ခရီးသွားလုပ်ငန်းတွင် နှစ်ထပ်အခွန်နှုန်းထား ဖြေလျှော့ပေးရန် လိုအပ်

ပြီးခဲ့သည့်နှစ်အတွင်း ခရီးသွား သုံးသန်းနီးပါးလာရောက်ခဲ့သည်။ ဓာတ်ပုံ - အီးပီအေ ပြီးခဲ့သည့်နှစ်အတွင်း ခရီးသွား သုံးသန်းနီးပါးလာရောက်ခဲ့သည်။ ဓာတ်ပုံ - အီးပီအေ  

မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကြီးရခြင်း၏ အကြောင်းရင်းများတွင် သယ်ယူပို့ဆောင်ရေးနှင့်
တည်းခိုနေထိုင်စရိတ်များအပြင် အခွန်နှစ်ထပ်ပေးဆောင်နေရခြင်းပါဝင်နေသည့်အတွက်
ဖြေလျှော့ပေးရန် လိုအပ်သည် ဟု ခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။

''အခွန်လုပ်ထုံးလုပ်နည်းတွေက မှားနေတယ်။ ရောင်းအားအပေါ်မှာ ကုန်သွယ်ခွန်
ငါးရာခိုင်နှုန်းနဲ့ အမြတ်ခွန် ၂၅ ရာခိုင်နှုန်းပေးဆောင်ရတယ်။ ဥပမာ-လေယာဉ်လက်မှတ်
တစ်စောင်ကို ၁ဝဝ နဲ့ဝယ်ရင် ၉၅ ကျပ်က လက်မှတ်ဈေး၊ ငါးကျပ်က အစိုးရကို
အခွန်ဆောင်ရတယ်။ အဲဒီလက်မှတ်ကိုပဲ ကျွန်တော်တို့က ကျပ် ၁၁ဝ နဲ့ တစ်ဆင့်ပြန်
ရောင်းရင် အစိုးရကို ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းထပ်ဆောင်ရတယ်။ အဲဒီတော့ အခွန်နဲ့တင်
၁၁ ကျပ်ဖြစ်နေပြီ'' ဟု Vivo Myanmar ခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိချုပ်
ဦးရဲထွန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအတွက် မြန်မာနိုင်ငံသို့ လာရောက်သည့်
နိုင်ငံတကာခရီးသွားဧည့်သည်များထံမှ တစ်ဦးလျှင် တစ်ရက် အမေရိကန်တစ်ဒေါ်လာနှုန်း
အခွန်ကောက်ခံရန် မတ်လကုန်ပိုင်း တွင်ပြုလုပ်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ဦးဆောင်သည့် အမျိုးသားခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွား
လာရေးလုပ်ငန်းဝန်ကြီးဌာန၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

''ကောက်ခံရရှိတဲ့ အခွန်ငွေကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ သုံးမယ်လို့
အဲဒီနေ့အစည်းဝေးမှာ အကြမ်းဖျင်း သဘောတူထားတယ်။ ဥပဒေကတော့ ပြဋ္ဌာန်းရဦးမှာပေါ့။
နောက်ဆုံး ခွင့်ပြုတယ်ဆိုရင် နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ မြန်မာ့ခရီးသွားအရောင်း
မြှင့်တင်ရေး ကျကျနနလုပ်နိုင်မယ်''ဟု အစည်းအဝေးတက်ရောက်ခဲ့သည် မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

အဆိုပါဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးနှင့် လာရောက်သည့်နိုင်ငံခြားသား
ခရီးသွားဧည့်သည်များ နေထိုင်သည့် ရက်ကာလအလိုက် တစ်ရက်လျှင်တစ် ဒေါ်လာနှုန်းကို
ဟိုတယ်နှင့် တည်းခိုခန်း များက ကောက်ယူမည်ဖြစ်သည်။

''ဘယ်လိုကောက်ယူလို့ရမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ အလွယ်ဆုံးဖြစ်မယ့်
စနစ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေ ဖြစ်မယ်လို့ထင်တယ်။ အလုပ်လာလုပ်တဲ့သူတွေကို
စဉ်းစားထားတာ မရှိသေးဘူး။ ဥပဒေတို့ နည်းဥပဒေတို့ ပြဋ္ဌာန်းနိုင်အောင် သေချာ
အသေးစိတ်စဉ်းစားရမယ်။ လောလောဆယ်ကတော့ မြန်မာနိုင်ငံကိုလာတဲ့
နိုင်ငံခြားသားတိုင်းကို အခွန်ကောက်ခံမယ်လို့ ဆုံးဖြတ်ထားတယ်'' ဟု ဦးရန်ဝင်းက
ပြောသည်။

ပြုပြင်ပြောင်းလဲရေးကာလတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များထံမှ အခွန်ငွေ
ကောက်ခံခြင်းသည် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်သည်ဟု
Marcopolo ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာဦးအောင်ချိုဝင်းက ပြောသည်။

''တစ်ဒေါ်လာဆိုတာ ဘာမှမဟုတ်ပေမဲ့ အဲဒီလိုမျိုးကောက်မယ်ဆိုရင် နိုင်ငံခြားသားတွေ
ဘက်က မကျေနပ်တာမျိုး ဖြစ်လာနိုင်တယ်။ ပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ
အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ မှားသွားမှာစိုးလို့။ ဘာလို့ဆို မြန်မာနိုင်ငံက ခုချိန်ထိ
ဈေးကြီးနေတုန်းမို့ ထိုင်းနိုင်ငံအလည်သွားတာနဲ့ ငပလီကမ်းခြေသွားတဲ့ ကုန်ကျစရိတ်က
အတူတူပဲ'' ဟု ၄င်းက ပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး
အသုံးစရိတ်၏ သုညဒသမ ဝ၂ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ပြီး ခရီးသွားလုပ်ငန်း
အရောင်းမြှင့်တင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၂ဝ၁၄ ခုနှစ်မှစတင်ထောက်ပံ့ခဲ့ရာ ပြီးခဲ့သည့် ၂ဝ၁၆
ခုနှစ်တွင် အများဆုံးအဖြစ် ဒေါ်လာနှစ်သိန်း ပေးအပ်ခဲ့သည်။

''ဒီနှစ်ထပ်အခွန်ကိစ္စကိုသာ ဖြေလျှော့ပေးလိုက်ရင် နိုင်ငံခြားသားဧည့်သည်တွေဆီက အခွန်
ကောက်ခံစရာ မလိုတော့ဘူး'' ဟုဦးရဲထွန်းဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည်အရေအတွက်
၂ ဒသမ ၉ သန်း ရှိပြီး ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားဖိုရမ်အရ
မြန်မာနိုင်ငံသည် ရာခိုင်နှုန်းအားဖြင့် အာဆီယံနိုင်ငံများတွင် ဧည့်သည်ဝင်ရောက်မှု
အနည်းဆုံးနိုင်ငံဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား