ကမ္ဘောဒီးယားနှင့် မြန်မာ နှစ်နိုင်ငံခရီးစဉ် ဖော်ဆောင်ရန် ကြိုးပမ်းနေ

မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ ပူးပေါင်း၍ ခရီးစဉ်တစ်ခုဖြစ်ပေါ်လာရေးနှင့်
ရှေးဟောင်းမြို့တော်များဖြစ်သည့် ပုဂံနှင့် အန်ကောဝပ်သို့ လေကြောင်းလိုင်းများ
တိုက်ရိုက်ပျံသန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးညှိနှိုင်းနေသည်ဟု
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောသည်။

နှစ်နိုင်ငံခရီးစဉ်တစ်ခု ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ခရီးသွား
လုပ်ငန်းဈေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး
တိုးတက်လာစေရန်နှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဗီဇာတစ်ခုတည်းဖြင့်
နိုင်ငံနှစ်နိုင်ငံစလုံးသို့ သွားရောက်နိုင်ရန်ဖြစ်သည်ဟု ၄င်းက ပြောသည်။

''မြန်မာနိုင်ငံက ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဗီဇာကင်းလွတ်ခွင့်ပေးတဲ့အကျင့်
မရှိသေးဘူး။ ဒီလိုမျိုး ဗီဇာကင်းလွတ်ခွင့်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လဝကတို့နဲ့
ဆိုင်တယ်။ ဟိုတယ်ခရီးအနေနဲ့ လုပ်ပိုင်ခွင့် မရှိဘူး။ အဲဒီလိုမျိုးဆောင်ရွက်နိုင်ဖို့
နှစ်နိုင်ငံချင်း သဘောတူလက်မှတ်ရေးထိုးရတယ်။ အစိုးရအဖွဲ့အထိ တင်ရတယ်
ဆိုတော့ နည်းနည်းတော့ အချိန်ယူရမယ်'' ဟု ဒေါ်ခင်သန်းဝင်းက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံမှတစ်ဆင့်လာမည့် ကမ္ဘာလှည့်ခရီးသွားများကို ဗီဇာကင်း
လွတ်ခွင့် မပေးနိုင်ပါက စင်းလုံးငှားလေယာဉ်နှင့် လာသည့်ခရီးသည်များ၊
အဖွဲ့လိုက်ခရီးသွားများနှင့် အပျော်စီးသင်္ဘောများဖြင့် လာရောက်သည့် ခရီးသွားများကို
ဆိုက်ရောက်ဗီဇာထုတ်ပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်
ဆွေးနွေးညှိနှိုင်းမည်ဟု ၄င်းက ပြောသည်။

''အဲဒီကိစ္စကတော့ အဖြစ်နိုင်ဆုံး။ ဗီဇာကင်းလွတ်ခွင့်ကတော့ မဖြစ်နိုင်သေးဘူး။
အချိန်ယူရဦးမယ်။ ပုဂံကို နိုင်ငံတကာလေကြောင်းလိုင်း တိုက်ရိုက်ဆင်းမယ်ဆိုရင်
ဘုရားပုထိုးတွေ တုန်လှုပ်တာမျိုး မဖြစ်ရအောင် လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနတို့နဲ့
ပြန်ပြီးညှိနှိုင်းရမယ်။ ပုဂံကို နိုင်ငံတကာလေဆိပ်အဖြစ် သုံးလို့မရဘူးဆိုရင်
ပခုက္ကူလေဆိပ်ကိုအသုံးပြုနိုင်အောင် စစ်တမ်းကောက်ယူနေတယ်'' ဟု
ဒေါ်ခင်သန်းဝင်းက ပြောသည်။

နိုင်ငံခြားခရီးသွားဧည့်သည်များ၏ ပြည်ဝင်ခွင့်အတွက် မြန်မာနိုင်ငံဗီဇာ မပါဘဲ ခွင့်ပြုပေးနိုင်မည်
မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဌေးလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

''ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ အဓိကတာဝန်က နိုင်ငံတော်နဲ့ပြည်တွင်း လုံခြုံရေးအပိုင်းကို
ကာကွယ်စောင့်ရှောက်ဖို့၊ ဟိုတယ်ခရီးကတော့ နိုင်ငံခြားဧည့်သည်တွေ များများလာပြီး
ပြည်ပဝင်ငွေတိုးတက်ဖို့ဆိုတော့ အမြင်နှစ်ခုက အမြဲကွဲလွဲနေတယ်။ ကျွန်တော်တို့လည်း
အဲဒါကို အမြဲဆွေးနွေးနေပါတယ်'' ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်ထိ နိုင်ငံခြားခရီးသွားဧည့်သည်များကို ခွင့်ပြုပေးထားသည့် ဗီဇာအမျိုးအစားများမှာ
နိုင်ငံတကာရှိ မြန်မာသံရုံးများကတစ်ဆင့် ထုတ်ယူနိုင်သည့် ဗီဇာ ၁၂ မျိုး၊ အီလက်ထရောနစ်
ဗီဇာနှစ်မျိုးနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ထုတ်ပေးသည့် ဆိုက်ရောက်ဗီဇာ
ခြောက်မျိုးဖြစ်သည်ဟု ဦးဌေးလှိုင်က ပြောသည်။

''ဟိုတယ်ခရီးကဆောင်ရွက်ချင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ဌာနက လူဝင်မှုကြီးကြပ်ရေးနဲ့
ဆိုင်တဲ့ တာဝန်ဝတ္တရားတွေကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ဖြစ်နိုင်၊ မဖြစ်နိုင်
ညှိနှိုင်းဆွေးနွေးဖို့လိုတယ်'' ဟု ၄င်းက ပြောသည်။

လေကြောင်းပို့ဆောင်ရေးဦးစီးဌာနသည် နိုင်ငံတကာလေကြောင်းလိုင်းများကို သတ်မှတ်ထားသော
လေယာဉ် အရွယ်အစားနှင့် ညောင်ဦးလေဆိပ်သို့ တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ခွင့်
ပြုပေးနိုင်သော်လည်း ခရီးသွားဧည့်သည်များပြည်ဝင်ခွင့်အတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
ခွင့်ပြုချက်လိုအပ်သည်ဟု လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးရဲထွဋ်အောင်က ပြောသည်။

''အရွယ်အစားမကြီးတဲ့လေယာဉ်တွေကို ဆင်းခွင့်ပေးလို့ရတယ်။ လောလောဆယ်အထိ
ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံ ပျံသန်းဖို့ အစပျိုးထားတာ မရှိသေးဘူး။ အဓိက လူဝင်ခွင့်အတွက်
ဆောင်ရွက်ပေးမယ့် လူဝင်မှုကြီးကြပ်ရေးကောင်တာရှိမှသာ နိုင်ငံတကာလေကြောင်း
လိုင်းတွေ ဆင်းသက်နိုင်မှာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား