကမ္ဘာ့အမြင့်ဆုံး ဟိမဝန္တာတောင်တန်းတွေဖြစ်ပြီး နှင်းတွေ ဖုံးလွှမ်းနေတဲ့
ဟိမဝန္တာ ရေခဲတောင်တန်းတွေ ဝန်းရံထားတဲ့ ရှုခင်းသာယာတဲ့မြို့တွေကို
သွားရောက်လည်ပတ်နိုင်ပါတယ်။

ခတ္တမန္ဒူမြို့ဟာ ဟိမဝန္တာတောင်တန်းတွေကနေ နိမ့်ဆင်းလာတဲ့ တောင်တန်းတွေကြား
ကုန်းမြင့်ချိုင့်ဝှမ်းထဲမှာ တည်ရှိပါတယ်။ အေးမြတဲ့ရာသီဥတုရှိပေမဲ့ ဖုန်ထူပါတယ်။
တောင်ကြားလမ်းတွေဖြစ်ပြီး အတက်အဆင်းတွေ များလှပါတယ်။ ခတ္တမန္ဒူက
နီပေါနိုင်ငံရဲ့မြို့တော်ဖြစ်ပေမဲ့ မြို့ပြပုံစံက ခေတ်မီအဆောက်အအုံတွေ နည်းပါတယ်။
ငလျင်ကြောပေါ်မှာ တည်ရှိတဲ့မြို့ဖြစ်တဲ့အတွက် အဆောက်အအုံတွေကို ခပ်နိမ့်နိမ့်
ဆောက်ထားပါတယ်။ ဆေးရောင်စုံသုတ်ထားတဲ့ အဆောက်အအုံတွေက လာရောက်
လည်ပတ်သူတွေကို ဆွဲဆောင်နေပါတယ်။

ခတ္တမန္ဒူမြို့ကိုရောက်ပြီး ခရီးစဉ် ပထမဆုံးရက် မနက်ပိုင်းမှာတေ့ ပသျှူးပသီနတ်လို့
နာမည်ခေါ်တဲ့ ဟိန္ဒူဘုရားကျောင်းကို ရောက်ခဲ့ပါတယ်။ အဲဒီဘုရားကျောင်းဟာ
ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာဖြစ်သလို ဟိန္ဒူဘာသာဝင်တွေ
သေဆုံးတဲ့အခါ မီးသင်္ဂြိုဟ်ကြတဲ့နေရာ ဖြစ်ပါတယ်။ ပသျှူးပသီနတ်ဘုရားကျောင်းဟာ
ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တဲ့ ရှီဝနတ်ကျောင်းတော်ဖြစ်ပြီး ၁၅ ရာစုနှစ်ကတည်းက
တည်ဆောက်ထားတဲ့ ရှေးအကျဆုံး ဘုရားကျောင်းဖြစ်ပါတယ်။

ပသျှူးပသီနတ် ဟိန္ဒူဘုရားကျောင်းကိုရောက်တဲ့အခါ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊
ဘာသာရေးနဲ့ လူ့အဖွဲအစည်းကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်သလို နီပေါနိုင်ငံရဲ့
တန်ဖိုးထားထိန်းသိမ်းတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတွေကိုလည်း တစ်ပြိုင်တည်း
တွေ့ရမှာပါ။

ဘုရားကျောင်းကို ဘုရားရှိခိုးဖို့လာရောက်တဲ့သူတွေရှိသလို အသုဘပို့ မီးသင်္ဂြိုဟ်ဖို့
လာတဲ့သူတွေနဲ့ တခြားနိုင်ငံက သွားရောက်လည်ပတ်တဲ့သူတွေကိုလည်း တွေ့မြင်ရပါတယ်။
ဟိန္ဒူလူမျိုးတွေကိုးကွယ်တဲ့ ဆာဒူးတွေ ကိုလည်း အဲဒီဘုရားကျောင်းမှာ တွေ့နိုင်ပြီး
ခရီးသွားတွေက သူတို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ချင်ရင်တော့ အလှူငွေပေးရပါတယ်။

ပသျှူးပသီနတ်ဘုရားကျောင်းမှာ နေ့တစ်ဝက်ခန့် လည်ပတ်ပြီးတော့ ဗုဒ္ဓနတ် (Buddhanat)
လို့ခေါ်တဲ့ စေတီပုထိုးဆီ သွားခဲ့ပါတယ်။ အဲဒီစေတီပုထိုးဟာ ဗုဒ္ဓဘာသာစေတီပုထိုးဖြစ်ပြီး
နီပေါနိုင်ငံရဲ့ အကြီးဆုံးစေတီပုထိုးတစ်ဆူဖြစ်ပါတယ်။ စေတီကတော့ မြန်မာနိုင်ငံက
ဘုရားစေတီတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အနည်းငယ် ကွဲပြားပါတယ်။ နီပေါနိုင်ငံမှာ
ဗုဒ္ဓမျက်လုံးလို့ ခေါ်ဝေါ်သတ်မှတ်ကြတဲ့ မျက်လုံးပုံရုပ်ပုံကို စေတီရဲ့ အပေါ်ဆင့်
လေးထောင့်ကျောက်တုံးပေါ်မှာ လေးဖက်လေးတန် ရေးဆွဲထားတာဖြစ်ပါတယ်။

ဗုဒ္ဓမျက်လုံးဟာလည်း နီပေါနိုင်ငံရဲ့ဘာသာရေးအမှတ်သင်္ကေတတစ်ခုဖြစ်ပြီးနေရာ
အနှံ့အပြားမှာ အဲဒီအမှတ်အသားကို လွယ်လွယ်ကူကူ တွေ့မြင်နိုင်ပါတယ်။ ဗုဒ္ဓနတ်စေတီမှာ
တိဗက်၊ ဘူတန်နဲ့ အိမ်နီးချင်း ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့ နိုင်ငံတွေက ဘုရားဖူးတွေကို
အများအပြားတွေ့ရပါတယ်။

နီပေါနိုင်ငံ ပိုခါရာမြို့မှ ဟိမဝန္တာတောင်တန်းများကို တွေ့မြင်ရစဉ်။ မြတ်ငြိမ်းအေး / မြန်မာတိုင်း(မ်)နီပေါနိုင်ငံ ပိုခါရာမြို့မှ ဟိမဝန္တာတောင်တန်းများကို တွေ့မြင်ရစဉ်။ မြတ်ငြိမ်းအေး / မြန်မာတိုင်း(မ်)

ညနေမှာတော့ တောင်ကုန်းပေါ်မှာရှိတဲ့ ဆွာယန်ဘူနတ် (Swayambhunath) လို့ နာမည်ပေး
ထားပေမဲ့ Monkey Temple လို့ လူသိများတဲ့စေတီကို ရောက်ခဲ့ပါတယ်။ အဲဒီစေတီရဲ့ပုံစံက
လည်း ဗုဒ္ဓနတ်စေတီလိုဖြစ်ပြီး တောင်ကုန်းပေါ်မှာရှိတဲ့အတွက် ခတ္တမန္ဒူမြို့ကို အပေါ်စီး
ကနေလှမ်းမြင်ရတဲ့ ရှုခင်းက ခရီးသွားတွေကို ဖမ်းစားနိုင်ပါတယ်။ စေတီတည်ထားတဲ့
တောင်ကုန်းပေါ်ကို ကားနဲ့လည်းတက်နိုင်သလို လှေကားထစ်တွေနဲ့လည်းတက်နိုင်အောင်
ပြုလုပ်ပေးထားပါတယ်။

ပထမရက်မှာ ခတ္တမန္ဒူမြို့က ရှေးဟောင်း ဘုရားကျောင်းတွေ၊ စေတီပုထိုးတွေကို
လည်ပတ်ပြီး ဒုတိယနေ့ မနက်မှာတော့ ခတ္တမန္ဒူကနေ တစ်နာရီကျော် ကားစီးရတဲ့ ချန်ဒရာ
ဂီရိတောင်တန်းက တောင်ထိပ်ပေါ်ကို Cable Car နဲ့တက်ပြီး တောင်ပေါ်မြင်ကွင်းတွေကို
ကြည့်ရှုရပါတယ်။

ချန်ဒရာဂီရိတောင်ထိပ်ရောက်တဲ့အခါ ပတ်ပတ်လည်ဝန်းရံနေတဲ့ ဟိမဝန္တာတောင်တန်း
တွေရဲ့ရေခဲဖုံးနေတဲ့ တောင်ထိပ်ဖွေးဖွေးတွေကို မြင်ရမှာပါ။ ဒါပေမဲ့ စာရေးသူတို့အဖွဲ့
တောင်ထိပ်ပေါ်ရောက်တဲ့အချိန်မှာ မြူတွေဖုံးနေတဲ့အတွက် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ
မမြင်ခဲ့ရပါဘူး။ နောက်ပြီး တောင်ထိပ်ပေါ်မှာ ဟိန္ဒူဘုရားကျောင်းလည်းရှိတဲ့အတွက်
ဘုရားဝတ်ပြုလို့ရနိုင်ပြီး အမြင့်ပေ မီတာ ၂,ဝဝဝ ကျော်တဲ့ ခပ်မတ်မတ်တောင်ထိပ်ကို
Cable Car နဲ့တက်ရတဲ့ အတွေ့အကြုံလည်းရပါတယ်။

ချန်ဒရာဂီရိတောင်ထိပ်ကနေ ပြန်ဆင်းလာပြီးတဲ့နောက်မှာတော့ ပိုခါရာဆိုတဲ့ မြို့လေးကို
ကားလမ်းနဲ့ခရီးဆက်တာ ညနေအတော်စောင်းမှ ရောက်သွားပါတယ်။ ပိုခါရာမြို့လေးကို
ရောက်သွားတဲ့အခါမှာ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးရဲ့ အငွေ့အသက်တွေကို ခံစားစေမိ
ပါတယ်။ ရာသီဥတုအေးစိမ့်ပြီး တောင်တန်းတွေဝန်းရံထားတဲ့ မြို့လေးက သပ်ရပ်လှပပြီး
ခရီးသွားဧည့်သည်တွေ လည်ပတ်စားသောက်နိုင်တဲ့ စားသောက်ဆိုင်တန်းတွေ၊ ဈေးဆိုင်
တန်းတွေ ရှိပါတယ်။ ပြီးတော့ Phewa Lake ဆိုတဲ့ ရေကန်ကျယ်ကြီးလည်းရှိပြီး မြို့လေးကို
ရေကန်ကြီးဘေးမှာ တည်ထားတဲ့အတွက် မြို့လေးက တောင်တန်းတွေရယ်၊ ရေကန်
ကျယ်ကြီးရယ်နဲ့ စိတ်ကူးယဉ်ဆန်ဆန် လှပနေပါတယ်။

ပိုခါရာမြို့ကိုရောက်တော့ Raniban  တောင်ထိပ်က Raniban Retreat  မှာ တစ်ညအိပ်
အနားယူရပါတယ်။ အဲဒီကနေ မနက်နေထွက်ချိန်ကို ကြည့်နိုင်ပြီး ပတ်ပတ်လည် ဝန်းရံ
ထားတဲ့ ဟိမဝန္တာတောင်တန်းတွေကို တွေ့မြင်ရပါတယ်။ အဲဒီက နီပေါအစားအစာ
ကလည်း အရမ်းကိုကောင်းပါတယ်။

တတိယမြောက်နေ့မှာတော့ စောစောထပြီး ပိုခါရာရဲ့ နေထွက်ချိန်ကို ကြည့်ကြပေမဲ့လည်း
ကံမကောင်းစွာဘဲ မြူတွေဆိုင်းလို့ နေထွက်ချိန်ရှုခင်းကို သေသေချာချာ မခံစားလိုက်ရ
ပါဘူး။ နေနည်းနည်းမြင့်လာတဲ့အခါမှာတော့ တောင်တန်းတွေကြားက ပိုခါရာမြို့လေးပေါ်
ဖြာကျတဲ့ နေရောင်ခြည်တွေနဲ့ မြင်ကွင်းက ရင်သပ်ရှုမောစေပါတယ်။ ရေခဲတောင်ထိပ်ကို
လှမ်းမြင်ရတဲ့ မြင်ကွင်းက ဒီမြို့လေးကို ရောက်လာစေတဲ့သူကို စိတ်ကျေနပ်ချမ်းသာမှုကို
ရရှိစေမှာပါ။ ရေခဲတောင်ကို မြင်ရခဲတဲ့ သူတွေအတွက်တော့ နီပေါနိုင်ငံက ပိုခါရာမြို့လေး
ကိုတော့ ရောက်အောင်သွားစေချင်ပါတယ်။

လှပတဲ့မြင်ကွင်းတွေကို ရှုမဝကြည့်နေရင်းနဲ့ပဲ နေ့လယ်မှာတော့ Phewa ရေကန်ကြီးထဲကို
ခြေထောက်နဲ့ နင်းလှော်ရတဲ့ လှေလေးတွေနဲ့ ပတ်ကြည့်ရပါတယ်။ တောင်အမြင့်ကြီးတွေ
ကာထားတဲ့အလယ်က ရေကန်ကြီးရဲ့ ရေတွေက အစိမ်းရောင်သန်းနေပြီး ရေကန်ကို
ဖြတ်လာတဲ့လေကလည်း လတ်ဆတ်လို့ သဘာဝဆန်တဲ့ အထိအတွေ့ကို ခံစားရမှာပါ။

နောက်ပြီး ပိုခါရာမြို့မှာက ခရီးသွားတွေကို ဆွဲဆောင်ထားတာကတော့ တောင်ပေါ်ကနေ
လေထီးနဲ့ လေဟုန်စီးခုန်ဆင်းရတဲ့ Paragliding ရှိပါတယ်။ အဲဒီလို လေဟုန်စီးတာကို
ခရီးသွားဧည့်သည်တွေ တော်တော်များများစီးကြပြီး လေဟုန်စီးနေတုန်း မြင်ရတဲ့
အပေါ်စီးမြင်ကွင်းကလည်း အရမ်းကိုလှသလို လေထဲမှာ ပျံသန်းရတဲ့အတွေ့အကြုံမျိုး
လည်းခံစားရမှာပါ။ လေဟုန်စီးတဲ့အချိန်မှာတော့ လေထီးကို ထိန်းပေးမယ့် ပိုင်းလော့
တစ်ယောက်ပါပြီး သူတို့ရဲ့ Go Pro ကင်မရာတွေနဲ့လည်း ပုံလှလှ ဗီဒီယိုဖိုင်တွေကို
ရဦးမှာပါ။

လေးရက်မြောက်နေ့မှာတော့ Sarangkot ဆိုတဲ့ တောင်ထိပ်ကနေ ဟိမဝန္တာတောင်တန်း
တွေရဲ့ အမြင့်ဆုံးတွေထဲမှာပါတဲ့ တောင်ထိပ်တွေရဲ့ နေထွက်ချိန်အလှကို ကြည့်ဖို့အတွက်
မနက် လေးငါးနာရီလောက် ထပြီးသွားရပါတယ်။

ခတ္တမန္ဒူမြို့တွင် လူအစည်ကားဆုံး ဘက်ခ်တာပါဒူပါရင်ပြင် တစ်နေရာ။ မြတ်ငြိမ်းအေး/ မြန်မာတိုင်း(မ်)ခတ္တမန္ဒူမြို့တွင် လူအစည်ကားဆုံး ဘက်ခ်တာပါဒူပါရင်ပြင် တစ်နေရာ။ မြတ်ငြိမ်းအေး/ မြန်မာတိုင်း(မ်)

တောင်ထိပ်ကို ရောက်ဖို့ ကားနဲ့ အချိန်နာရီဝက်လောက် မောင်းရပါတယ်။ မီတာ ၁,ဝဝဝ
ကျော်မြင့်တဲ့တောင်ထိပ်မှာ ရာသီဥတုကလည်း လေတဖြူးဖြူးနဲ့ အရမ်းကိုအေးပါတယ်။
ဒါပေမဲ့ အေးတဲ့ဒဏ်ကိုတောင် အန်တုပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ ရေခဲတောင်ထိပ်ကို
နေထွက်ချိန်မှာ ရွှေရောင်ဖျော့ဖျော့ နေရောင်ထိုးတားတဲ့အလှက ပန်းချီကားတစ်ချပ်ကို
ကြည့်နေရသလို ခံစားရမှာပါ။

အဲဒီနောက်မှာတော့ Sarangkot တောင်ထိပ်ကို သွားတဲ့လမ်းမှာ ဖွင့်လှစ်ထားတဲ့
Hialamaya Front Hotel မှာ မနက်စာစားပြီး မကြာခင်ထွက်ခွာရတော့မယ့်
ပိုခါရာရဲ့မြို့အလှကို ဟိုတယ်ရဲ့အပေါ်ထပ်ကနေ ကြည့်ရှုခွင့်ရခဲ့ပါတယ်။
မနက်စားပြီးတဲ့နောက်မှာတော့ စာရေးသူတို့အဖွဲ့ဟာ ဗုဒ္ဓဖွားမြင်တော်မူတဲ့
လုမ္ဗိနီမြို့ကို ကားလမ်းကနေ သွားပါတယ်။ နေ့လယ်စာကို လမ်းတစ်ဝက်က
တောင်ပေါ်မြို့လေးမှာ ခေတ္တနားခို စားသောက်ပြီး လုမ္ဗိနီမြို့ကိုတော့ ညနေ
အတော်စောင်းမှ ရောက်ပါတယ်။

လုမ္ဗိနီမြို့ကိုရောက်တဲ့အခါ ခံစားမိတာက မြို့ရဲ့ရေမြေပတ်ဝန်းကျင်ဟာ
မြန်မာနိုင်ငံအလယ်ပိုင်းက အညာဒေသ ရေမြေ၊ ပတ်ဝန်းကျင်နဲ့ ဆင်တူပါတယ်။
ရာသီဥတုက ရောက်ခဲ့တဲ့ ပိုခါရာမြို့ထက် ပိုပူပြီး စိုက်ပျိုးရေးနဲ့ စက်မှုဇုန်တွေရှိတဲ့
မြို့ပါ။ ခရီးသွားတွေ အတွက် ဗုဒ္ဓဘုရားပွင့်တဲ့ လုမ္ဗိနီဥယျာဉ်၊
မာယာဒေဝီကျောင်းတော်နဲ့ စေတီပုထိုးတွေဆီသာ လာရောက်တဲ့
ဘုရားဖူးဧည့်သည်လောက်ပဲရှိလို့ တခြား ခရီးသွားမြို့တွေလောက် မြို့ပြဖွံ့ဖြိုးမှု
သိပ်မရှိပါဘူး။

လုမ္ဗိနီကိုရောက်တော့ Lumbini Hokke Hotel မှာ ညအိပ်ပြီး နောက်နေ့မနက်
ငါးရက်မြောက်နေ့မှာ ဗုဒ္ဓကို မယ်တော်မာယာ ဖွားမြင်ခဲ့တဲ့ ဗုဒ္ဓရဲ့ ချက်ကြွေရာ
ဇာတိလို့ ဆိုနိုင်တဲ့ လုမ္ဗိနီဥယျာဉ်ကြီးထဲကို ရောက်ရှိခဲ့ပါတယ်။ အဲဒီဥယျာဉ်ကြီးထဲမှာ
ဗုဒ္ဓမွေးဖွားရာ နေရာအစစ်ကို အသိအမှတ်ပြုထားတဲ့ ကျောက်တုံးကိုလည်း
ကိုယ်ထိလက်ရောက် ဖူးနိုင်သလို၊ မယ်တော်မာယာမီးဖွားခါနီး ကိုယ်လက်သန့်စင်ရာ
မီးဖွားပြီး သားတော်ကို ကိုယ်လက်သန့်စင်ရာ ရေကန်လည်းရှိပါတယ်။
မယ်တော်မာယာ ကျောင်းတော်လည်းရှိပြီး သက်တမ်းရင့် ဗောဓိပင်နဲ့ အာသောက
မင်းကြီး ကျောက်စာတိုင်လည်း အဲဒီဥယျာဉ်ထဲမှာ တစ်စုတစ်ဝေးတည်း
မြင်တွေ့ဖူးမြော်နိုင်မှာပါ။ မဟာဗုဒ္ဓဝင်ထဲက ဘုရားမွေးဖွားရာ နေရာဖြစ်တာမို့
လုမ္ဗိနီမြို့ကို ရောက်ရတာ အနှစ်သာရတစ်ခုကို ရရှိပါတယ်။

လုမ္ဗိနီဥယျာဉ်မှာ လည်ပတ်ဖူးမြော်ပြီး နေ့လယ်ပိုင်းမှာတော့ ခတ္တမန္ဒူမြို့ကို
ပြန်လည်ခရီးနှင်ခဲ့ပါတယ်။ ညနေဘက်မှာ ကားနဲ့ တစ်နာရီလောက် ထပ်ခရီးနှင်ပြီး
Nargarkot ဆိုတဲ့ မြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမြို့လေးက တောင်ပေါ်မြို့လေးပါ။
တောင်စောင်းလေးတွေမှာ အိမ်လေးတွေဆောက်ပြီး တောင်ပေါ်စိုက်ခင်းတွေ
စိုက်ပျိုးထားတဲ့ သာယာအေးချမ်းတဲ့ မြို့လေးတစ်မြို့ပါပဲ။ ပြီးတော့ ခြေလျင်
တောင်တက်ရတာကို နှစ်သက်တဲ့ခရီးသွားတွေလည်း အတော်လာပါတယ်။

Nargarkot မြို့လေးမှာ ညအိပ်ပြီး ခြောက်ရက်မြောက်နေ့ မနက်မှာ မီတာ
၂၂,ဝဝဝ မြင့်တဲ့ Nargarkot တောင်ထိပ်က နေထွက်ချိန်ကို မနက်အိပ်ရာ
စောစောထပြီး စောင့်ကြည့်ခဲ့ကြပေမဲ့ ရာသီဥတုက မြူတွေဆိုင်းနေတာကြောင့်
နေထွက်ချိန်မြင်ကွင်းကို ကောင်းကောင်း မမြင်ခဲ့ရပါဘူး။ ရာသီဥတုသာယာရင်
နေထွက်ချိန်မြင်ကွင်းက သိပ်လှတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Nargarkot မှာ မနက်စာစားပြီး ခတ္တမန္ဒူမြို့ကို ပြန်ဆင်းခဲ့ပါတယ်။နေ့လယ်လောက်မှာ
ခတ္တမန္ဒူမြို့ကနေ တစ်နာရီလောက် ကားမောင်းရင်ရောက်တဲ့ Laitpur မြို့မှာ
ရှိတဲ့ ဘက်ခ်တာပါဒူပါရင်ပြင် (Bukdapur Durbur Square) ကို ရောက်ခဲ့ပြီး
ဒီခရီးစဉ်ရဲ့ နောက်ဆုံးလည်ပတ်ရတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဘက်ခ်တာပါဒူပါရင်ပြင်က အရင် နီပေါနိုင်ငံရဲ့ မြို့တော်ဟောင်းဖြစ်ပြီး
ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာလည်း ဖြစ်ပါတယ်။
ဒီရင်ပြင်ကိုရောက်ရင်တော့ ကြီးကျယ်ခမ်းနားတဲ့၊ ထုထည်ကြီး ဗိသုကာလက်ရာမြင့်တဲ့၊
ရှေးဟောင်းဆန်လွန်းတဲ့ အဆောက်အအုံကြီးတွေက နီပေါနိုင်ငံရဲ့ ဘုရင်စနစ်ကို
ခံစားရိပ်မိလို့ ရနိုင်ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရင်ပြင်က
အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့ပြီး အခုအချိန်ထိ ပြန်လည်ပြင်ဆင်နေဆဲဖြစ်ပါတယ်။

အပြန်ခရီးမှာ နီပေါနိုင်ငံမှာ လည်ပတ်ရတဲ့ ခရီးစဉ်တစ်လျှောက် မြင်တွေ့ခံစားခဲ့ရတဲ့
အတွေ့အကြုံတွေကို မြန်မာနိုင်ငံက ခရီးသွားနှစ်သက်သူတွေကို ဝေမျှဖို့ စဉ်းစားရင်း
နီပေါနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ခရီးသွားအဆက်အသွယ် ဒီထက်ပိုရှိလာနိုင်တော့
မယ်လို့လည်း ယုံကြည်မိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား