အမှတ်တရများနဲ့ မြောက်ဦး ဒိုင်ယာရီ

မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်ကြီးသို့ လာရောက်လည်ပတ်သူများကို မေလ ၂၆ ရက်က တွေ့ရစဉ်။ အေးစပယ်ဖြူ/မြန်မာတိုင်း(မ်)မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်ကြီးသို့ လာရောက်လည်ပတ်သူများကို မေလ ၂၆ ရက်က တွေ့ရစဉ်။ အေးစပယ်ဖြူ/မြန်မာတိုင်း(မ်)

ရန်ကုန်လေဆိပ်ကနေ စစ်တွေမြို့ဆီကို ဦးတည်ပျံသန်းလာတဲ့ လေယာဉ်ပြတင်းကနေ တွေ့ရသည့်
ရန်ကုန်မြို့ရဲ့ မြင်ကွင်းထဲက အိမ်တွေ၊ ဘုရားကျောင်းကန်၊ မြစ်ချောင်း၊ လယ်ကွင်းနဲ့ လမ်းတွေပေါ်မှာ
မောင်းနှင်နေတဲ့ ကားတွေက မြို့ပြပုံစံငယ်တစ်ခုနဲ့ တူနေပါတယ်။

လေယာဉ်မြင့်လာတာနဲ့အမျှ အဲဒီမြင်ကွင်းတွေက မှုန်မွှားပျောက်ကွယ်သွားကာ ဥဥစုစု
တိမ်အုပ်လေးတွေသာ ပတ်လည်ဝိုင်းနေတာမို့ ဂွမ်းပုံကြီးထဲထိုင်နေရသလိုပါပဲ။

တိမ်ပုံကြီးကို ကျော်လွန်လာတော့ လေယာဉ်က ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်နေပါပြီ။

အောက်မှာမြင်ရသည့် ကုန်းမြေတွေကို မြေပုံထဲမှာ မြင်ဖူးထားသည့် ဖရုံကာကျွန်းဖြစ်မည်၊
ရမ်းဗြဲကျွန်းဖြစ်မည်နဲ့ ပုံဖော်ကြည့်နေမိပါတယ်။

စစ်တွေလေဆိပ်ကို လေယာဉ်စိုက်ပြီး ထမင်းစားတစ်ထောက်နားကြကာ ဦးတည်ရာပန်းတိုင်ဖြစ်တဲ့
မြောက်ဦးဆီကို ခရီးဆက်ခဲ့ကြပါတယ်။

စစ်တွေ-မြောက်ဦးလမ်းက အသစ်ပြန်ခင်းထားတာမို့ လမ်းကောင်းပါတယ်။ တောက်လျှောက်
မောင်းမယ်ဆိုရင် သုံးနာရီလောက်သာ ကြာနိုင်ပေမယ့် မြောက်ဦးဟိုတယ်ရဲ့ စီစဉ်ပေးမှုနဲ့
ခရီးထွက်လာတဲ့ ကျွန်မတို့ဘုရားဖူးအုပ်စုကတော့ ကျောက်တော်မှာ မဟာမြတ်မုနိဘုရားကြီးကို
ဝင်ရောက်ဖူးမြော်သေးတာမို့ လေးနာရီလောက် ကြာမြင့်ပါတယ်။

ကျွန်မတို့ကားလေးဟာ စစ်တွေ-မြောက်ဦးလမ်းတလျှောက် စိမ်းစိမ်းစိုစို စားကျက်တွေကြား
အစာစားနေတဲ့ ရောင်စုံ ကျွဲနွားအုပ်တွေ၊ ထွန်ပြီးစ လယ်ကွက်တွေ၊ မှိုင်းညို့ညို့ တောင်တန်းတွေကို
ဖြတ်သန်းသွားသလို တခါတရံမှာ လမ်းက ကစ္ဆပနဒီ (ခေါ်) ကုလားတန်မြစ်နဲ့ အပြိုင်ဖြစ်နေတာမို့ မြစ်ထဲဖြတ်သန်းမောင်းနှင်သွားတဲ့ မော်တော်ဘုတ်လေးတွေနဲ့
အပြေးပြိုင်နေသလိုပါပဲ။

ကျောက်တော် မဟာမြတ်မုနိကို ရောက်တော့ မိုးတွေ သည်းသည်းမည်းမည်း ရွာနေပေမယ့်
ကျွန်မတို့အဖွဲ့ကတော့ မိုးထဲရေထဲပဲ ဘုရားဖူးဖြစ်အောင်ဖူးခဲ့ကြပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ရင်ငွေ့တော်ခိုလှုံ့ထားတယ်လို့ သမိုင်းမှတ်တမ်းများကဆိုတဲ့ မဟာမြတ်မုနိ
ဆင်းတုတော်ကြီးကို ဖူးတွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ ကြည်ညိုသဒ္ဒါစိတ်တွေနဲ့
ကျေနပ်နေမိပါတယ်။

ဘုရားပရ၀ုဏ်နဲ့ ရင်ပြင်တော်ပတ်လည်မှာ ရှေးဟောင်းမှတ်တမ်းမှတ်ရာတွေ ကျန်ရှိနေပေမယ့်
ရာသီဥတုအခြေအနေကြောင့် မလေ့လာဖြစ်ခဲ့တော့ပါဘူး။

မြောက်ဦးဟိုတယ်ကိုရောက်တော့ ခြောက်နာရီခွဲခန့်ရှိမို့ မြောက်ဦးက ဘုရားဖူးခရီးစဉ်ကို
နောက်တစ်နေ့မှပဲ စဖြစ်ကြပါတော့တယ်။

နာမည်ကျော်မြောက်ဦးပုံရိပ်ဖြစ်တဲ့ တောင်ခိုးတွေဝေနေတဲ့နောက်ခံနဲ့ နေထွက်အလှကို ကြည့်ရှုဖို့
မနက် ၅ နာရီလောက်ထပြီး ပေ၂၀၀ လောက်မြင့်တဲ့ တောင်ပေါ်တက်ပြီး ကြိုးစားခဲ့ပေမယ့် ရာသီဥတု
အနည်းငယ်မိုးအုံနေတာကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီတောင်ပေါ်မှာ ရှိနေတဲ့ ရှေးဟောင်းစေတီတစ်ဆူဖြစ်တဲ့ ဦးမြ၀ါစေတီကို ဖူးမျှော်ခဲ့ရပြီး
မြောက်ဦးမြို့ သက်ရှည်ရန် အစီအမံရ အသက်စွန့်သွားတဲ့ပညာရှိ သျှင်မြ၀ါရဲ့ စိတ်ဝင်စားစရာ
ဇာတ်လမ်းကို ကြားသိခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ မြောက်ဦးမြို့ရဲ့ နာမည်ကျော် ကိုးသောင်းဘုရားကြီးကို ဖူးမြော်ခဲ့ကြပါတယ်။

 မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်ကြီးမှ ကျောက်ဆစ်ဆင်းတုတော်များနှင့် အနုပညာလက်ရာများကို တွေ့ရစဉ်။ အေးစပယ်ဖြူ/မြန်မာတိုင်း(မ်) မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်ကြီးမှ ကျောက်ဆစ်ဆင်းတုတော်များနှင့် အနုပညာလက်ရာများကို တွေ့ရစဉ်။ အေးစပယ်ဖြူ/မြန်မာတိုင်း(မ်)

အေဒီ ၁၆ ရာစု လက်ရာပုထိုးတော်ကြီးကို ကျောက်၊ အုတ်တွေနဲ့ တည်ဆောက်ထားပြီး မြောက်ဦးက
လှိုဏ်ပါတဲ့ ဘုရားတွေအနက် အကြီးဆုံးပုထိုးတော်ကြီးဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဌာနရဲ့
မှတ်တမ်းမှာဖော်ပြထားပါတယ်။

ဘုရားကြီးရဲ့ မူလဒါယကာဘုရင်မင်းတိက္ခာဟာ နန်းတက်ပြီးမကြာမီ မမာမကျန်းဖြစ်လာတာကြောင့်
ဗုဒ္ဓကုထုံးနဲ့ ကိုးန၀င်းချေတဲ့ ပုထိုးတော်ကြီးဖြစ်ပြီး ဓာတ်တောမွေတော်ပေါင်း ၉၀,၀၀၀ ဌာပနာထည့်
တည်ဆောက်ခဲ့တာမို့ ကိုးသောင်းပုထိုးတော်ကြီးလို့ခေါ်တွင်တယ်လို့ မှတ်သားခဲ့ရပါတယ်။

အလယ်စေတီကြီး ပတ်လည်မှာ လှိုဏ်ပတ်လမ်း နှစ်ထပ်ပါရှိပြီး အောက်ဘက်လှိုဏ်ပတ်လမ်း
တစ်လျှောက် ကျောက်ဆစ်လက်ရာဆင်းတုတွေ ထုဆစ်ထားတဲ့ နံရံတွေ၊ ကျောက်ဆစ်ပလ္လင်တွေနဲ့
ဆင်းတုတော်တွေရှိတာမို့ ယဉ်ကျေးမှုအမွေအနှစ် ရတနာသိုက်ကြီးတစ်ခုကို တွေ့ရသလိုပါပဲ။

ဘုရားကြီးမျက်နှာစာ လေးမျက်နှာမှာ အရံစေတီပေါင်း ၁,၂၄၁ ဆူရှိပါတယ်။

ကိုးသောင်းဘုရားကြီးကနေ ထွက်ခွာပြီးတော့ ရှေးဟောင်းဘုရားတွေဖြစ်တဲ့ စန္ဒမုနိဘုရား၊
ဇိနမာရ်အောင်ဘုရားတွေကို ဖူးမြော်ခဲ့ပြီး နန်းတော်ကုန်းနဲ့ မြောက်ဦးရှေးဟောင်းပြတိုက်တွေကိုလည်း
သွားရောက်လေ့လာခဲ့ပါတယ်။

နေရာတိုင်းမှာ စိတ်ဝင်စားစရာ သမိုင်းအထောက်အထားတွေ၊ ယဉ်ကျေးမှု ဗိသုကာလက်ရာတွေနဲ့
ပြည့်နှက်လို့နေပါတယ်။

တစ်မနက်ခင်းလုံး လျှောက်သွားခဲ့ရတာရယ်၊ အဆီနည်းနည်းနဲ့ ခံတွင်းမြိန်လှတဲ့ ရခိုင်လက်ရာ
ဟင်းတွေကြောင့် ထမင်းစားချိန်မှာ ထမင်းလိုက်ပွဲတွေလည်း ထပ်ယူခဲ့ရပါတယ်။

ညနေခင်းမှာတော့ တည်းခိုတဲ့ မြောက်ဦးဟိုတယ်အနီးနားက ရတနာပုံစေတီ၊ အံတော်သိမ်၊
ထုက္ကန်သိမ်၊ သျှစ်သောင်းပုထိုးတော်ကြီးတွေကို တပတ်ထွက်လေ့လာဖြစ်ခဲ့ကြပါတယ်။

အေဒီ ၁၅၃၅ခုနှစ်မှာတည်ထားခဲ့တဲ့ ဘုရင်မင်းဗာကြီးရဲ့ ကုသိုလ်ဖြစ်တဲ့ သျှစ်သောင်းပုထိုးတော်ကြီးရဲ့
စေတီတွေကို ဝေသာလီခေတ် စတူပါစေတီဟန်တည်ထားတာဖြစ်ပြီး သဲကျောက်တုံးတွေနဲ့
တည်ဆောက်ထားတာပါ။

ဒီစေတီကြီးမှာ လှိုဏ်ငါးထပ်ပါလို့ လမ်းတွေက ၀င်္ကပါလိုဖြစ်နေပါတယ်။ စေတီကြီးရဲ့
အလယ်တည့်တည့်လှိုဏ်မှာ အကြီးဆုံးရုပ်ပွားတော်ကြီးစံမြန်းနေပြီး တဖက်ပိတ် အတွင်းလှိုဏ်
တစ်လျှောက်မှာ တင်ပျဉ်ခွေရုပ်ပွားတော်တွေကို အစီအရီတွေ့ရပါတယ်။

အပြင်ဘက်လှိုဏ်မှာတော့ ကျောက်ဆစ်ရုပ်လုံးရုပ်ကြွတွေ အများအပြား ထုဆစ်ပုံဖော်ထားပါတယ်။

သျှစ်သောင်းပုထိုးတော်ကြီးရဲ့ တောင်ဘက်စောင်းတန်းလှေကားခြေရင်းနားမှာ အေဒီ ၇၂၉ ခု၊
ရခိုင်ဝေသာလီမင်း အာနန္ဒာစန္ဒြားကျောက်စာတိုင်ကြီး ရှိပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ဒီကျောက်စာချပ်ဟာ ခရစ်တော်မပေါ်မီက အေဒီ ၇၂၉ အထိ
ရခိုင်သမိုင်းကြောင်းတွေကို ဖော်ထုတ်ရေးသားထားတယ်လို့ ဆိုပါတယ်။

သူ့ဘေးမှာ ခရုသင်းပုံနဲ့ ဓမ္မစကြာအ၀ိုင်းပါ ကျောက်ချပ်တစ်ခုလည်း ရှိပါတယ်။

ဒီကျောက်စာတိုင်နဲ့ ကျောက်ချပ်တွေကို အေဒီ ၁၅၃၅ ခုမှာ မင်းဗာဘုရင်က ဝေသာလီမြို့ဟောင်းမှ
ပြောင်းရွှေ့ပြီး စိုက်ထူထားတာလို့လေ့လာခဲ့ရပါတယ်။

ထုက္ကန်သိမ်ကို တက်တော့ နေစောင်းနေပါပြီ။ ပုထိုးတော်ကြီးထဲ တပတ်ပတ်ပြီး ပြန်ထွက်လာချိန်မှာ
ပုထိုးတော်ကြီး အပြင်ဘက်ရင်ပြင်မှာ ဆည်းဆာကြည့်သူတွေလည်း ပြည့်နှက်နေပါတယ်။

တဖြည်းဖြည်းနိမ့်ဆင်း မာန်လျော့လာသော နေအလင်းရောင်အောက်မှာ မြောက်ဦးပုံရိပ်ဟာ
အမှောင်ဘက်ကို ရွေ့လာနေပါတယ်။

မီးခိုးရင့်ရောင် သဲကျောက်ပုထိုးတော်များက ဆည်းဆာမှာ အနက်ရောင်ကောက်ကြောင်းတွေအဖြစ်
ရောင်ပြန်ဟပ်လာပါတယ်။

ဘုရားဖူးသူတွေ တဖွဲဖွဲကျဲပါးသွားချိန်မှာ ဆိပ်ငြိမ်ပြီးကျန်ရစ်ခဲ့တဲ့ မြောက်ဦးစေတီပုထိုးများက
သူတို့နှစ်ပေါင်းများစွာ အသားကျခဲ့သော တွေ့ဆုံကြုံကွဲ သဘောတရားတွေကို
နှလုံးသွင်းနေသလိုပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။