အတွေ့အကြုံသစ်တွေနဲ့ ကလော ခြေလျင်ခရီး

ခရီးစဉ်အတွင်း ကားလည်းသွားလို့ရတဲ့ ခြေလျင်လမ်းကြောင်းတစ်ခု။ ဓာတ်ပုံ - အောင်မြင်ခရီးစဉ်အတွင်း ကားလည်းသွားလို့ရတဲ့ ခြေလျင်လမ်းကြောင်းတစ်ခု။ ဓာတ်ပုံ - အောင်မြင်

လမ်းတွေအများကြီးလျှောက်ရတဲ့ ခရီးသွားပုံစံမျိုးကိုသိပ်မလုပ်ဖြစ်ပေမဲ့ ပြီးခဲ့တဲ့သင်္ကြန်
ကာလအတွင်းက ကလောဘက်ကို ခြေလျင်ခရီးသွားဖြစ်ခဲ့ပါတယ်။ ကလောခြေလျင်
ခရီးက ပင်ပန်းပေမဲ့ အလဟဿမဖြစ်ခဲ့ပါဘူး။ ကလောခရီးစဉ်မှာ စုစုပေါင်းအဖွဲ့ဝင်
ကိုးဦးပါခဲ့ပါတယ်။

ကလောမှာ ခြေလျင်ခရီးကြမ်းအတွက် ကျသင့်ငွေက ရာသီပေါ်မူတည်သလို လူအနည်း
အများနဲ့ ကိုယ်သွားမယ့်ခရီးပေါ်မှာလည်း မူတည်ပါတယ်။

ခြေလျင်ခရီးသွားမှာမို့ ရေသန့်နှစ်ဘူး၊ ခေါက်ထီးတစ်လက်၊ နေကာမျက်မှန်၊ တစ်ရှူးအစို၊
အားသွင်းကြိုး၊ ဆေးဝါးအနည်းငယ်နဲ့ တခြားလိုအပ်မယ့်ပစ္စည်းအနည်းငယ်ပဲ သယ်ဆောင်
သွားခဲ့ပါတယ်။ လမ်းခရီးမှာ ပလောင်ရွာက ကလေးတွေကိုကျွေးဖို့ ရန်ကုန်ကဝယ်လာတဲ့
မုန့်နဲ့ဂျယ်လီထုပ်တွေလည်း သယ်ဆောင်ဖြစ်ခဲ့ပါတယ်။

ခြေလျင်ခရီးမှာ ကိုယ်စီးမယ့်ဖိနပ်ကလည်း အရေးကြီးပါတယ်။ လမ်းတွေက အတက်
အဆင်း အဖုအထစ်တွေနဲ့ဆိုတော့ လမ်းပြကတော့ တတ်နိုင်ရင် သူ့လိုမျိုး စစ်ဖိနပ်စီးတာ
အကောင်းဆုံးပဲလို့ ပြောပါတယ်။

ကလောမြို့ထဲကနေစထွက်ပြီး မကြာခင်မှာပဲ တောင်တွေအကြား တောလမ်းတွေဆီ
ရောက်သွားပါတယ်။ အစပိုင်း လမ်းတစ်လျှောက်ကတော့ တက်လိုက်ဆင်းလိုက်ပါပဲ။
အတက်ဆို နှေးပေမဲ့ အဆင်းကျတော့လည်း အရမ်းမြန်လို့မရဘဲ ဂရုတစိုက်နဲ့ ဆင်းရင်
တော့ အကောင်းဆုံးပါပဲ။

ပတ်ဝန်းကျင်မှာတော့ ထင်ရှူးပင်တွေနဲ့ တောင်တွေကိုပဲ အဓိကမြင်ရပါတယ်။ ပတ်ဝန်း
ကျင်ရဲ့သာယာလှပမှုနဲ့အတူ မကြာခဏတိုက်ခတ်လာတဲ့ လေအေးလေးတွေကလည်း
အမောပြေစေပါတယ်။ လမ်းပြက အသီးရောင်းသူလည်းဖြစ်တဲ့အတွက် လမ်းမှာနားတိုင်း
သူသယ်လာတဲ့အသီးတွေ အမောပြေကျွေးတာကလည်း ကံကောင်းတယ် ဆိုရမှာပါ။

လမ်းတစ်လျှောက်မှာ ခြေလျင်လမ်းလျှောက်ခရီးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊
အပင်တွေအကြောင်း လမ်းပြကို လွတ်လွတ်လပ်လပ် မေးနိုင်တဲ့အတွက် ဗဟုသုတတွေ
တိုးပွားခဲ့ပါတယ်။ အဲဒီမှာ သဘောကျတဲ့ အပင်လေးကတော့ ဒေသအခေါ်အဝေါ်နဲ့ဆို
ငါးဥသီးလေးတွေသီးတဲ့ အပင်ပါ။ ခူးစားလို့ရပြီး အရသာကတော့ ချဉ်ပြုံးပြုံးလေးပါ။

တောထဲဆိုတော့ အပင်တွေက မျိုးစုံပေါက်တယ်မဟုတ်လား။ အပင်တွေထဲမှာမှ ချက်စား
လို့ကောင်းပြီး ရန်ကုန်မှာရှားတဲ့ မာလာဖူးအပင်လေးတွေလည်း တွေ့ခဲ့ပါတယ်။

နှစ်နာရီလောက်အကြာမှာ လမ်းပြနဲ့ အမျိုးတော်စပ်သူရဲ့ လိမ္မော်ခြံမှာ တစ်ထောက်နားခဲ့
ကြပါတယ်။ ရေနွေးကြမ်းနဲ့ စတော်ဘယ်ရီသီးတွေကို ချကျွေးလို့ စားခဲ့ရပြန်ပါသေးတယ်။
နေရာဒေသတစ်ခုရောက်ရင် အခေါ်အဝေါ်တွေက ကွဲပြားတတ်ပါတယ်။ အဲဒီဘက်မှာဆို
ရေနွေးကြမ်းကို အခါးရည်လို့ ခေါ်ကြပါတယ်။

လိမ္မော်ပင်တွေနဲ့ ဓာတ်ပုံအဝရိုက်အပြီး ဆက်လျှောက်လာတဲ့လမ်းက တောင်တက်ရတဲ့
လမ်းမျိုးဆိုတော့ မောလည်းမောသလို အန္တရာယ်လည်းရှိတဲ့အနေအထားမျိုးပါ။

မောကြီးပန်းကြီး တက်လာပြီးရင်တော့ ပထမဆုံးဖြတ်ရတဲ့ရွာကတော့ မြင်းကရွာပါ။
ဗိုက်ဆာနေတဲ့ စာရေးသူတို့က ပလောင်ရွာရောက်မှ စားသောက်ဖို့ ပြင်ဆင်ထားပေမဲ့
မြင်းကရွာမှာပဲ နေ့လယ်စာ စားဖြစ်ခဲ့ကြပါတယ်။ လမ်းပြက စားသောက်ဖို့စီစဉ်တဲ့အိမ်က
အိမ်ရှင်တွေလည်း မရှိကြသလို တံခါးတွေလည်း ဖွင့်ထားပြီး အဲဒီအိမ်မှာ လွတ်လွတ်
လပ်လပ် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားသောက်ခဲ့ကြတာကလည်း အမှတ်တရပါ။

မြင်းကရွာကနေ ခရီးဆက်လာရင်း အားလုံးနာကျင်မောပန်းနေချိန်မှာပဲ အရှေ့မှာ မြင်လိုက်
ရတဲ့မြင်ကွင်းက နာကျင်မှုတွေကို ခဏတာ ပြေပျောက်စေခဲ့ပါတယ်။ တခြားတော့မဟုတ်
ပါဘူး၊ စိမ်းစိုကျယ်ပြောလှတဲ့ ဂေါ်ဖီထုပ်ခင်းကြီးပါ။ ဂေါ်ဖီခင်းတွေထဲက ဖြတ်လျှောက်ပြီး
အပြန်အလှန် ဓာတ်ပုံတွေလည်း တဝကြီး ရိုက်ခဲ့ကြပါသေးတယ်။

ခြေလျင်ခရီးရဲ့ နောက်ဆုံးပိတ်နေရာကတော့ ပလောင်ရွာလို့အများသိထားတဲ့ ပိန္နဲပင်ရွာပါ။
ပိန္နဲပင်ရွာက အဝေးက လှမ်းမြင်လိုက်တာနဲ့ ရွာဆိုတာထက် မြို့ငယ်လေးတစ်မြို့လို့
ထင်ရလောက်အောင် အိမ်တွေက အုတ်တွေနဲ့ချည်း ဆောက်ထားတာပါ။

ပိန္နဲပင်ရွာထဲဝင်တယ်ဆိုရင်ပဲ ရွာခံတွေရဲ့မျက်နှာက ဧည့်လာလို့ ပျော်နေကြပုံပါ။ ရွာထဲ
ရောက်တာနဲ့ ရွာထဲတွေ့သမျှကလေးတွေကို သယ်လာတဲ့မုန့်တွေ လိုက်ဝေပါတယ်။
မုန့်ရလို့ပျော်နေတဲ့ သူတို့လေးတွေရဲ့ ပျော်ရွှင်မှုကို ကူးစက်ခံစားရပါတယ်။

ပိန္နဲပင်ရွာရောက်ရင် မလုပ်မဖြစ်လုပ်ရမယ့် (အထူးသဖြင့် အမျိုးသမီးတွေ) အချက်ကတော့
ပလောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ရတာပါပဲ။ ပလောင်ရိုးရာဝတ်စုံမှာ
ခေါင်းပေါင်းက ထူးခြားမှုအရှိဆုံးပါ။ ရောင်စုံကြိုးအရှည်တွေအများကြီးနဲ့ ခေါင်းတစ်ပတ်
ပေါင်းပြီး ဘေးချထားတဲ့ ပလောင်ရိုးရာစတိုင်ကလည်း မျက်စိထဲမှာ ထူးခြားသလို
လှလည်းလှပါတယ်။

စာရေးသူတို့ ရောက်သွားတဲ့အချိန်ပဲ ညနေစောင်းနေပြီဖြစ်သလို အများစုကလည်း
လမ်းမလျှောက်နိုင်တော့တဲ့အခြေအနေကြောင့် လမ်းပြအကူအညီနဲ့ ကားတစ်စီးခေါ်ပြီး
ကလောကို ပြန်ခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ ခြေလျင်ခရီးကတော့ အစအဆုံး
မပြည့်စုံခဲ့ဘူးပေါ့။ ဒါပေမဲ့လည်း တစ်ရက်တာ ကလောခြေလျင်ခရီးအတွေ့အကြုံကတော့
အမှတ်ရစရာတွေနဲ့ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။